ထားဝယ် နည်းပညာတက္ကသိုလ်က ပညာရေး ဝန်ထမ်းတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF တွေ ဖမ်းဆီး စစ်ဆေးနေ

 

ဖေဖော်ဝါရီ ၊ ၂၈ ၊ ၂၀၂၄

SP (VOM)

တနင်္သါရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ထားဝယ်မြို့မှာရှိတဲ့ ထားဝယ် နည်းပညာတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတချို့ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထားဝယ် ပညာရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံတယောက်က ” ထားဝယ် နည်းပညာတက္ကသိုလ်ဆိုတာ မြို့နဲ့ ၇ မိုင်လောက်ဝေးတယ် ၊ ဒီမနက်ပိုင်းက အဲ့ဒီ နည်းပညာတက္ကသိုလ်ထဲကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေဝင်ရောက်လာပြီး ပါမောက္ခချုပ် အပါအဝင် ဆရာ ဆရာမ သုံးယောက်ထက်မနည်းကို ဖမ်းဆီးစစ်ဆေးနေတယ်” လို့ ပြောပါတယ်။

ထားဝယ်ခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ထားဝယ် နည်းပညာ တက္ကသိုလ်မှာ ထိတွေ့မှုရှိတယ်လို့ ကနဦးသိရတယ် ၊ အကြောင်းစုံတော့ မသိရသေးဘူး ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ် အစပ်မှာရှိနေတဲ့ ကလေးမြို့ ၊ ကလေးတက္ကသိုလ်ကျောင်းကို အဲ့ဒီနားမှာရှိနေတဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝင်ရောက်ပြီး တက္ကသိုလ် ဆရာ ဆရာမ ၊ ကျောင်းသား ကျောင်းသူနဲ့ ပညာရေးဝန်ထမ်း သုံးရာကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် အဲ့ဒီထဲက လူ ၂၈၅ ယောက်ကို နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၈ ရက်က ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့မှာရှိတဲ့ နည်းပညာ တက္ကသိုလ်ကျောင်းဟာ စစ်ရေးအရ စိုးရိမ်ရတဲ့အတွက် ကျောင်းသုံး ပစ္စည်းတွေနဲ့ ပညာရေးဝန်ထမ်းတွေကို လားရှိုးမြို့ပေါ်မှာ ပြောင်းရွှေ့ထားပြီး ကျောင်းကိုတော့ ယာယီပိတ်ထားလိုက်တယ်လို့ သိရပါတယ်။

၂၀၂၃ နိုဝင်ဘာ ၁၆ ရက်ကလည်း တက္ကသိုလ်မှာ တက်ရောက် ဖြေဆိုနေတဲ့ အဝေးသင် စာမေးပွဲကို တိုက်ပွဲအခြေအနေတွေအရ ရက် အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း ပါမောက္ခချုပ် ဒေါက်တာ ဌေးအောင်က အမိန့်ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကာလက ကယားပြည်နယ် ၊ လွိုင်ကော်မြို့မှာရှိတဲ့ လွိုင်ကော် တက္ကသိုလ်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး ၊ ဆရာ ၊ ဆရာမ ၁၃၄ ဦးနဲ့ ၊ အဲ့ဒီ မိသားစုဝင် ၆၄ ယောက်ကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ် ၊ အဲ့ဒီထဲက ဝန်ထမ်း မိသားစုတွေနဲ့ ဝန်ထမ်းတချို့ ပြန်လွတ်လာတယ်လို့သိရပြီး တချို့လည်း ဒီကနေ့အထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့လည်း သိရပါတယ်။

ထားဝယ်မြို့နယ်မှာ တက္ကသိုလ်ကျောင်း နှစ်ခု ၊ ကောလိပ်ကျောင်း တခု ၊ သင်တန်းကျောင်း တခု ၊ အခြေခံပညာအထက်တန်းကျောင်း တခု နဲ့ အ​ခြေခံပညာကျောင်း ၁၆၆ ကျောင်း ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်းရှိတယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW