ဝိုင်းမော်မြို့မရဲစခန်းက အချုပ်ကား မိုင်းခွဲတိုက်ခိုက်ခံရပြီး ၊ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၉ ၊ ၂၀၂၄
SP(VOM)
ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်အကြား နောင်တာလောကျေးရွာ နားမှာ မနေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်း ၃ နာရီဝန်းကျင်က ဝိုင်းမော်မြို့မရဲစခန်းက အချုပ်ကား တစီး မိုင်းခွဲတိုက်ခိုက်ခံရပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က
” အဲ့ဒီ ရဲအချုပ်ကားက ဝိုင်းမော်မြို့ရဲစခန်းက အချုပ်သားတချို့ကို မြစ်ကြီးနားမြို့ကို ပို့ဆောင်ပေးခဲ့ပြီး ဝိုင်းမော်မြို့ဘက်ကို ပြန်အလာ ၊ နောင်တာလောကျေးရွာနားမှာ မိုင်းခွဲတိုက်ခိုက်ခံရတာ ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် အချုပ်ကား ထိခိုက်ပျက်စီးပြီး ရဲတပ်ကြပ်တယောက် ပြင်းထန်ဒဏ်ရာရသွားတယ် ၊ အခု အဲ့ဒီ ဒဏ်ရာရ တပ်ဖွဲ့ဝင်က မြစ်ကြီးနား စစ်ဆေးရုံမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ် ” လို့ ပြောပါတယ်။
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ကချင်ပြည်နယ် လုံခြုံရေးအဖွဲ့က အချုပ်ကား မိုင်းခွဲတိုက်ခိုက်သူတွေ ထွက်ပြေးရာဘက်ကို စစ်ကြောင်းထိုး နယ်မြေရှင်းလင်းနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ စက်တင်ဘာ ၂၉ ရက် မနက်ပိုင်းက မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ၊ မြစ်ငယ်တံတားနားမှာ အိုးဘိုအကျဥ်းထောင်ကနေ ကျောက်ဆည်ခရိုင်တရားရုံးကို ရုံးထုတ်လာတဲ့ ကျောက်ဆည်မြို့မရဲစခန်းက အချုပ်ကား တစီး တိုက်ခိုက်ခံရပြီး အဲ့ဒီ အချုပ်ကားပေါ်မှာ ပါလာတဲ့ နိုင် / ကျဥ်း အချုပ်သား ရှစ်ဦးအနက် နှစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားပြီး ၊ ကျန် ခြောက်က ပစ်ခတ်ဖမ်းဆီးခံရကာ ၊ ရဲတပ်ဖွဲ့ဝင်နှစ်ယောက်လည်း သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ မှာ နေပြည်တော် ကောင်စီနယ်မြေ ၊ ဥတ္တရသီရိခရိုင် ၊ တပ်ကုန်းမြို့နယ် ၊ မန္တလေး ရန်ကုန် ကားလမ်းဟောင်းပေါ်မှာ နေပြည်တော်ကနေ တရားရုံးထုတ်ပြီး ရမည်းသင်းအကျဥ်းထောင်ကို ပြန်လာတဲ့ အချုပ်ကား တစီး တိုက်ခိုက်ခံရပြီး အဲ့ဒီ အချုပ်ကားပေါ်မှာ လိုက်ပါလာတဲ့ အချုပ်သား လေးယောက် ထွက်ပြေးသွားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ အချုပ်သား သုံးယောက်ကို အသေဖမ်းဆီးမိပြီး ၊ အရှင်တယောက် ပြန်လည်ဖမ်းမိတယ်လို့ သိရပါတယ်။
အလားတူဖြစ်စဥ်တွေ ​မန္တလေးမြို့ပေါ်မှာလည်း ၂၀၂၂ နိုဝင်ဘာ ၁ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့လို့ အိုးဘိုအကျဥ်းထောင်ကနေ ရုံးထုတ်လာတဲ့ အချုပ်ကားဟာ ၇၈ လမ်းနဲ့ ၄၁ လမ်းနေရာမှာ တိုက်ခိုက်ခံရပြီး ဒုရဲအုပ် ရဲမေတယောက်နဲ့ အချုပ်ကား ယာဥ်မောင်းဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တယောက် သေဆုံးတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW