မြဝတီမြို့ ခလရ ၂၇၅ ဘက်မှာ တိုက်ပွဲစတင်ဖြစ်ပွား ၊ဘဏ်နဲ့အစိုးရဌာနအားလုံး ပိတ်ထားပြီး မဲဆောက်ဘက်တိမ်းရှောင်သူလည်းများ

မြ၀တီ ၊ ဧပြီ ၉ – ၂၀၂၄
GG (VOM)

ကရင်ပြည်နယ် ၊မြဝတီမြို့ အပြင်ဘက် ခလရ ၂၇၅ တပ်ဘက်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားနေတာကြောင့် မြဝတီမြို့တွင်းက ဌာနဆိုင်ရာရုံးတွေနဲ့ အစိုးရဘဏ်၊ပုဂ္ဂလိကဘဏ်တွေအားလုံး ဒီနေ့ကစပြီး ပိတ်ထားလိုက်ပြီဖြစ် တယ်လို့သိရပါတယ်။

ခလရ ၂၇၅ ဘက်မှာ ဒီနေ့ ဧပြီလ ၉ ရက် နေ့လယ်ပိုင်းကစပြီး နစကတပ်နဲ့ KNU ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲစတင်ဖြစ်ပွားတာဖြစ်ပြီး ဘဏ်တွေ အစိုးရဌာနတွေကလည်း ခုမနက်ပိုင်းကစပြီး အရေးပေါ်ပိတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။

” မြို့ပြင်မှာ ၁၂ နာရီကျော် ၁ နာရီလောက်က ၂၇၅ ဘက်မ​ှာ စပြီးတော့တိုက်ပွဲဖြစ်နေပြီ၊လေယာဥ်လည်းလာတယ်။လက်နက်ကြီးသံတွေလည်းမြို့ထဲကနေကြားနေရတယ်။ ဘဏ်တွေကတော့ ၁၂ နာရီလောက်ကအကုန်ပိတ်သွားတယ်။ဌာနဆိုင်ရာရုံးတွေလည်း ခရိုင်ရုံးကညွှန်ကြားချက်နဲ့ ကိုယ့်အိမ်ကိုပြန်နေဖို့ ညွှန်ကြားထားတယ်။နောက်နေ့ဖွင့်မဖွင့်မသိရဘူး၊ဒီနေ့တော့အကုန်လုံးပိတ်ပြီးအိမ်ပြန်နားကြတယ် ” လို့ မြဝတီ မြို့ခံတယောက်က လက်ရှိ မြဝတီမြု့အခြေအနေကိုပြောပြပါတယ်။

မြဝတီမြို့ပေါ်မှာရှိတဲ့ မြဝတီဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ KBZ bank ၊AYA bank ၊ ကမ္ဘာ့ရတနာဘဏ်၊Ymoa bank၊ အသေးစားလုပ်ငန်းများနှင့်အလတ်စားလုပ်ငန်းများဘဏ်၊ ပထမပုဂ္ဂလိကဘဏ်၊ MCB bank၊ MTB bank၊ ၊ CB bank အပါအဝင် အခြားဘဏ်အားလုံး ပိတ်ထားတာဖြစ်ပါတယ်။

ဘဏ်တွေပိတ်လိုက်တာကြောင့် ဘဏ်ဝန်ဆောင်မှုသုံးပြီး ကုန်သွယ်မှုလုပ်ရတဲ့လုပ်ငန်းအားလုံး ကုန်စည်စီဆင်းမှု နှောင့်နှေးသွားရတယ်လို့သိရပါတယ်။

လက်ရှိ ခလရ ၂၇၅ နဲ့ KNU တို့အကြားတိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေရှိနေသလို KNU ဘက်ကလည်း မြေပြင်ပစ်ခတ်မှုတွေ ရှိနေတာကြောင့် မြို့ခံလူထုကတော့ မြဝတီမြို့ထဲအထိ တိုက်ပွဲတွေကူးစက်လာမှာကို စိုးရိမ်နေကြပါတယ်။

ဒါကြောင့် မြဝတီမြို့က ငွေကြေးချမ်းသာတဲ့ လူတန်းစားတွေကတော့ ထိုင်းဘက်ခြမ်း၊မဲဆောက်ဘက်ကို သွားရောက် နေထိုင်သူတွေရှိလာပေမယ့် လူလတ်တန်းစား၊အခြေခံလက်လုပ်လက်စားသမားတွေကတော့ ခုချိန်မြဝတီမြို့ထဲမှာပဲ နေထိုင်နေကြဆဲဖြစ်တယ်လို့သိရပါတယ်။

” အခုက ညီနောင်တို့ ၊ဝေ့ရှမ်းတို့မဲကနယ်တို့က စစ်ရှောင်တွေမြဝတီမြို့ထဲရောက်နေတာလေ၊ဆိုတော့ဒေသခံတွေက မြို့ထဲမှာစစ်ဖြစ်လာမှာကို မဖြစ်စေချင်ကြဘူး၊ဆုတောင်းနေ ရတယ်။ခုထပ်ပြီးတိုက်ပွဲဖြစ်ရင် စစ်ရှောင်ရော ဒေသခံတွေရောကအဆင်မပြေကြဘူး။ပိုက်ဆံရှိသူတွေကတော့မဲဆောက်မှာသွားနေကြတယ်။လက် လုပ်လက်စား အဆင်မပြေသူတွေကျတော့ မသွားနိုင်ကြဘူး ” လို့ မြဝတီမြို့ခံက ထပ်မံပြောပြပါတယ်။

မြဝတီ အပြင် သင်္ဃန်းညီနောင်မြို့သစ် ၊ ကော့ကရိတ်မြို့ ဘက်မှာလည်းတိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြဝတီကမြို့ခံပြည်သူတွေအနေနဲ့ စစ်ရှောင်မယ်ဆိုပါက ထို့ကော်ကိုးလမ်းကနေ ဘားအံ ကမှတဆင့်ရန်ကုန်အထိသွားနိုင်သလို မြဝတီကနေ မဲဆောက်ဘက်ကိုလည်းသွားရောက်နိုင်ပါတယ်။

လက်ရှိအချိန်ထိတော့ မြဝတီ -မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် ၁ နဲ့ ၂ ကတော့ ဖွင့်လှစ်ထားဆဲဖြစ်တာကြောင့် မဲဆောက်ဘက်ခြမ်းကိုသွားရောက်သူတွေရှိနေပါတယ်။

Photo Crd: CJ

Related posts

Leave a Comment

VOM News

FREE
VIEW