ပြည်သူ့စစ်မှုထမ်းဥပဒေ ပတ်သက်လို့ လူထုကြား ဝေဖန်မှုတွေ မြင့်တက်

 

ဖေဖော်ဝါရီ ၁၁ – ၂၀၂၄

SN (VOM)

နစက က အတည်ပြု အသက်သွင်းလိုက်တဲ့ အသက် ၁၈ ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ လူထုကြား ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ပြည်သူ့စစ်မှုထမ်းကို စတင်ကျင့်သုံးတော့မယ်လို့ နစက က မနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာလိုက်တာ ဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပတ်သက်လို့ လူထုကြား ဝေဖန်မှုတွေ မြင့်တက်

လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်နေ့မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၇/၂၀၁၀ နဲ့ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ အခု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်ပြီး အာဏာတည်စေရမှာဖြစ်ကြောင်း ဥပဒေ ပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ သတ်မှတ်လိုက်တယ်လို့ နစက က အမိန့်ကြေညာစာအမှတ် ၂၇/၂၀၂၄ နဲ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီ့ ဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်မပြည့်ခင်အထိ သတ်မှတ်ထားကာ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေအသက် ၂၇ နှစ်အထိ သတ်မှတ်ထားပါတယ်။

အတတ်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ကျွမ်းကျင်သူတွေ ဖြစ်မယ်ဆိုရင် အမျိုးသားကို အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ သတ်မှတ်ထားပြီး အမျိုးသမီးကိုတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ သတ်မှတ်ထားပါတယ်။

စစ်တပ်မှာ နှစ်နှစ်အထိ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး နစက က စစ်မှုလက်မှု ပညာသည်တွေအဖြစ် ဆင့်ခေါ်ခံရသူတွေ ဆိုရင်တော့ သုံးနှစ်အထိ စစ်မှုထမ်းရမယ်လို့သတ်မှတ်ထားသလို နိုင်ငံတော်အရေးပေါ် အခြေအနေဖြစ်ရင်တော့ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

“တခြားနိုင်ငံက လာကျူးကျော်လို့ ဆိုရင်တော့ စာနဲ့ ဆင့်ခေါ်စရာတောင် မလိုပါဘူး။ ကိုယ့်တိုင်းပြည်အတွက်ပဲ ကိုယ့်အသိစိတ်နဲ့ကို ဝင်ကြမှာ။ အခုကတော့ အလဟဿအကျိုးမရှိဘူးလို့ မြင်တယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်က အသက် ၂၅ နှစ် ဝန်းကျင်အရွယ် ပြည်သူတယောက်က ပြောပါတယ်။

နစက ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လက်ရှိနိုင်ငံရဲ့ အခြေအနေအရ ပြည်သူအားလုံးပါတဲ့ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေ ကျင့်သုံးဖို့ လိုအပ်လာတာကြောင့် ဆောင်ရွက်ရတာလို့ မနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြောဆိုထားပါတယ်။

“သားသမီးရှိတဲ့ မိဘတိုင်းရဲ့ ရင်ထဲ ဘယ်လိုခံစားရမလဲ။ တဖက်မှာလည်း ကုန်ဈေးနှုန်း၊ စားဝတ်နေရေး အဆိုးတကာ့အဆိုးဆုံး ဖြစ်နေတဲ့အချိန်၊ အားလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ ရေနစ်ရာ ဝါးကူထိုးလိုက်သလိုပဲ။ ကိုယ့်သားသမီးကို ဘယ်ထည့်ရက်မလဲ၊ ဒီလိုအချိန်မျိုးကြီးမှာ။ မိဘတိုင်း စိတ်ဆင်းရဲရတဲ့ ဥပဒေကြီးပါ။ တိုင်းတပါးက ကျူးကျော်လာတယ်ဆိုရင်တော့ ကျွန်တော့်သားတင်မက ကျွန်တော်ပါ စစ်ထဲဝင်မှာ။ ခေါ်ခေါ် မခေါ်ခေါ် အသက်ကြီးကြီး၊ မကြီးကြီး ရတဲ့ တထောင့်တနေရာက ပါဝင်ပစ်မှာ။ ဒါပေမယ့် လက်ရှိ တိုင်းပြည် အခြေအနေကတော့ ဒါကို ဘယ်လိုမှ လက်မခံနိုင်ပါဘူး” လို့ ဒေါပုံမြို့နယ်က အသက် ၅၀ ကျော်အရွယ် ပြည်သူတယောက်က ပြောပါတယ်။

နစက ကတော့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ပြည်နယ်နဲ့တိုင်း၊ ခရိုင်နဲ့ မြို့နယ်အဆင့်အထိ ဖွဲ့စည်းပြီး အဲ့ဒီ့အဖွဲ့ကနေ စစ်မှုထမ်းဖို့ ဆင့်ခေါ်မှာဖြစ်တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေ၊ ပညာသင်ကြားနေသူတွေ၊ အသက်ကြီးတဲ့မိဘတွေကို ပြုစုစောင့်ရှောက်နေရသူတွေ၊ မူးယစ်ဆေးဝါးဖြတ်၊ ဆေးကုနေရသူတွေနဲ့ ထောင်ကျနေသူတွေကတော့ တာဝန်ထမ်းဆောင်ဖို့ ယာယီရွှေ့ဆိုင်းနိုင်တယ်လို့ ဆိုပါတယ်။

သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့ကနေကင်းလွတ်ခွင့်ပြုသူတွေကတော့ တာဝန်ထမ်းဆောင်စရာမလိုဘူးလို့ ဖော်ပြထားပါတယ်။

“ နိုင်ငံရေးက ငါနဲ့မဆိုင်ဘူး၊ ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုတဲ့သူတွေလည်း ဘယ်သူမှ‌ ရှောင်လွှဲလို့ မရလောက်တော့ဘူးပေါ့။ သူတို့ သတ်မှတ်ချက်နဲ့ ကိုက်ညီတယ်ဆို အကုန်ပါတာပဲ။ ဒီဥပဒေကို လက်ခံလားဆိုတာကတော့ မေးနေစရာတောင် မလိုဘူး။ ဘယ်လိုမှ မဖြစ်နိုင်တာပဲ” လို့ ဒဂုံဆိပ်ကမ်းမြို့နယ်က ပြည်သူတယောက်က ပြောပါတယ်။

ဒီ ဥပဒေကြောင့် ပြည်သူတွေကြားမှာ စိုးရိမ်စရာဖြစ်လာပြီး စစ်မှုထမ်းရမယ့်အရေးကို ရှောင်ဖို့ ငွေကြေးတတ်နိုင်သူတွေက လာဘ်ပေးတာတွေ ရှိလာနိုင်ပေမယ့် ငွေကြေး မပြည့်စုံသူတွေအတွက်ကတော့ အခက်အခဲ ဖြစ်လာနိုင်တယ်လို့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသားလာကြပါတယ်။

ဒါနဲ့ ပတ်သက်လို့ စစ်မှုထမ်း ဟောင်းတယောက်က “ဒါနဲ့ပတ်သက်ပြီး လုပ်စားခွင်ကြီးတခု ပေါ်လာမှာစိုးတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ကျွန်တော့်နာမည်တော့ မထည့်နဲ့ဆိုပြီး ပိုက်ဆံပေး လာဘ်ထိုးတာမျိုးတွေ ရှိလာနိုင်တယ်။ ဒီဥပဒေနဲ့ ပတ်သက်လို့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ သူတွေကိုတောင်မှ လုံလောက်တဲ့ ပံ့ပိုးမှုတွေ မပေးနိုင်ဘဲနဲ့ နောက်လူတွေအတွက် ဘယ်လိုအစီအမံတွေရှိနိုင်မလဲ။ အဲ့ဒါလေးတွေ တရားဝင်ချပြဖို့လိုတယ်။ ဒီ ထုတ်ပြန်ချက်က အဆိုးဘက်လည်း သွားနိုင်သလို အကောင်းဘက်လည်း သွားနိုင်တယ်။ ဒီဥပဒေက ပြည်ပကျူးကျော်ရန်ကို ကာကွယ်ဖို့ဆိုရင်တော့ လုပ်သင့်တယ်။ အခုတော့ ပြည်တွင်းမှာ ကိုယ့်အချင်းချင်း ပြန်တိုက်ရမယ်ဆိုတော့ ဒီအပေါ်မှာ ဝေဖန်မှုတွေတော့ ရှိနေတယ်။ ဘာဖြစ်လာနိုင်သလဲဆို နိုင်ငံခြားသွားမယ့်သူတွေ၊ ပြည်ပ အလုပ်ထွက်လုပ်မယ့်သူတွေ ပေါလာနိုင်တယ်။ အဲ့တော့ စံနမူနာပြုတဲ့အနေနဲ့ လက်ရှိ အာဏာရှိနေတဲ့သူတွေရဲ့ သားသမီးတွေ ဝင်ပြလိုက်ရင်တော့ နောက်ကလူတွေလည်း လိုက်လာနိုင်တယ်” လို့ ပြောပါတယ်။

စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆိုနေမယ်ဆိုရင် ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်သွားမယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

ဒီ စစ်မှုမထမ်းမ‌နေရ ဥပဒေနဲ့ပတ်သက်လို့ ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ‌ဒေါက်တာအေးမောင်က “နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်း၊ နောက် ပထဝီနိုင်ငံရေးအားဖြင့်လည်း အရင်ကနဲ့မတူတဲ့ မြန်မာနိုင်ငံရဲ့ အရေးပါအရာရောက်မှုက ဖြစ်ပေါ်လာနေတဲ့အခါကျတော့ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ စစ်မှုမထမ်းမနေရ ဥပဒေကတော့ ပြဌာန်းထားတာက နိုင်ငံတခုအတွက် လိုအပ်ချက်လို့ မြင်ပါတယ်။ တခြားနိုင်ငံကြီးတွေ စင်္ကာပူတို့၊ တောင်ကိုရီးယားတို့၊ အမေရိကားတို့တောင်မှ ဒါ ပြဌာန်းထားတာပဲလေ။ ဒါက ပထဝီနိုင်ငံရေး အရေးပါမှုအရ ကိုယ့်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့အတွက် လူငယ်လူရွယ်တွေကို ကာလအလျောက် စစ်မှုထမ်းစေတယ်ဆိုတာ လိုအပ်ချက်ဖြစ်ပါတယ်။ နိုင်ငံရေးအကြပ်အတည်း၊ စစ်ရေးအကြပ်အတည်း ကာလမှာ ပြဌာန်းတယ်ဆိုတော့ လိုအပ်ချက်အရ မှန်တယ်လို့ပြောလို့ရမှာပေါ့။ အားနည်းချက်က စစ်မှုမထမ်းမနေရဥပဒေမှာ ပြဌာန်းထားတာက သတ်မှတ်ချက်တွေကြောင့် အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။ ဥပမာ စစ်မှုမထမ်းလိုတဲ့ အင်အားစုတခုကတော့ဖြင့် အကြောင်းကြောင်းကြောင့် ပြည်ပကို စွန့်ခွာတာမျိုး၊ အမျိုးသမီးတွေအတွက် အိမ်ထောင်သည်တွေ ဖြစ်သွားနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်။ သာသနာ့ဘောင်ဝင်တာမျိုးတွေအထိပေါ့။ နောက် တဖက်အင်အားစုတွေထဲကို ရောက်သွားတာမျိုးတွေလည်း ဖြစ်နိုင်တယ်။ ဒါ့ကြောင့် စစ်ထဲဝင်ရင် အသက်စွန့်ရမယ်ဆိုတာကနေ နိုင်ငံတော်ကာကွယ်ရေးအတွက် မွန်မြတ်တဲ့လုပ်ငန်း ဖြစ်တယ်ဆိုတာကို အသွင်ပြောင်းပေးရမှာပေါ့။ စစ်မှုထမ်းတိုင်း အသက်မသေဘူးဆိုတာ သက်သေပြဖို့ လိုအပ်လာတာပေါ့။ ဒါ့အပြင် ပြည်တွင်းစစ် ပဋိပက္ခကို ရပ်စဲအောင် လုပ်နိုင်ဖို့လည်း လိုအပ်တယ်” လို့ ပြောပါတယ်။

ဒီဥပဒေဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က ပြဌာန်းခဲ့တာဖြစ်ပြီး စစ်ကောင်စီက ၂၀၂၄ ခုနစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်ကျင့်သုံးဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ့ဥပဒေရဲ့ ပြည်သူ့စစ်မှုထမ်းတို့ရဲ့ ခံစားခွင့်တွေထဲမှာ အလုပ်ရှင်တွေရဲ့ အခန်းကဏ္ဍကတော့ ပြည်သူ့စစ်မှုထမ်းကာလ ပြီးဆုံးတဲ့ အလုပ်သမား တဦးကို မူလ ထမ်းဆောင်ခဲ့တဲ့ အလုပ်အကိုင် ဒါမှမဟုတ် အလားတူ အလုပ်အကိုင်မှာ သတ်မှတ်ထားတဲ့အတိုင်း အလုပ်ရှင်က ခန့်ထားရမယ်လို့ ပုဒ်မ ၁၈ (ခ) မှာ ပြဌာန်းထားပါတယ်။

ပုဒ်မ ၂၃ (စ) မှာတော့ ပြည်သူ့စစ်မှုထမ်းရန် ကာလ ပြီးဆုံးသော မိမိတို့ရဲ့ အလုပ်သမားကို ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ခ) အရ အလုပ်ခန့်ထားရန် ပျက်ကွက်ခြင်းကို ဖောက်ဖျက်ရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပါရှိသလို အလုပ်သမားဥပဒေတွေနဲ့ ဆက်စပ်ပြီး ၂၀၁၆ ခုနှစ်၊ အခကြေးငွေပေးချေရေးဥပဒေ၊ ပုဒ်မ (၃) (ဂ) မှာ အလုပ်သမား တစ်ဦးဦးက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရတဲ့အခါ အဲ့ဒီ့အလုပ်သမားကို အထူးခွင့်အဖြစ် သတ်မှတ်ပြီး ရက်ပေါင်း (၆၀) အတွက် အခကြေးငွေ ထုတ်ပေးရမယ်လို့ ပြဌာန်းထားတာကို လေ့လာတွေ့ရှိရပါတယ်။

အခကြေးငွေ ပေးချေရေးဥပဒေမှာ ပြစ်မှုနဲ့ ပြစ်ဒဏ်များ ကဏ္ဍမှာ မည်သူမဆို ပုဒ်မ ၂၃ ပါတားမြစ်ချက်တရပ်ရပ်ကို ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် အဲ့ဒီ့လူကို အနည်းဆုံး ကျပ်တသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

“တိုင်းပြည်မှာ စစ်သားက တအားနည်းသွားပြီ။ အခုကတော့ ပြည်သူ့စစ်နဲ့ပဲ အင်အားယူရမယ်ထင်ပါတယ်။ စစ်မှုမထမ်းမနေရ ဥပဒေကတော့ နိုင်ငံ တော်တော်များများမှာ ရှိတာပဲလေ။ ကိုရီးယားတို့၊ တရုတ်တို့၊ ဘင်္ဂလားဒေ့ရှ်တို့၊ အမေရိကန်တို့မှာလည်း ရှိတာပဲ။ ဒီဥပဒေပေါ်လာတာကတော့ တိုင်းပြည်အတွက် တခုတော့ ကောင်းသလို တခုကတော့ အချိန်အားဖြင့်တော့ ပေးရတာပေါ့နော်။ အဲ့ဒီ့အချိန်အတွင်းမှာ ဘာဖြစ်မလဲဆိုတာကတော့ ပြောလို့မရဘူးပေါ့။ ကောင်းကျိုးကတော့ တိုင်းပြည်တည်ဆောက်ရေးအတွက် ပါရမယ်ဆိုတော့ ဒီအတွက်ကတော့ မျိုးချစ်စိတ်ဓာတ်အတွက် ပေါက်ဖွားသင်ကြားပေးရာ နေရာတနေရာတော့ ဖြစ်လာမယ်ထင်တယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က ပြောပါတယ်။

နစက ဘက်ကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ စပ်လျဉ်းပြီး လိုအပ်တဲ့နည်းဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနမှ ဆက်လက်ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW