စလင်းမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ငါးယောက် အသတ်ခံရပြီးနောက် ၊ ရပ် / ကျေး အုပ်ချုပ်ရေးမှူးတွေ ထွက်စာတင်

ဧပြီ ၊ ၂၀ ၊ ၂၀၂၄
SP( VOM)
ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်ဝင်လာပြီးနောက်ပိုင်း မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ်ထဲက ရပ် / ကျေးအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတဲ့ ဖြစ်စဥ်များပြားလာတယ်လို့ နယ်ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
စလင်းမြို့ခံ ပရဟိတသမားတယောက်က ” ပြည်သူ့စစ်မှုထမ်း ဥပဒေ အသက်ဝင်လာပြီးနောက်ပိုင်း စလင်းနယ်ထဲမှာ အသတ်ခံရတဲ့ ရပ်/ ကျေး အုပ်ချုပ်ရေးမှူး ငါးယောက်ထက်မနည်းရှိတယ် ” လို့ပြောပါတယ်။
အဲလိုတွေကြောင် အုပ်ချုပ်ရေးမှူးတချို့ ထွက်စာတင်တာရှိလာကြောင်း မင်းဘူးခရိုင် ထွေ/ အုပ် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက် ပြောပြတာက
” စလင်းမြို့နယ်မှာ အဲ့ဒီလို ရပ် / ကျေးအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာ အဖြစ်များလာတော့ ၊ မနေ့က အုပ်ချုပ်ရေးမှူး တချို့ နုတ်ထွက်စာတွေ တင်ပြကြတာကို တွေ့ရတယ် ၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်‌ကျော်ဇင်၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေလင်း၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နဲ့ ဆုံကုန်းအုပ်စုအုပ် ချုပ်ရေးမှူး ဦးမျိုးမြင့်စိုး အပါအဝင် လေးယောက် နုတ်ထွက်စာတင်ပြတယ်လို့ သိရတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း ဧပြီ ၃ ရက် ၊ ည ၈ နာရီဝန်းကျင်က စလင်းမြို့နယ် ၊မကျည်းပြားကျေးရွာအုပ်စု ၊ ဆယ်ရွာပိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးစိုး ၅၀ နှစ်ဆိုသူကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးတဲ့အခါ ထွက်ပြေးတာကြောင့် ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၂၆ ရက် ၊ ညနေပိုင်းက စလင်းမြို့နယ် ၊ ကျွဲခြံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် အသတ်ခံရတယ် ၊ အဲ့ဒီအပြင် မတ် ၂၅ ရက်ကလည်း ဘန့်ပြင်ရွာအုပ်ချုပ်ရေးမှူး ဦးလူမြင့်(ခ) ဦးမုတ်စီ သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်၊ ပြီးခဲ့တဲ့ မတ် ၁၈ ရက် ၊ ညနေပိုင်းမှာ ပုခတ်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး ဆိုသူဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ကျေးရွာအတွင်း အသံချဲ့စက်နဲ့ ရှင်းလင်းပြောဆိုနေချိန် PDF အဖွဲ့က ဝင်ရောက်ဖမ်းဆီးပြီး ပစ်သတ်ခဲ့တာလို့ သိရပါတယ်။
စလင်းမြို့နယ်ဟာ စလင်းမြို့ပေါ် လူနေရပ်ကွက် ၆ ရပ်ကွက်နဲ့ သူကြီးပိုင်နယ် ၅၁ အုပ်စုရှိပြီး ကျေးရွာပေါင်း၂၀၄ ရွာရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဥ်တွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း မကွေးတိုင်း ပခုက္ကူ ၊ ရေစကြို ၊ မြိုင် ၊ ပေါက် ၊ ထီးလင်း ၊ ဆော ၊ ဂန့်ဂေါ စတဲ့ မြို့နယ်တွေမှာ ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့တွေ ၊ နေရပ်စွန့်ခွာပြီး တာဝန်ကနေ အနားယူကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW