မြင်းခြံနယ်ဘက်မှာ သွားလာနေတဲ့ ကားတွေ ပစ်ခတ်ခံရလို့ ဒီရက်ပိုင်းအတွင်း သေဆုံးသူတွေ များပြားလာ

မတ် ၊ ၁၃ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်း ၊ တောင်ဘက်ခြမ်းမှာရှိတဲ့ မြင်းခြံခရိုင်နဲ့ တံတားဦးခရိုင်ဘက်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား မကြာခဏ ပစ်ခတ်မှုတွေဖြစ်ပွားတာကြောင့် သွားလာနေတဲ့ ကားတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီးရဲတပ်ဖွဲ့ဝင်တချို့နဲ့ အရပ်သားတွေ ထိခိုက်သေဆုံးလာတယ်လို့ ရဲတပ်ဖွဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မန္တလေးတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က
” မြင်းခြံ- မြို့သာလမ်း၊ တူရွင်းဘို့ကျေးရွာနဲ့ သစ်ရုံကျေးရွာ ကြားမှာ တနေ့ မတ် ၁၁ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ဝင် ခြောက်ဦး စီးနင်းလိုက်ပါလာတဲ့ (Kluger) ကလူဂါ အမျိုးအစား ကားကို PDF အဖွဲ့က စောင့်ကြိုတိုက်ခိုက်တယ် ၊ အဲ့ဒီ တိုက်ခိုက်မှုကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင် ခြောက်ယောက်စလုံး ထိခိုက်သေဆုံးတယ် ၊ အဲ့ဒီ အပြင် ရဲတပ်ဖွဲ့ ဝင်တွေ ကိုင်ဆောင်ထားတဲ့ MA 1သေနတ် (၁)လက်၊ MA 2သေနတ် (၁)လက်၊ MA 3 သေနတ် (၁)လက်၊ G3 သေနတ် (၂)လက်၊ Type 81 သေနတ် (၁)လက် ၊ MA 5(ပစ္စတိုသေနတ်) (၁)လက် ၊ ၅.၅၆ မမ ကျည် (၉၆)တောင့် ၊ ၇.၆၂ ကျည် (၂၁၉)တောင့်၊ ကျည် ဘောက် (၁၃)ခု၊ ဖုန်း (၄)လုံး ၊ ပါဝါဘန့်ခ် (၁)လုံး၊ စကားပြောစက် (၁)လုံးနဲ့ ပိုက်ဆံတချို့ ပါသွားတယ်” လို့ ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ ခုနှစ်ဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး သူတို့သိမ်းဆည်းရရှိလာတဲ့ လက်နက်ခဲယမ်းတွေကို ဓာတ်ပုံတကွ ထုတ်ပြန်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်း ၂ နာရီဝန်းကျင်က ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ် ၊ မြင်းခြံ – ရေဝန်း ကားလမ်း ၊ ရွာကြီးကျေးရွာရဲ့ ရွာအဝင် ၊ ရေတွင်းပျက်နေရာ အနီးနေရာမှာ ဘုန်းကြီးကျောင်းကား တစီး ပစ်ခတ်ခံရပြီး အဲ့ဒီကားပေါ်မှာ လိုက်ပါလာတဲ့ ဘုန်းကြီးတပါး နဲ့၊ အမျိုးသမီး နှစ်ယောက် ၊ စုစုပေါင်း လူသုံးယောက် သေဆုံးခဲ့ပါတယ်။

ဇန္နဝါရီ ၂၂ ရက် ၊ညနေပိုင်းကလည်း မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်၊ တောပုကျေးရွာနဲ့ ဆင်းဂွတ်ကျေးရွာကြား၊ မြင်းခြံ-ဆီမီးခုံကားလမ်းမှာ မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဆီမီးခုံ ရဲစခန်းကို ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ အရပ်သား တယောက်ယောက် ၊ လမ်းမှာ ပစ်သတ်ခံရပြီး သူတို့ကိုင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ မြင်းခြံခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်ကလည်း မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ကွမ်းစိုက်ကျေးရွာအုပ်စု၊ မကျီးသမျှားကျေးရွာရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ မြင်းခြံ – မကျီးသမျှား လမ်းမှာ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ငါးလောင်းနဲ့ သစ်ရုံကျေးရွာအနီး၊ မြင်းခြံ – မြို့သာ ကားလမ်း မှာက နောက်တလောင်း တွေ့ရတာဖြစ်ပြီး သေဆုံးသူတွေဟာ အမျိုးသားတွေ ဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းကလည်း မြင်းခြံမြို့နယ် ၊ သက္ကယ်ကျင်းကျေးရွာအဝင် ၊ မြို့သာ – နဘူးအိုင် – မြင်းခြံ ကားလမ်းပေါ်မှာ လေးလောင်းပြိုင်လူသတ်မှုဖြစ်ခဲ့ပါသေးတယ်။ အဲ့ဒီ ဖြစ်စဥ်မှာ သေဆုံးသူတွေကတော့ ငါန်းဇွန်မြို့နယ် ၊ မင်းနေကုန်း ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲသုံးယောက်နဲ့ အရပ်သားတယောက်ဖြစ်ပြီး ၊ သူတို့ဟာ စခန်းအတွက် လက်နက်မဲ့ စျေးဝယ်ထွက်သွားရင်းကနေ ပစ်သတ်ခံရတာလို့ သိရပါတယ်။

အဲ့ဒါကြောင့် ဒီရက်ပိုင်းအတွင်း မြင်းခြံမြို့နယ်ထဲက ဆက်သွယ်ရေးကားလမ်းတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားတာကြောင့် ဘုန်းကြီးတပါး၊အရပ်သားတွေ ၊ ရဲတပ်ဖွဲ့ဝင်တွေ ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ လူ ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW