မုံရွာက DVB အလွတ်တန်း သတင်းထောက် ကိုရန်နိုင်စိုး ထောင်ဒဏ် လေးနှစ် ချမှတ်ခံရ

မတ် ၊ ၂၉ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ကန်သာဦး (အင်းရွာသစ်) ရပ်ကွက်မှာ နေထိုင်တဲ့ အလွတ်တန်း သတင်းထောက် ကိုရန်နိုင်စိုး ကို မုံရွာအကျဥ်းထောင် အထူးတရားရုံးကနေ ပြီးခဲ့တဲ့ မတ် ၂၅ ရက်က ထောင်ဒဏ် လေးနှစ် ချမှတ်ခံလိုက်ရတယ်လို့ သူ့ရဲ့ မိသားစု အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၂၂ ရက်မှာ မုံရွာမြို့ ရတနာပုံရပ်ကွက် သာစည်လမ်း ၊ သာစည်စျေးနားက စစ်ဆေးရေးအဖွဲ့က ဖမ်းသွားတယ် ၊ အဲ့ဒီနောက် မုံရွာအမှတ် ၂ (စက်မှုဇုန်) ရဲစခန်းကို ခေါ်သွားတယ် ၊ စခန်းရောက်တော့ စစ်ဆေးလိုက်တဲ့အခါ သူ့ကိုင်တဲ့ ဖုန်းထဲက သတင်းဌာနတချို့နဲ့ ဆက်သွယ်ထားတွေကို တွေ့ရတယ် ၊ အဲ့ဒါကြောင့် အကြမ်းဖက်မှုဆိုင်ရာ တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ – က အရ အမှုဖွင့်အရေးယူခံရပြီး ၊ မတ် ၂၅ ရက်က ထောင်ဒဏ် လေးနှစ် ချလိုက်တာဖြစ်တယ် ” လို့ သူ့မိသားစုအသိုင်းအဝိုင်းက ပြောပါတယ်။

ကိုရန်နိုင်စိုးနဲ့ အရင်က လက်တွဲလုပ်ကိုင်ဖူးတဲ့ သတင်းထောက်ဟောင်းတယောက်က
” ကိုရန်နိုင်စိုး က ပြီးခဲ့တဲ့ ၂၀၁၉ မှာ သတင်းလိုက်သွားရင်း ဆိုင်ကယ်အက်စီးဒန့်ဖြစ်လို့ ခြေတောက်ကျိုးထားတာ ၊ စတီးရိုးထည့်ထားရတယ် ၊ သူက အရင်တုန်းက DVB သတင်းဌာနမှာ အလွတ်တန်း သတင်းထောက်လုပ်တယ် ၊ ခြေကျိုးပြီးနောက်ပိုင်း သတင်းထောက်မလုပ်တော့ဘူးသိရတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက်က နေပြည်တော် အခြေစိုက် People Media သတင်းဌာနက အယ်ဒီတာချုပ် ဦးကျော်စိုးဦး ဖမ်းဆီးခံရပြီးနောက် ရက်ပိုင်းအတွင်း ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်က ရန်ကုန်တိုင်း ၊ အင်းစိန်မြို့ ၊ အင်းစိန်အကျဥ်းထောင်ထဲက ၊ မြောက်ဥက္ကလာပမြို့နယ် စစ်ခုံရုံကနေ သတင်းမှတ်တမ်း ရုပ်ရှင်ရိုက်ကူးတဲ့ ဒေါ်ရှင်ဒေဝီကို ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်တယ်လို့ ရန်ကုန် သတင်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလက ရခိုင်ပြည်နယ် စစ်တွေအခြေစိုက် DMG သတင်းဌာန သတင်းထောက် ကိုထက်အောင် နဲ့ ရုံးညစောင့်တာဝန်ကျ လူတစ်ဦးတို့ကို ဆက်သွယ်ရေး ပုဒ်မတွေနဲ့ ဖမ်းဆီးခံရပါသေးတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ သတင်းသမားကူညီစောင့်ရှောက်ရေး အဖွဲ့ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေးပြောင်းလဲမှုဖြစ်စဥ်တွေ ပေါ်ပေါက်ပြီးနောက်ပိုင်း ဖမ်းဆီးထောင်ချခံနေရတဲ့ သတင်းသမား အရေအတွက် ၆၀ ကျော်သွားပြီးလို့ထုတ်ပြန်ထားပါတယ်။

နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့ခေါင်ဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ” သတင်းသမားတွေ ၊ သတင်းရေးလို့ ဖမ်းဆီးထောင်ချတာမျိုး မရှိဘူး ” လို့ သတင်းစာရှင်းလင်းပွဲမှာ တရားဝင် ပြောကြားခဲ့ပါသေးတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW