ရှစ်လေးလုံး လုပ်ခဲ့မိတာ မှားများ မှားသွားပြီလားဆိုပြီး နောင်တမရချင်ဘူးလို့ ဦးကိုကိုကြီး ပြော

ဇန်နဝါရီ ၂၈ – ၂၀၂၄
SN (VOM)

ရှစ်လေးလုံး လုပ်ခဲ့မိတာကို လက်ရှိအချိန်မှာ မှားများမှားသွားပြီလားဆိုပြီး နောင်တမရချင်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောဆိုလိုက်ပါတယ်။

“ဒီနေရာမှာ ကျွန်တော်သံဝေဂရတာ တခုရှိတယ်။ ကျွန်တော်တို့ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာတုန်းက တကယ့် ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားကြီးတွေ အများကြီးနဲ့ လက်ပွန်းတတီးနေခဲ့၊ လေ့လာသင်ယူခွင့် ရခဲ့ပါတယ်။ အခုကာလမှာ နိုင်ငံရေးသမားဆိုတာ မျိုးသုဉ်းတော့မယ့် မျိုးစိတ်တခုလို ဖြစ်နေပါပြီ။ ဒီကာလမှာ အခုလိုမျိုး ဒီနေရာမှာ တက်တက်ကြွကြွ ပါဝင်လာကြတယ်ဆိုတာ အစကောင်းတယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲ့တော့ ၈၈ ၊ ၈၉ မှာ ဘဘနု (တချိန်တုန်းက နိုင်ငံတော်ဝန်ကြီးချုပ် ပုဂ္ဂိုလ်) က ဘာပြောလဲဆိုတော့ ခုထက်ထိ ကျွန်တော့်နားထဲမှာ ပဲ့တင်ထပ်နေတယ်။ ကျွန်တော်တို့ လွတ်လပ်ရေးရအောင် လုပ်ခဲ့မိတာ မှားများမှားသွားပြီလား မသိဘူးဆိုပြီး ဘဘနုကပြောတော့ ဒီစကားက တော်တော်လေးနက်တယ်။ ပြောရရင် လွတ်လပ်ရေးက သူ့လက်မှတ်နဲ့ယူခဲ့တာ နု-အက်တလီ စာချုပ်နဲ့ သူကိုယ်တိုင်လက်မှတ်ထိုးပြီး ယူခဲ့တာ။ လက်မှတ်စထိုးတာတော့ အောင်ဆန်း-အက်တလီပေါ့။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးတော့ တကယ့် လွတ်လပ်ရေးက ဦးနုလက်မှတ်နဲ့ ယူခဲ့တာ။ အဲ့ဒီ့ ပုဂ္ဂိုလ်က လွတ်လပ်ရေးရအောင် လုပ်ခဲ့မိတာ မှားများမှားသွားပြီလား မသိဘူးဆိုတာ ကျွန်တော်တို့အတွက် စဉ်းစားစရာအများကြီး ပေးလိုက်တယ်။ ကိုယ့်လူမျိုးနဲ့ ကိုယ့်အစိုးရနဲ့ဖြစ်ခါမှ နိုင်ငံက လွတ်လပ်ရေးရဲ့အရသာကို မခံစားရဘူး။ တလျှောက်လုံးမှာ စစ်ဘေး၊ စစ်ဒဏ်တွေနဲ့ ဆင်းရဲနွမ်းပါးမှုဒဏ်တွေနဲ့ ဒါတွေကို တောက်လျှောက် ခံခဲ့ရတဲ့အခါကျတော့ ပြောရရင်တော့ သူများကို ရမယ်ရှာတာထက်စာရင် ကိုယ်ညံ့လို့ဆိုတာကို ကိုယ့်ကိုယ်ကိုယ် အချင်းချင်းကြားထဲမှာ သုံးသပ်ဖို့ကောင်းနေပြီ။ အဲ့တော့ ၃၇ နှစ် ကြာတဲ့အခါကျတော့ ကျွန်တော်တို့က အဲ့ဒီ့အရွယ်ကိုရောက်လာပြီ။ တို့ ရှစ်လေးလုံး လုပ်ခဲ့မိတာ မှားများမှားသွားပြီလား မသိဘူးလို့တော့ နောင်တမရချင်ဘူး။ ကျွန်တော်တို့ ရှစ်လေးလုံး လုပ်ခဲ့မိတာ နိုင်ငံကို ပြုပြင်ပြောင်းလဲဖို့ လုပ်ခဲ့တာ။ ဖျက်ဖို့လုပ်ခဲ့တာ မဟုတ်ဘူး။ အပျက်အစီးလည်းမခံနိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီကာလမှာ၊ နိုင်ငံတော် အဖက်ဖက်က ယိုယွင်းနေတဲ့အချိန်မှာ ကျွန်တော်တို့က နိုင်ငံတော်ကို ပြန်ပြီစုစည်းဖို့အတွက် တာဝန်ရှိတယ်လို့ ယုံကြည်တယ်” လို့ ဇန်နဝါရီ ၂၈ရက် က ရန်ကုန်မြို့၊ ပုစွန်တောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း၊ မဟာဗန္ဓုလအိမ်ရာမှာ ပြုလုပ်တဲ့ ပါတီဗဟိုဌာနချုပ် ရုံးခန်းဖွင့်လှစ်ပွဲ အခမ်းအနားမှာ ဦးကိုကိုကြီး ပြောပါတယ်။

သူ့အနေနဲ့ နိုင်ငံကို ဖျက်နေတာမဟုတ်ဘဲ ပြုပြင်ပြောင်းလဲချင်တာသာ ဖြစ်တယ်လို့လည်း ဦးကိုကိုကြီးက ဆိုပါတယ်။ နိုင်ငံတနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ သီးခြား အမှတ်သယုဂ်ကို မထိန်းသိမ်းနိုင်ဘဲနဲ့ အဓွန့်မရှည်နိုင်သလို ရပ်တည်လို့လည်း မရနိုင်ဘူးလို့ သူက ပြောပါတယ်။

အဲ့ဒီ့တော့ စိန်ခေါ်မှုတွေ အမျိုးမျိုးကြားထဲမှာ နိုင်ငံတကာ အတွေးအခေါ် အယူအဆတွေဟာလည်း တံခါးဖွင့်တာနဲ့အတူ ဝင်ရောက်လာပြီး ကိုယ့်ရဲ့ အမျိုးသားအမှတ်သယုဂ်တွေကိုပါ ထိခိုက်ဖျက်စီးခံနေရတဲ့အချိန်မျိုးမှာ လက်ရှိဖြစ်စဉ်တွေကို ပြန်ပြီး လေးလေးနက်နက် သုံးသပ်ဖို့လည်း လိုအပ်လာပြီဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အမျိုးသား အမှတ်သယုဂ်တွေကို ဘာတွေကို ထိန်းသိမ်းပြီးတော့ ပြင်ပကဝင်လာတဲ့ ကောင်းတာတွေကို ဘာတွေကိုရွေးချယ်ပြီးတော့ လက်ခံမလဲ၊ အဲ့ဒါဟာ နိုင်ငံအပြောင်းအလဲမှာ အင်မတန်အရေးကြီးတယ်။ ဒါကြောင့်မို့လို့ ဘဘနု ညည်းတွားခဲ့သလိုမျိုး ကျွန်တော်တို့ မညည်းတွားချင်ဘူး။ ကျွန်တော်တို့ ရအောင် ရုန်းမယ်၊ နိုင်ငံတော်ကို ဆက်ပြီးတော့ ရအောင် တည်ဆောက်မယ်၊ စုစည်းမယ်” လို့ သူက ပြောပါတယ်။

ပြည်သူ့ပါတီဟာ နစကအစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်မှာ နိုင်ငံတစ်ဝန်း စည်းရုံးမယ့်ပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင် ပြန်လည် လျှောက်ထားခဲ့တဲ့ ပါတီတခု ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့ပါတီဟာ လွှတ်တော်အမတ်ဟောင်း ဦးစိန်ဝင်း ဦးဆောင်တဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUDP) နဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက ပူးပေါင်းထားပြီး ပြည်ထောင်စုအဆင့် ပါတီအနေနဲ့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW