သင်္ဃန်းညီနောင်တိုက်ပွဲမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အပါအဝင် နစကတပ်ဖွဲ့နဲ့ တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက်ချတယ်လို့ KNU ထုတ်ပြန်

ဧပြီ ၇ – ၂၀၂၄
SN (VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့က သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ မဟာမိတ်ပူးပါင်းတပ်တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့တာမှာ ဗျူဟာမှူး ဗိုလ်မှူးကြီး အပါအဝင် နစကတပ်ဖွဲ့နဲ့ တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက်ချခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့ ဧပြီလ ၆ ရက်၊ ညနေပိုင်းမှာ သတင်း ထုတ်ပြန်ထားပါတယ်။

သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းကို ဧပြီလ ၅ ရက်၊ နေ့လယ် ၁ နာရီမှာ သိမ်းပိုက်ခဲ့ပြီးနောက် နစက အရာရှိ အဆင့် ၆၇ ယောက်၊ တခြားနဲ့ တပ်သားအဆင့် ၄၁၀ ယောက်၊ ရဲမေ ၅၉ ယောက်၊ တပ်မိသားစု၀င် ၈၁ ယောက် စုစုပေါင်း ၆၁၇ ယောက် လက်နက်ချခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ လက်နက်ချ အညံ့ခံခဲ့တဲ့ နစကတပ်ဖွဲ့ဝင်တွေကို ဘေးကင်းလုံခြုံတဲ့ နေရာမှာ ထားရှိကာ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

“သင်္ဃန်းညီနောင် ဗျူဟာကုန်းအပြင် ခြေမြန်တပ်ရင်းစခန်း ခမရ ၃၅၇ ကိုပါ သိမ်းပိုက်နိုင်ခဲ့တာပါ။ ဒါတွေ မပေးရဖို့အရေး နစကဘက်က လေတပ်ပစ်ကူနဲ့ နှစ်ရက်ဆက်တိုက် ခုခံခဲ့တာ” လို့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းစခန်းဟာ လွန်ခဲ့တဲ့ ၁၉၆၈ ခုနှစ်ကနေ အခု ၂၀၂၄ ခုနှစ်အထိ စစ်တပ်က ၅၆ နှစ်အကြာ တပ်စွဲထားတဲ့ ကရင်ပြည်နယ်ထဲက သက်တမ်းအရှည်ဆုံး စစ်ဗျူဟာစခန်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ တိုက်ပွဲကာလအတွင်း လေကြောင်း ဗုံးကြဲမှုတွေကြောင့် ဖုန်းတာဝါတိုင်တချို့ မီးလောင်ပျက်စီးသွားတဲ့အတွက် မြဝတီမြို့ နယ်အတွင်း MPT ၊ မိုင်တဲလ် ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး အင်တာနက်၊ ဝိုင်ဖိုင်လိုင်းတွေကတော့ အသုံးပြုလို့ ရနေသေးတယ်လို့ မြဝတီမြို့ခံတွေရဲ့ ပြောစကားအရ သိရပါတယ်။

“လေကြောင်းသုံး ပစ်ခတ်မှုတွေကြောင့် သင်္ဃန်းညီနောင်ရွာက မီးလောင်ပြင်လိုဖြစ်သွားပြီ။ တာဝါတိုင်တွေလည်း ထိသွားတယ်။ ဝှေ့ရှမ်းရွာက အိမ်ခြေ ၁၀၀ ကျော် ပျက်စီးတယ်။ အဲ့ဒီ့ အနီးအနားက ကျေးရွာတွေအကုန်လုံး ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

မြဝတီမြို့အနီးရှိ သင်္ဃန်းညီနောင်ရွာက ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၅၅ ၊ ၃၅၆ နဲ့ ၃၅၇ တို့ကို KNLA တပ်မဟာ ၆ က ဦးဆောင်ပြီး မဟာမိတ် ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မတ် ၇ ရက်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကာ တပ်ရင်း သုံးရင်း ရှိတဲ့အနက် ခမရ ၃၅၅၊ ခမရ ၃၅၆ နဲ့ သင်္ဃန်းညီနောင်ရဲစခန်းတို့ကို သိမ်းပိုက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အခုလို သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းစခန်း အပါအဝင် တပ်ရင်းတွေကို KNLA မဟာမိတ်တပ်တွေက တိုက်ခိုက် သိမ်းပိုက်တာနဲ့ ပတ်သက်လို့ နစကဘက်က သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW