ရေစကြို – ပခုက္ကူလမ်းမှာ စူပါကော်ဖီမစ်ကား ပစ်ခတ်ခံရ ၊ တဦးသေ ၊ တဦးဒဏ်ရာရ

ဧပြီ ၊ ၇ ၊ ၂၀၂၄
SP ( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ပခုက္ကူ – ရေစကြိုကားလမ်း ၊ ပန်းတိုင်းခြုံကျေးရွာအနီး ၊ သစ်အချောထည် စက်ရုံနားအရောက် မနေ့ ဧပြီ ၆ ရက် ၊ နေ့လယ် ၁၂ နာရီခွဲ ဝန်းကျင်ကပစ်ခတ်တိုက်ခိုက်ခံရလို့ ကားပေါ်မှာလိုက်ပါလာတဲ့ ကုမ္မဏီဝန်ထမ်းတချို့ ၊ သေဆုံး ထိခိုက်ခိုက် ဒဏ်ရာရခဲ့တယ်လို့ ပခုက္ကူနယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” ရေစကြိုဘက်ကနေ ပခုက္ကူဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စူပါကော်ဖီမစ် ၊ နယ်လှည့် အရောင်း ၆ ဘီးကား ၊ ယာဥ်အမှတ် 4G/ 6 …Canada အမျိုးအစားဖြစ်တယ် ၊ အဲ့ဒီကားပေါ်မှာ လိုက်ပါလာတဲ့ ကုမ္မဏီ ဝန်ထမ်းသုံးဦးအနက် အမျိုးသမီး တယောက်သေဆုံးပြီး ၊ အမျိုးသားတယောက်က စိုးရိမ်ရ ဒဏ်ရာရထားတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

ပခုက္ကူခရိုင် လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ” အဲ့ဒီကားမှာလိုက်ပါလာတဲ့ ကုမ္မဏီဝန်ထမ်း သုံးယောက်အနက် ၊ ပခုက္ကူမြို့ ၊ အမှတ် ၁၄ ရပ်ကွက် ၊ ဇေယျသုခလမ်းမှာနေတဲ့ ကိုနေသူလွင် ဆိုသူက ကျည်ဖောက်ဝင် ဒဏ်ရာ နှစ်ချက်ရတယ် ၊ စိုးရိမ်ရတဲ့အဆင့်ဖြစ်တယ် ၊ နောက်တယောက်က ပခုက္ကူမြို့နယ် ၊ တင်းဂတ်ကျေးရွာအုပ်စု ၊ လယ်ယာကျေးရွာမှာနေတဲ့ မတင်ဇာဝင်းကြည် ၃၂ နှစ်ဆိုသူက သေနတ်ဒဏ်ရာနှစ်ချက်နဲ့ နေရာတင်ပဲ သေဆုံးတယ် ” လို့ ပြောပါတယ်။

ပခုက္ကူမြို့ခံ စျေးကားမောင်းသူတယောက်က
” အခါတိုင်းလည်း အရောင်းအဝယ်သွားလာနေတဲ့ စျေးကားတွေ အဲ့ဒီလမ်းမှာ သွားလာနေကြတယ် ၊ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ပိုက်ဆံကောက်ရုံကလွဲလို့ ပစ်ခတ်တာမရှိဘူး ၊ ရေစကြိုနယ်ထဲက ပြည်သူ့စစ်ရွာတွေကို စျေးရောင်းသွားတဲ့ ကားတွေဆိုရင် ပစ်ခတ်တယ် ၊ အခုလည်းကြားရတာက ကော်ဖီမစ်ကားက ဆင်ချောင်းရွာဘက်က ပြန်လာတာလို့ သိရတယ် ၊ အဲ့ဒါကြောင့် ပစ်ခတ်ခံရတာ ဖြစ်နိုင်တယ် ” လို့ ပြောပါတယ်။

ရေစကြိုမြို့ခံတယောက်က
” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်က ရေစကြိုမြို့နယ် ၊ ဆင်ချောင်းကျေးရွာထဲက ထွက်လာတဲ့ ပြည်သူ့စစ်ကားနဲ့ ဆိုင်ကယ်တွေကို ပခုက္ကူ – ရေစကြိုကားလမ်းမှာ ပစ်ခတ်ခံရတယ် ၊ အဲ့ဒီ ပစ်ခတ်မှုမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ယောက် ထိခိုက်သေဆုံးပြီး သူတို့ကိုင်ဆောင်လာတဲ့ သေနတ်နဲ့ ကျည်ဆံတွေပါသွားတယ် ၊ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေပိုင်းကလည်း ရေစကြိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ချမ်းမြှေ့အောင် ဆိုသူဟာ သူ့ရဲ့ စစ်တပ် ခလရ ၂၅၇ ကနေ မစဖ ရုံးကို ကားနဲ့ပြန်အလာမှာ မြို့မရဲစခန်းအနီး မြို့ဝင်ဆိုင်းဘုတ်နားအရောက် PDF တွေက စောင့်ကြိုပစ်ခတ်တာကြောင့် ခြေတောက် ထိခိုက်ဒဏ်ရာရတယ် ၊ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက် မနက်အစောပိုင်းကလည်း ရေစကြို ဆင်မရဲကျေးရွာက ပြည်သူ့စစ် စခန်းကို PDF တွေက ဝင်ရောက်တိုက်ခိုက်တယ် ဒါမျိုတွေတော့ ကြားမိတယ်” လို့ ပြောပါတယ်။

သတင်းမှတ်တမ်းတွေအရတော့ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းက ရေစကြိုမြို့ အခြေစိုက် ဖြူစင်လူမှုကူညီရေးယာဉ်ဟာ လူနာပို့ပြီးအပြန် ပခုက္ကူ-ရေစကြိုလမ်းမှာ တိုက်ခိုက်ခံရပြီး အဲ့ဒီ လူနာတင်ယာဥ် မီးရှို့ဖျက်ဆီးခံရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၇ ရက်က မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ညောင်ဇောက်ကျေးရွာအုပ်စု ၊ ကျောမကြားရွာနားမှာ စစ်ကြောင်းဝင်ရောက်လာပြီး တိုက်ပွဲတွေဖြစ်ပွားကာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဘက်က လူ ခုနှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ အောက်တိုဘာ ၁၆ ရက်က ရေစကြိုမြို့နယ် ၊ ပခန်းကြီး ရဲစခန်းက ရဲတပ်ကြပ်တယောက် ပစ်သတ်ခံရပြီး အောက်တိုဘာ ၁၇ ရက်ညကလည်း ငါးလန်(မ) ကျေးရွာက ပြည်ခိုင်ဖြိုး ပါတီဝင် လေးယောက် အသတ်ခံရတယ်လို့ သိရပါတယ်။

၂၀၂၃ သြဂုတ် ၂၅ ရက်ကလည်း ရေစကြိုမြို့နယ် ၊ ဂွေးချိုကျေးရွာကနေ စည်သာကို စျေးဝယ်ထွက်လာတဲ့ ကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် ခြောက် ယောက်ရဲ့ ကား ချောင်း မြောင်း ပစ်သတ်ခံရပြီး သေနတ် ငါးလက်နဲ့ ကျည်ဆံတွေ ပါသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ သြဂုတ် (၃၁)ရက် ညနေ(၅)နာရီ ခွဲဝန်းကျင်က ရေစကြို- ပခုက္ကူကားလမ်း ကံသစ်- ကြီးကန်ကျေးရွာကြားမှာ ကားတစီး ပစ်ခတ်ခံရလို့ ဆောက်လုပ်ရေး ဝန်ထမ်း ငါးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါတွေက ပခုက္ကူဝန်းကျင်က ဖြစ်ရပ်တွေပါ။ ဒီလိုမတည်ငြိမ်မှုတွေ ၊ ပြန်ပေးဆွဲမှုတွေကြောင့် ပခုက္ကူက ငွေကြေးချမ်းသာသူတချို့ဟာ တခြားမြို့တွေကို ပြောင်းရွှေ့နေထိုင်သူများလာတယ်လို့ နယ်ခံတွေအပြောအရသိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW