ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ၁၀ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မယ်

 

ဆိုးလ်၊ ဖေဖော်ဝါရီ-၂၈-၂၀၂၄

မျိုးဆက်(VOM)

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်တပ်တို့ဟာ နှစ်နိုင်ငံ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လာမယ့် မတ်လ ၄ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။

Freedom Shield လို့အမည်ပေးထားတဲ့ အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ်မှာ အရေးပေါ်အခြေအနေတွေကို အသွင်တူလေ့ကျင့်တာတွေပါဝင်ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေအပေါ် ကာကွယ်ရေးအားကောင်းစေဖို့ ရည်ရွယ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မတ်လ ၄ ရက်ကနေ ၁၄ ရက်ထိ ၁၀ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး ကြည်း၊ ရေ၊ လေ စစ်ရေးလေ့ကျင့်မှု ၄၈ ခုပါဝင်တယ်လို့ ဆိုပါတယ်။

စစ်ရေးလေ့ကျင့်မှုကြောင့် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောဆိုထားပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလိုစစ်ရေးလေ့ကျင့်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ မြောက်ကိုရီးယားအတွက် အဓိက ရန်သူလို့ ကင်ဂျုံအန်က မကြာသေးမီက ထုတ်ဖော်ပြောဆိုထားပြီး စစ်ဖြစ်ခဲ့မယ်ဆိုရင် တောင်ကိုရီးယားကို သိမ်းပိုက်မယ်လို့ ဆိုထားပါတယ်။

ယမန်နှစ်က အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုတော့ မြောက်ကိုရီးယားဟာ ဟွာဆောင်-၁၇ တိုက်ချင်းပစ်ဒုံးကျည်နဲ့ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေ ပစ်ခတ်ပြီး သတိပေးတုံ့ပြန်ခဲ့ပါတယ်။

Ref:NHK

Photo:NHK

 

Related posts

Leave a Comment

VOM News

FREE
VIEW