“ကျန်းမာရေး အတွက် ဆိုးကျိုးဖြစ်စေတတ်တဲ့ အစားအသောက်တွေ”

 

 

သွေး (စစ်ကိုင်း)

 

လူတိုင်းဟာ ကျန်းမာရေး ကောင်းမွန်ပြီး ပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်လိုကြပါတယ်။ အဲသလို ကျန်းမာပျော်ရွှင်ဖို့ ဆိုရင် မကျန်းမမာ ဖြစ်စေတဲ့ အမူအကျင့် အလေ့အထတွေကို ရှောင်ကြဉ်ရမှာပါ။ သို့ပေမဲ့ မကျန်းမမာ ဖြစ်စေတတ်တဲ့ အကြောင်းရင်းကို သတိမမူမိဘဲ ဖြစ်နေတတ်ပါတယ်။ ကိုယ်ခန္ဓာထဲကို ဝင်ရောက်လာတဲ့ ရောဂါဘယတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသက်ရှူလမ်းကြောင်းနဲ့ အစားအသောက် လမ်းကြောင်းကနေ ဝင်ရောက်တယ် ဆိုတာကိုလည်း သတိပြုရမှာပါ။ ဒါကြောင့် မကျန်းမမာ ဖြစ်စေတတ်တဲ့ အစားသောက်တွေနဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို တင်ပြမှာ ဖြစ်ပါတယ်။

 

 

နေ့စဉ်လူနေမှုဘဝမှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေက နေရာယူထားတာ တွေ့ရပါတယ်။ အသက်ရှင်သန်ဖို့ အတွက် စားသုံးနေရတဲ့ အစားအစာတွေကို ထုပ်ပိုးရာမှာလည်း ပလတ်စတစ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးနေရတာ မဟုတ်ဘဲ အဆိပ်တွေနဲ့ တူတဲ့ ကင်ဆာအပါအဝင် ရောဂါတွေဖြစ်စေတဲ့ အစားအစာတွေကို စားသုံးမိနေသလား ဆိုတာ ပြန်စဉ်းစားရမှာပါ။

 

 

လက်ရှိ အစားအသောက် ထုတ်ပိုးမှုတွေမှာ ပလတ်စတစ်ပစ္စည်းတွေက မပါမဖြစ် ဖြစ်လာနေပါတယ်။ မုန့်ထုပ်တွေ ထုပ်ပိုးရာမှာ ပလတ်စတစ်အိတ်တွေကို အသုံးပြုကြသလို တခြား ဘာပစ္စည်းဝယ်ဝယ် ကျွပ်ကျွပ်အိတ်နဲ့ပဲ ထည့်ပေးတာက အလေ့အထကြီးကို ဖြစ်လို့နေပါပြီ။ လက်ဖက်ရည် သွားဝယ်တာပဲ ဖြစ်ဖြစ်, ထမင်းဟင်းနဲ့ အစားအသောက်တွေ သွားဝယ်ရင်ပဲ ဖြစ်ဖြစ် ပလတ်စတစ်အိတ်တွေနဲ့ ထည့်ပေးကြပါတယ်။ ဒါတင်မကသေးပါဘူး…၊ အအေးနဲ့ ရေသန့်တွေဟာလည်း ပလတ်စတစ်ဘူးနဲ့ ထုပ်ပိုးထားတဲ့ အပြင် တစ်ခါသုံး ပလတ်စတစ် အအေးခွက်နဲ့ တစ်ခါသုံး ပလတ်စတစ်ပိုက်လေးလည်း ဆိုင်က ထည့်ပေးပါတယ်။

 

 

သတိပြုရမှာက  ကော်ခွက် လို့ အလွယ်ခေါ်ကြတဲ့ ပလတ်စတစ်ခွက်တွေ, ပလတ်စတစ်ချိုင့်တွေနဲ့ ထမင်းဟင်းထည့်ယူ တာက တော်တော်လေးအန္တရာယ်များပါတယ်။ အထူးသဖြင့် ထမင်းပူပူ ဟင်းပူပူတွေထည့်လိုက်တဲ့ အခါ ပလတ်စတစ်မှာ ပါတဲ့ စတိုင်ရင်း (Styrene) ဓာတ်တွေနဲ့ ပူနွေးတဲ့ အစားအစာတွေ ဓာတ်ပြုသွား ပါတယ်။ အဲဒီလို ဓာတ်ပြုသွားတဲ့ အစားအစာတွေ စားသုံးမိတဲ့ အခါ အသည်းရောဂါ အပါအဝင် မောပန်းနွမ်းနယ်မှု, အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာတွေ ဖြစ်စေနိုင်တာ သတိပြုသင့်ပါတယ်။ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ပန်းကန်တွေနဲ့ ထမင်းမစားသင့်သလို ပလတ်စတစ်ရေခွက်တွေနဲ့လည်း ရေမသောက်သင့်ပါဘူး။

 

 

Guardian သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ထဲက ပလတ်စတစ်ပစ္စည်းတွေကြောင့် ဖြစ်ပေါ်ရတဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို ကောက်နုတ်ဖော်ပြပေးပါမယ်။ ပလတ်စတစ် ပစ္စည်းတွေကို ရေရှည်အသုံးပြု စားသောက်ခြင်းက ကင်ဆာရောဂါတွေ, အဆုတ်ရောဂါတွေနဲ့ မျိုးပွားမှုဆိုင်ရာ ပြဿနာတွေထိ ဖြစ်စေနိုင်ပါတယ်။ ပလတ်စတစ်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေရသူတွေဟာလည်း ထုတ်လုပ်ရာမှာ ထွက်ရှိလာတဲ့ ညှော်နံ့တွေကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါတွေ အပါအဝင် သွေးကင်ဆာ, ဦးနှောက်ကင်ဆာ, ရင်သားကင်ဆာတွေ ဖြစ်ပွားနိုင်ခြေ များပြားကြောင်း သုတေသနပြုလေ့လာမှုတွေ အရ သိရ ပါတယ်။

 

 

တစ်ခါသုံး ပလတ်စတစ်ရေသန့်ဘူးတွေကို သုံးစွဲတာထက် ရေပြန်လည်ဖြည့်ပြီး အသုံးပြုနိုင်တဲ့ ရေပုလင်းတွေကို အသုံးပြုတာက ကျန်းမာရေး အတွက် ကောင်းမွန်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဝါးရေဘူးတွေကို အသုံးပြုနိုင်ရင် အကောင်းဆုံးဖြစ်တယ်လို့လည်း အကြံပြုတာတွေ ရှိပါတယ်။ နေအိမ်နဲ့ အခန်းတွေမှာဆိုရင် ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ရေသန့်ဘူးကြီးတွေကိုပဲ လွယ်လွယ်ကူကူ အသုံးပြုနေကြတာ တွေ့ရပါတယ်။ နေရောင်ထိပြီး ပူလာတဲ့ အခါ ပလတ်စတစ်နဲ့ ရေတို့ ဓာတ်ပြုပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်တာ သတိပြုရမှာပါ။ ဒါကြောင့် ရေသန့်ဘူးတွေကို နေရောင်နဲ့ တိုက်ရိုက်မထိတွေ့နိုင်တဲ့ နေရာမှာ ထားရှိ အသုံးပြုဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ရေသန့်ဘူးကြီးထဲက ရေကို မြေရေအိုးထဲထည့်ပြီး သောက်သုံးတဲ့ အလေ့အကျင့် ပြုလုပ်ဖို့လည်း အကြံပြုထားပါတယ်။ ရေကို စနစ်တကျ ကျိုချက်ပြီး မြေရေအိုးထဲမှာ ထည့်ပြီး သောက်သုံးတာက အကောင်းဆုံးပါ။

 

 

အသားကင် ငါးကင်တွေကို တစ်ခါတရံ စားသုံးတာက သိပ်ပြီး ပြဿနာမကြီးပေမဲ့ မကြာခဏစားသုံးရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်တာ သတိပြုပါ။ အသားကင်ကနေ ထွက်ပေါ်လာတဲ့ “ကာစီနိုဂျင်” တွေက ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများစေလို့ပါပဲ။ မလတ်ဆတ်တဲ့ အသားကင် ငါးကင်တွေကို စားသုံးမိရင် ဝမ်းပျက် ဝမ်းလျှောရောဂါ ဖြစ်စေနိုင်ပါတယ်။ ဈေးကွက်ထဲမှာ တံဆိပ်အမျိုးမျိုးနဲ့ ဝင်ရောက်နေတဲ့ အသားချောင်းတွေ ကိုလည်း သတိပြု စားသုံးရမှာပါ။

 

 

၂၀၂၂ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ဈေးကွက်အတွင်း စားသုံးရန် မသင့်တဲ့ အသားချောင်း အသားလုံး ၂၁ မျိုးကို စစ်ဆေးတွေ့ရှိခဲ့တယ် လို့ ထုတ်ပြန်ခဲ့ ပါတယ်။ အဲဒီ ၂၁ မျိုးထဲမှာ ကြက်အူချောင်း, အသားချောင်း (အနီ), အသားချောင်း (အဝါ), ဟော့‌ဒေါ့ (အနီ), ကြက်သားလုံး, ကြက်သားအသားဘောလုံး, မာလာကြက်အူချောင်း, ကဏန်းလုံး စတာတွေ ပါဝင်နေပါတယ်။ ကျောင်းသား ကျောင်းသူတွေ အားထားစားသုံးရတဲ့ ကျောင်းမုန့်ဈေးတန်းတွေမှာ အသားချောင်းတွေ အသားလုံးတွေ အလွယ်တကူ ရောင်းချနေတာ တွေ့မြင်နေရပါတယ်။ အဲဒီလို ရောင်းချမှုတွေကို တာဝန်ရှိသူတွေ အနေနဲ့ စနစ်တကျ စစ်ဆေးပြီးမှ ခွင့်ပြုပေးသင့်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တာတွေ့ရင် သတိပေးတားမြစ်သင့်ပါတယ်။ အာဟာရလည်း ပြည့်ဝ, ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ မြန်မာ့ရိုးရာမုန့်တွေကို ပိုပြီး အားပေးစားသုံးသင့်ပါတယ်။

 

 

အသားချောင်းနဲ့ ကြက်အူချောင်းတွေမှာဆိုရင် Benzoic Acid တွေ လိုအပ်တာထက် ပိုသုံးထားတာတွေ့ရပြီး မာလာကြက်အူချောင်းမှာတော့ Sorbic Acid ကို သတ်မှတ်ပမာဏထက် ပိုသုံးထားတာ တွေ့ရတယ် လို့ ဆိုပါတယ်။ အဲဒီတော့ Benzoic Acid နဲ့ Sorbic Acid တို့ရဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို လေ့လာကြည့်ရအောင်ပါ။ ဒီ အက်စစ်ဓာတ်တွေက ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ မျက်လုံးနဲ့ အရေပြားယားယံတာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်အောင့်တာတွေ ဖြစ်စေနိုင်ပြီး ရေရှည်စားသုံးမိရင် အစာအိမ် အသည်း ကျောက်ကပ် ပျက်စီးစေနိုင်ပါတယ်။

 

 

အသားချောင်း အသားလုံးတွေကိုသာမက “ကာစီနိုဂျင်” ပါဝင်တဲ့ အသားကင်တွေကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တူးနေအောင်ကင်ထားတဲ့ အစားအစာတွေ၊ အပူချိန်ပြင်းပြင်းပေးထားတဲ့ အစားအစာတွေ၊ တာရှည် ခံအောင် စီမံထားတဲ့ အစားအစာတွေမှာ “ကာစီနိုဂျင်” ပါဝင်နေတာ ဖြစ်ပါတယ်။ အသားကင်တွေကို ရေရှည်စားသုံးရင် အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ ဆီးကြိတ်ကင်ဆာတွေ ဖြစ်စေနိုင်တယ် လို့ လေ့လာတွေ့ရှိချက်တွေက သတိ ပေးထား ပါတယ်။ တုတ်ထိုးအကင်တွေမှာ တာရှည်ခံဆေးတွေ အသုံးပြုထားရုံ သာမက ရက်ကြာကြာထားလို့ ရအောင် အအေးခန်းတွေမှာ ထားရှိတဲ့ အတွက် Oxidation လို့ ခေါ်တဲ့ ဓာတ်တိုးမှုကို ဖြစ်စေပါတယ်။ တာရှည်ခံဆေးရော ဓာတ်တိုးမှုရော ၂ ခုစလုံးက ကင်ဆာရောဂါဖြစ်ပွားမှုကို အားပေးတာကို မမေ့သင့်ပါဘူး။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ကလည်း ပြုပြင်စီမံထားတဲ့ အသားတွေဟာ “ကာစီနိုဂျင်” ပါဝင်မှု များပြားလို့ ရေရှည် မစားသုံးသင့်ကြောင်း အကြံပြုထားပါတယ်။

 

 

ငရုတ်သီးခြောက်တွေမှာ “အာဖလာတောက်ဇင်” (Aflatoxin) ဆိုတဲ့ မှိုတစ်မျိုးပါဝင်နေလို့ သတိပြု စားသုံးသင့်ပါတယ်။ ဈေးကွက်မှာ တံဆိပ်အမျိုးမျိုးနဲ့ ထုတ်လုပ်ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေမှာ “အာဖလာတောက်ဇင်” ပါဝင်နေနိုင် သလို မြေပဲ၊ ငါးခြောက် စတဲ့ အစားအစာတွေမှာလည်း ပါဝင်နိုင်ပါတယ်။ “အာဖလာတောက်ဇင်” မှိုကြောင့် အသည်းကင်ဆာ ဖြစ်စေနိုင်တဲ့ အပြင် ကျောက်ကပ်ကင်ဆာရောဂါလည်း ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာန ရဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ ထုတ်ပြန်ထားချက်အရ “အာဖလာတောက်ဇင်” မှို အဆိပ်သင့်ရင် မွေးကင်းစ ကလေးတွေမှာ မွေးရာပါချို့ယွင်းမှု ဖြစ်ခြင်း၊ ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ ကိုယ်ခံအားစနစ် လျော့ကျစေခြင်းတွေ ဖြစ်စေနိုင်တယ် လို့ သိရပါတယ်။ “အာဖလာတောက်ဇင်” မှို အဆိပ်သင့်မှုကို ကာကွယ်ဖို့ မှိုတက်နေတဲ့ အစားအစာတွေ၊ ငရုတ်သီးခြောက်နဲ့ အသင့်စား အစားအစာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

 

 

ဟင်းသီးဟင်းရွက်တွေကို စားသုံးရာမှာလည်း အစိမ်းလိုက်စားသုံးတာထက် ရေနွေးနဲ့ဖြောပြီးမှ ဒါမှမဟုတ် ပြုတ်ပြီးမှ စားသုံးတာ ပိုကောင်းပါတယ်။ ကြော်လှော်ချက်ပြုတ်ခြင်း မပြုမီ ဟင်းသီးဟင်းရွက်တွေကို ဆားရည်စိမ်ထားဖို့လည်း အကြံပြုထားတွေ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးရာမှာ ဓာတုဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ အသုံးပြုထားတဲ့ အတွက် ဓာတုဓာတ်ကြွင်းတွေ ရှိနေနိုင်လို့ပါပဲ။ သာမာန်ထက် အဆမတန် ကြီးထွားနေတဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူစားသုံးတာမျိုး မလုပ်သင့်သလို ဖြစ်နိုင်ရင် အော်ဂဲနစ် အသီးအနှံတွေကို ဝယ်ယူစားသုံးတာက ကျန်းမာရေး အတွက် သင့်တော်ပါတယ်။

 

 

မီးဖိုချောင်မှာလည်း ဆား, ဆနွင်း, မဆလာ, အရောင်တင်မှုန့် စတာတွေကို အလွယ်တကူ ဓာတ်ပြုစေနိုင်တဲ့ ပလတ်စတစ်ဘူးတွေမှာ မထည့်ဘဲ ဖန်ဘူး ဖန်ပုလင်းထဲထည့်သုံးသင့်ပါတယ်။ ဟိုးအရင်တုန်းက ဘာပစ္စည်းဝယ်ဝယ် ငှက်ပျောရွက်, အင်ဖက် ဒါမှမဟုတ် စက္ကူတွေနဲ့ ထုပ်ပိုးပေးလေ့ရှိပါတယ်။ ခေါက်ဆွဲကြော် ကြာဆံကြော်တွေ ဝယ်တယ် ဆိုရင်လည်း ဖက်နံ့လေး သင်းနေတတ်ပါတယ်။ လက်ဖက်ရည်ဝယ်တယ် ဆိုရင်လည်း သတ္တုချိုင့် ဒါမှမဟုတ် ကြွေချိုင့်နဲ့ ထည့်ယူတာမျိုးလည်း ရှိခဲ့ပါတယ်။ အဲသလို အလေ့အထတွေက အနည်းငယ် ကရိကထများတယ် လို့ ဆိုနိုင်ပေမဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးစေပြီး ကျန်းမာရေး အတွက်လည်း အထောက်အကူ ဖြစ်စေတာကြောင့် လူတိုင်း အတတ်နိုင်ဆုံး ပြန်လည်ကျင့်သုံးဖို့ တိုက်တွန်းလိုပါတယ်။

 

 

အများပြည်သူရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အစားအသောက် ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသူတွေကို အမျိုးသား ကျန်းမာရေး ဥပဒေအရ တာဝန်ရှိသူတွေအနေနဲ့ အရေးယူ ကြပ်မတ်သွားသင့် သလို တစ်ဖက်ကလည်း စားသုံးရန် မသင့်တဲ့ အစားအသောက်တွေကို အများပြည်သူ သိရှိ ရှောင်ကြဉ်နိုင်အောင် စဉ်ဆက်မပြတ် ထုတ်ပြန်ကြေညာပေးပြီး ကျန်းမာရေး အသိပေးမှုတွေ လုပ်ဆောင်သင့်ပါတယ်။ ပြည်သူတို့ အနေနဲ့လည်း မိမိတို့ နေ့စဉ် စားသုံးနေရတဲ့ အစားအစာတွေက ရောဂါဘယရစေတဲ့ အစားအစာတွေ မဖြစ်စေဖို့ သတိပြုရွေးချယ် စားသုံးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။    ။

 

 

 

သွေး (စစ်ကိုင်း)

 

#voiceofmyanmar #VOM #သွေး(စစ်ကိုင်း) #ကျန်းမာရေး အတွက် ဆိုးကျိုးဖြစ်စေတတ်တဲ့ အစားအသောက်တွေ

 

 

Related posts

Leave a Comment

VOM News

FREE
VIEW