ဧပြီ ၊ ၇ ၊ ၂၀၂၄
SP (VOM)
မြန်မာပြည်အလယ်ပိုင်းဖြစ်တဲ့ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်တွေမှာ ဒီရက်ပိုင်းမှာ ထိတွေ့တိုက်ပွဲတွေ အဖြစ်များလာပြီး နှစ်ဘက် ထိခိုက်သေဆုံးသူတွေ များလာခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ” မန္တလေးတိုင်း တောင်ပိုင်းက မြင်းခြံခရိုင်နဲ့ မိတ္ထီလာခရိုင်ဘက်တွေမှာဖြစ်တယ် ၊ မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ဘက်တွေမှာဖြစ်တယ် ၊ အဲ့ဒီအပြင် စစ်ကိုင်းတိုင်း မုံရွာခရိုင်နဲ့ ရွှေဘိုခရိုင်ဘက်တွေမှာလည်း အဖြစ်များပြီး သေဆုံးသူတွေ များလာတယ် ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကနေ စပြီး ဒီကနေ့ ၇ ရက်အထိ နှစ်ဘက်သေဆုံးသူ လူ ၂၀ ထက်မနည်းရှိတယ် ” လို့ နိုငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။
မနေ့ ဧပြီ ၆ ရက် ၊ ညနေ ၄ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ် ၊ ရှားတောကျေးရွာနားမှာရှိတဲ့ ဒေသတွင်း လက်နက်ကိုင် PDF စခန်းတခု တိုက်ခိုက်ခံရပြီး ၊ အဲ့ဒီ တိုက်ခိုက်မှုဖြစ်စဥ်မှာ အမျိုးသား ရုပ်အလောင်း ငါးလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆီးရမိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဧပြီ ၅ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ရွှေဘိုမြို့နယ် တောင်တင်းကျေးရွာနားက PDF စခန်းတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းနဲ့ စစ်ဘက်အသုံးအဆောင် ပစ္စည်းတွေ ပါသွားခဲ့ပါတယ်။ ဧပြီ ၅ ရက် မနက် ၁၁ နာရီဝန်းကျင်က ရွှေဘိုမြို့နယ် ၊ မင်းကုန်းရွာနားက PDF စခန်း တခု တိုက်ခိုက်ခံရပြီး အမျိုးသား အလောင်းတလောင်းနဲ့ ကားတစီး အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံရပါသေးတယ်။
ဧပြီ ၅ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း မုံရွာမြို့ ကန်သာဦးရပ်ကွက် ၊ အင်းရွာသစ် – တောင်ပလူကားလမ်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF အမျိုးသား နှစ်လောင်း ၊ ကားနှစ်စီး အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ မနေ့ ဧပြီ ၆ ရက်က မုံရွာမြို့နယ် ၊ ဃောကြီးရွာနားက PDF စခန်းတခု စီးနင်းခံရပြီး ကားတစီး အပါအဝင် လက်နက်ခဲယမ်းနဲ့ စစ်ဘက်ရေးရာ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းခံရတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ဆည်ကြီးကျေးရွာနားက စာသင်းကျောင်းတခုထဲက စစ်လက်နက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရတဲ့အပြင် မနေ့ ဧပြီ ၆ ရက် ၊ မနက် ၈ နာရီဝန်းကျင်က ကလေးမြို့နယ် ၊ တင်သားကျေးရွာနားမှာ ဒေသတွင်း လက်နက်ကိုင် PDF အမျိုးသားနှစ်ယောက် ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းတွေ ပါသွားခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၅ ရက် ၊ ၇ နာရီဝန်းကျင်က မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်မြို့နယ် ၊ဝမ်းတွင်း – ပင်းတလဲ ကားလမ်းမှာ နစကတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေး လှုပ်ရှားထွက်လာစဥ် ကားနှစ်စီး မိုင်းထိမှန်လို့ ဝမ်းတွင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူ အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးယောက် ထိခိုက်သေဆုံးခဲ့ပါသေးတယ်။
မနေ့ ဧပြီ ၆ ရက် ၊ နေ့လယ်ပိုင်းက မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပန်းတိုင်းခြုံကျေးရွာအနီး ပခုက္ကူ – ရေစကြို လမ်းမှာ ကော်ဖီမစ် ကားတစီး တိုက်ခိုက်ခံရလို့ တယောက်သေ ၊ တယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ဒီရက်ပိုင်းအတွင်း မန္တလေးတိုင်း မိတ္ထီလာခရိုင် ၊ မြင်းခြံခရိုင်နဲ့ မတ္တရာနယ်ဘက်တွေမှာ တိုက်ခိုက်မှုဖြစ်စဥ်တွေ ပေါ်ပေါက်ပြီး နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတချို့ သေဆုံးရတယ်လို့ သိရပါတယ်။
ဒါ့အပြင် မကွေးတိုင်း ပခုက္ကူခရိုင် ၊ မြိုင် ၊ ပေါက် ၊ ရေစကြို ၊ ဂန့်ဂေါခရိုင် ၊ ထီးလင်းမြို့နယ် ၊ ရေမျက်နီဒေသဘက်တွေမှာ ပစ်ခတ်မှုတွေဖြစ်ပြီး သေဆုံးသူတွေရှိတယ်လို့ သိရပါတယ်။
အဲ့ဒီ အပြင် စစ်ကိုင်းတိုင်း ၊ မုံရွာ ၊ ရွှေဘို ၊ ဝက်လက် ၊ ကလေး စတဲ့မြို့နယ်တွေဘက်မှာလည်း ထိတွေ့တိုက်ပွဲတွေဖြစ်ပြီး နှစ်ဘက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒါကြောင့် ဒီရက်ပိုင်းမှာ မြန်မာပြည် အလယ်ပိုင်းက တိုက်ပွဲဖြစ်စဥ်တွေမှာ နှစ်ဘက်သေဆုံးမှုတွေ အဖြစ်များလာတာဖြစ်ပါတယ်။