ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂-၂၀၂၄
မျိုးဆက်(VOM)
အီရတ်နဲ့ ဆီးရီးယားရှိ အီရန်ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်ဖို့ အစီအစဉ်တွေကို အမေရိကန်က အတည်ပြုလိုက်ပြီလို့ စီဘီအက်စ်သတင်းဌာနက တာဝန်ရှိသူတွေကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။
တိုက်ခိုက်မှုတွေကို ရက်အတန်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ဘယ်အချိန်မှာ စတင်တိုက်ခိုက်မလဲဆိုတာကတော့ ရာသီဥတုအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အမေရိကန်အနေနဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်မယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ကြိမ်ဖန်များစွာ ကတိပြုထားပေမယ့် အီရန်နဲ့ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲ သို့မဟုတ် ဒေသတွင်းတင်းမာမှုတွေ တိုးမြင့်လာဖို့ လုပ်ဆောင်နေတာမဟုတ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
ဆီးရီးယားနယ်စပ်အနီး ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခုကို မောင်းသူမဲ့လေယာဉ်နဲ့ မကြာသေးမီက တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက် သေဆုံးခဲ့ပြီးနောက် အီရန်ပစ်မှတ်တွေကို ဆက်လက် တိုက်ခိုက်ဖို့ အမေရိကန်က စီစဉ်နေတာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုအတွက် အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွတွေလက်ချက်လို့ အမေရိကန်က ပြောဆိုထားပါတယ်။ အီရတ်ရှိ အစ္စလာမ္မစ်ခုခံရေးအဖွဲ့မှာ အီရန်က လက်နက်၊ ရန်ပုံငွေနဲ့ သင်တန်းပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်နေပါတယ်။
Ref:BBC
Photo:Getty Images