ရွှေဘို​မြို့နယ်မှာ ကျောင်းထိုင်ဘုန်းကြီးတပါး အသတ်ခံရ

မတ် ၊ ၂၉ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ အုတ်ရှစ်ကန်ကျေးရွာအုပ်စု ၊ မြိုက်ကျေးရွာမှာ မနေ့ မတ် ၂၈ ရက်ည ၈ နာရီဝန်းကျင်က ကျောင်းထိုင် ဆရာတော် ဘုန်ကြီးတပါး အသတ်ရတယ်လို့ ရွှေဘိုမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

ပရဟိတသမားတယောက်က ” ညက မြိုက်ရွာတောင်ကျောင်း ဆရာတော် အသတ်ခံရတယ် ၊ ကျောင်းတိုက်နာမည်က ဒက္ခိဏရာမကျောင်းလို့ ကနဦးသိရတယ် ၊ အခင်းဖြစ်အရပ်ကို သွားရောက်ကူညီပေးဖို့ ဒီမနက်သွားကြတယ် ၊ ဘွဲ့တော် ၊ သက်တော် နဲ့ သိက္ခာတော် တွေရဲ့ အချက်အလက် မသိရသေးဘူး ” လို့ ပြောပါတယ်။

ရွှေဘိုခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” မြိုက်ရွာ တောင်ကျောင်းဆရာတော် ညက အသတ်ခံရတယ်လို့ ကနဦးသိရတယ် ၊ ဖြစ်စဥ် စီစစ်နေဆဲ ဖြစ်တာကြောင့် အသေးစိတ်မသိရသေးဘူး” လို့ ပြောပါတယ်။

မနေ့ မတ် ၂၈ ရက် ၊ နေ့လယ်ပိုင်းက ရွှေဘိုမြို့နယ် ၊ မြင်းချင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင် ဆိုသူနဲ့ သူ့မိန်းမ ဒေါ်ပေါက်တို့စီးနင်းလိုက်ပါလာတဲ့ကားကို ရွှေဘို – ရေဦးကားလမ်းမှာ PDF အဖွဲ့တွေက ပစ်ခတ်တာကြောင့် ကားပေါ်ပါလူသုံးယောက်သေဆုံးခဲ့ပြီး AK သေနတ်တလက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ PDF တွေက လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ပါတယ်။

ရွှေဘိုနယ်မှာ ဒီရက်ပိုင်း အတွင်း
လူသတ်မှုတွေ အဖြစ်များလာတယ်လို့ သိရပြီး ၊ ပြီးခဲ့တဲ့ မတ် ၂၄ ရက် မနက်စောပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ တိုင်းရင်းဆေးရုံနားမှာနေထိုင်တဲ့ မြို့နယ်ထွေအုပ် စာရေးဝန်ထမ်း ဒေါ်မြမြငြိမ်း ဆိုသူကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ ခုနှစ်ယောက်က သူ့ရဲ့အိမ်ထဲဝင်ရောက်ပြီး ဖမ်းခေါ်သွားပြီး ခင်ဦးမြို့နယ်မှာ သတ်ဖြတ်ခဲ့ပါတယ်။

​ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၂၂ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်၊ ပြည်တော်သာ ၅ လမ်း၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးရှေ့မှာရှိတဲ့ ၊ ရွှေလက်ပွား လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦး ၃၅ နှစ်ဆိုသူ ပစ်သတ်ခံရပြီး သူကိုင်ဆောင်တဲ့ (သေနတ်အတု) ပစ္စည်းတွေ ယူသွားတယ် ၊ အဲ့ဒီ အပြင် ရွှေဘိုနယ်က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ အလုပ်ထွက်ကြဖို့ ဒေသတွင်းလက်နက်ကိုင် PDF တွေက လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားတယ် ။

ဒီရက်ပိုင်းအတွင်း ရွှေဘိုနယ်မှာ သတ်ဖြတ်ခံရတာတွေနဲ့ ပတ်သက်ပြီး ​ဒေသခံ ပရဟိတသမားတယောက်က ” ဒီရက်ပိုင်းအတွင်း ရွှေဘိုနယ်မှာ သတ်ဖြတ်ခံရတာတွေ အရင်ကထက်စာရင် ပိုပြီးတော့ အဖြစ်များလာတယ် ၊ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၈ ရက်က ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ မစိုးရိမ် ( အနောက်)ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ ဆရာတော် ဥူးဝိလာသ သက်တော် ၅၅ နှစ် ၊ ဝါတော် ၃၁ ဝါ ဆိုတဲ့ ဘုန်းကြီးတပါးနဲ့ ဘုန်းကြီးရဲ့ မိဘနှစ်ယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက တဂဏန်ရွာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ အဲ့ဒီ တဂဏန်ရွာ အဝင်ရောက်တော့ ဘုန်းကြီး ဥူးဝိလာသ ကိုထွက်ပြေးခိုင်းပြီး ပစ်သတ်လိုက်တယ် ၊ ဘုန်းကြီးရဲ့ မိဘ နှစ်ယောက်ကတော့ အခုထိ အဆက်သွယ် မရသေးဘူး ၊ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်က ရွှေဘိုမြို့နယ် ၊ မြင်းစီးကျေးရွာနားက ဆင်နှံမောင်ကွင်းတောမှာ မိသားစု ခြောက်ယောက် အသတ်ခံရတယ် ၊ အသတ်ခံရတဲ့ မိသားစုက မြင်းစီးကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌဟောင်း ဦးလင်း ၅၅ နှစ် ၊ သူ့မိန်းမ ဒေါ်မြသန်း ၅၅ နှစ် ၊ ယောက္ခမဖြစ်သူ ဒေါ်ဆင်နံ ၇၀ နှစ် ၊ ဒေါ်ဆန်းမင်း ၄၂ နှစ် ၊ မချစ်စုအောင် ၂၄ နှစ် (ကိုယ်ဝန်ဆောင်မိခင်) ၊ သူ့သား မောင်ဇေထူးအောင် ၃ နှစ်ဖြစ်တယ် ” လို့ ပြောပါတယ်။

၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဥ်တွေ ပေါ်ပေါက်ပြီး နောက်ပိုင်း ဆရာတော် သံဃာတော်တချို့အဲ့ဒီ ပြောင်းလဲမှုဖြစ်စဥ်တွေမှာ ပါဝင်လာခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ယင်းမာပင်မြို့နယ် ၊ သပြေအေးကျေရွာ ၊ သပြေအေးဆရာတော် ဥူးသောပါက ( ဗိုလ်သံမဏိ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ ဦးဆောင်သူ) နဲ့ ကန့်ဘလူမြို့နယ် မှော်တော်ကျေးရွာ ပြည်သူ့စစ်အဖွဲ့ ဦးဆောင်ဆရာတော် ဥူးဝါသဝ ၅၅၀ ဆရာတော်တို့ဟာ ထင်ရှားကျော်ကြားတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW