ချင်းတွင်းမြစ်ကြောင်း အထက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေလို့ သရောင်းဂိတ်က ရေယာဥ်အားလုံး ပိတ်ထား

ဇန်နဝါရီ ၊ ၂၈ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာဆိပ်ကမ်းကနေ ဟုမ္မလင်း ၊ ခန္တီးပြေးဆွဲနေတဲ့ ရေယာဥ်အားလုံးကို ဖောင်းပြင်မြို့နယ် ၊ သရောင်းကျေးရွာဂိတ်ကနေ ပြေးဆွဲခွင့် ပိတ်ထားတယ်လို့ ကုန်စည်ပို့ဆောင်ရေး ရေယာဥ်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” မုံရွာ – ဟုမ္မလင်း – ခန္တီး လိုင်းပြေးဆွဲနေတဲ့ ရေယာဥ်တွေကို သရောင်းကျေးရွာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ပိတ်ထားတာဖြစ်တယ် ၊ အဲ့ဒီလို ပိတ်တာ ဒီကနေ့နဲ့ဆိုရင် သုံးရက်ရှိပြီ ၊ ဘာကြောင့် ပိတ်တာလည်းဆိုတော့ ဟုမ္နလင်းဘက်မှာ တိုက်ပွဲတွေဖြစ်နေလို့ ပိတ်တာလို့ သိရတယ် ၊ အရင်ကလည်း အဲ့ဒီလို ပိတ်ဖူးတာတွေရှိတယ် ” လို့ ကုန်စည်ပို့ဆောင်ရေး ရေယာဥ်လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ရေယာဥ်လုပ်ငန်းရှင်တယောက်က ” ရေယာဥ်လုပ်ငန်းဆိုတာ ၊ ရေကြောင်းဥပဒေအရ သတ်မှတ်လိုက်နာရတယ် ၊ ပြည်တွင်းရေကြောင်းမှာ ပြေးဆွဲနေတဲ့ ရေယာဥ်ပြေးဆွဲပုံ အမျိုးအစားကတော့ မြစ်ကို ဟိုဘက် ဒီဘက် ကန့်လန့် ဖြတ်ကူးပြေးဆွဲတယ်ဆိုရင် ၊ ကူတို့လိုင်းဖြစ်တယ် ၊ နောက်ပြီး မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း မြစ်ကြောင်းကို အလျားလိုက် တနေ့တာ ပြေးဆွဲရတဲ့ ခရီးကို လိုင်းတိုလို့ခေါ်တယ် ၊ ဒါ့အပြင် ၂၄ နာရီထက်ကျော်လွန်ပြီး ပြေးဆွဲရတဲ့ ခရီးကို လိုင်းရှည်လို့ ယေဘုယျ သတ်မှတ်ထားတယ် ၊ ချင်းတွင်းမြစ်ကြောင်းမှာ အခုပိတ်ထားတဲ့ ရေယာဥ်တွေဟာ လိုင်းရှည် အမျိုးအစား ရေယာဥ်တွေဖြစ်တယ် ၊ ရွှေပြည်အေးဘက်မှာ တိုက်ပွဲတွေ အစမသတ်နိုင်တာကြောင့် ဖောင်းပြင်နယ် သရောင်းဂိတ်ကနေ ပိတ်တာ ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် မန္တလေး ၊ မုံရွာကနေ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီးဘက်ကို ရေလမ်းကြောင်းပိတ်ထားတာဖြစ်လို့ အဲ့ဒီဘက်ကို ကုန်တင်ကားတွေ အစားထိုးပြေးဆွဲပေးနေတယ်လို့ ကုန်စည်ပို့ဆောင်ရေး ရေယာဥ်ဂိတ်တွေက ပြောပါတယ်။

” ရေကြောင်းနဲ့ ကုန်ပစ္စည်သယ်ယူပို့ဆောင်ရင် ကုန်တပိသာ တန်ဆာခ ၈၀၀ နဲ့ တထောင်ကြားကျသင့်တယ် ၊ ကုန်းလမ်းကနေ သယ်ယူပို့ဆောင်ရင် ကုန်တပိသာ တန်ဆာခ ၁၃၀၀ ကနေ ၁၅၀၀ ဝန်းကျင်ဖြစ်တယ် ၊ ကုန်လမ်းက ရေလမ်းထက် တန်ဆာခ ပိုစျေးကြီးပေးရတယ် ” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

မုံရွာဆိပ်ကမ်းကနေ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး ကိုပြေးဆွဲနေတဲ့ ကုန်တင်အမြန်ရေယာဉ်အသင်း (၁၈)သင်း၊ ရေယာဉ်အစီးရေ (၄၇၀)စီး နဲ့ ခရီးသည်တင်အမြန်ရေယာဉ် အသင်း(၈)သင်း၊ ရေယာဉ်အစီးရေး(၁၂၉)စီးရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ VOM

Related posts

Leave a Comment

VOM News

FREE
VIEW