ပလတ်စတစ်အမှိုက်နဲ့ မြေကမ္ဘာနေ့

ဧပြီ ၂၃-၂၀၂၄
SN (VOM)
ဧပြီ ၂၂ ရက်နေ့ဟာ ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကိုယ်တိုင် လက်မှတ်ထိုးခွင့်ပြုပေးခဲ့တဲ့ မြေကမ္ဘာနေ့ပါ။
သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေး၊ ဂေဟစနစ်ကြီး ပျက်စီးနေတာကို ကုစားရေးနဲ့ ပိုပြီးတော့ ကြာရှည် ရှင်သန်နိုင်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့အတူ မြေကမ္ဘာနေ့ကို ဦးသန့်လက်ထက် ၁၉၇၀ ခုနှစ်၊ ဧပြီ ၂၂ မှာ စတင်ကျင်းပခဲ့တာဟာ ခုဆိုရင် (၅၄) နှစ်မြောက် ရှိနေပါပြီ။
ပလတ်စတစ်အမှိုက်နဲ့ မြေကမ္ဘာနေ့
၂၀၂၄ ခုနှစ်ရဲ့ မြေကမ္ဘာနေ့ ဆောင်ပုဒ်ကတော့ “မြေကမ္ဘာနဲ့ ပလတ်စတစ်ပြဿနာ” (Planet vs. Plastics) ဖြစ်ပါတယ်။ ဘာကြောင့် ဒီဆောင်ပုဒ်ကို သတ်မှတ်ရတာလဲဆိုရင် ပလတ်စတစ်တွေဟာ လူသားတွေရဲ့ ကျန်းမာရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်လာတာကြောင့်လို့ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးစည်သူလွင်က မှတ်ချက်ပြုပါတယ်။
ပလတ်စတစ်အမှိုက်နဲ့ မြေကမ္ဘာနေ့
၁၉၅၀ ခုနှစ်မှာ စတင်ထုတ်လုပ်အသုံးပြုလာခဲ့တဲ့ ပလတ်စတစ်တွေဟာ သုံးလို့လည်းကောင်း၊ အသုံးလည်းဝင်တာကြောင့် တစထက်တစ တိုးတက်ထုတ်လုပ်လာလိုက်ကြတာ ၂၀၂၁ တနှစ်တည်း ထုတ်လုပ်ခဲ့တဲ့ ပလတ်စတစ်ပမာဏဟာ ၃၉၀ ဒသမ ၇ မီလီယံမက်ထရစ်တန်တောင် ရှိခဲ့တယ်လို့ ဦးစည်သူလွင်က ဆိုပါတယ်။
“အဲဒီလောက်ပမာဏတောင် ထုတ်လုပ်ထားပြီဆိုမှတော့ သုံးပြီးလွှင့်ပစ်လိုက်တဲ့ ပလတ်စတစ်အမှိုက်ပမာဏကလည်း တနှစ်ကို ၃၅၀ မီလီယံမက်ထရစ်တန်တောင် ရှိနေပါတယ်” လို့ သူက သုံးသပ်ပါတယ်။
အဲဒီ့ ပလတ်စတစ်အမှိုက်တွေအားလုံးရဲ့ ၉ ရာခိုင်နှုန်းကို recycle လုပ်ကြပြီး ၁၄ ရာခိုင်နှုန်းကို မီးရှို့ဖျက်ဆီးပစ်ကာ ၇၇ ရာခိုင်နှုန်းကိုတော့ ကျင်းတူးမြှုပ်ကြတယ်လို့ သိရပါတယ်။ ပလတ်စတစ်အမှိုက်တွေဟာ မြေကြီးပေါ်ကနေတဆင့် ချောင်းထဲ၊ မြစ်ထဲ ရောက်ကုန်ရာကနေ အဲဒီကမှတဆင့် ပင်လယ်သမုဒ္ဒရာတွေထဲ ရောက်ကုန်တယ်လို့ သူက ပြောပါတယ်။
ပင်လယ်သမုဒ္ဒရာထဲ ရောက်လာတဲ့ ပလတ်စတစ်အမှိုက်တွေဟာ နေရဲ့အပူဒဏ်၊ ခရမ်းလွန်ရောင်ခြည်ရဲ့ဒဏ်၊ ပင်လယ်ဆားငံရေရဲ့ဒဏ်တွေကြောင့် တစ တစ ပြိုကွဲလာပြီး တဖြည်းဖြည်းနဲ့ အင်မတန်သေးငယ်တဲ့အရွယ်အစားအထိ ဖြစ်လာတယ်လို့ သိရပါတယ်။
“သုည ဒသမ ၅ မီလီမီတာထက်သေးငယ်တဲ့ အရွယ်အစားကို ရောက်လာတဲ့ ပလတ်စတစ်တွေကို မိုက်ခရိုပလတ်စတစ်လို့ ခေါ်ကြပါတယ်။ အဲဒီ မိုက်ခရိုပလတ်စတစ်တွေဟာ နေအပူကြောင့် ပင်လယ်ရေအငွေ့ပျံရာမှာ ရေငွေ့နဲ့အတူ ပါသွားကုန်ကြပြီး တိမ်တွေထဲ ရောက်ကုန်ပါတယ်။ အဲဒီကမှတဆင့် မိုးရေနဲ့ ဆီးနှင်းတွေနဲ့ရောပြီး ကမ္ဘာပေါ်ကို ပြန်ကျဆင်းလာပါတယ်။ ဒါကြောင့် အခု ကျွန်တော်တို့ သောက်နေကြရတဲ့ သောက်ရေသန့်တွေထဲမှာ၊ စားစရာတွေထဲမှာ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အလှကုန်ပစ္စည်းတွေထဲမှာ မိုက်ခရိုပလတ်စတစ်တွေကို ရှာတွေ့နေကြရပြီဖြစ်ပါတယ်” လို့ ဦးစည်သူလွင်က ပြောပါတယ်။
ဒါအပြင် ပင်လယ်ရေထဲက ရေသတ္တဝါတွေရဲ့ တစ်ရှူးတွေ၊ ဆဲလ်တွေထဲကိုလည်း မိုက်ခရိုပလတ်စတစ်တွေ ရောက်ကုန်တယ်လို့ သိရပါတယ်။ အဲဒီရေသတ္တဝါတွေကို လူတွေက ဖမ်းစားကြတာကြောင့် လူတွေရဲ့ ကိုယ်ခန္ဓာထဲကိုလည်း မိုက်ခရိုပလတ်စတစ်တွေ ရောက်ကုန်တယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာတုန်းက ဆေးသိပ္ပံပညာရှင်တွေက အဲဒီ မိုက်ခရိုပလတ်စတစ်တွေကို လူတွေရဲ့သွေးတွေထဲမှာပါ ရှာတွေ့ကြောင်း ကြေငြာခဲ့တာကိုလည်း ဖတ်ရှုမှတ်သားခဲ့ရတယ်လို့ ဦးစည်သူလွင်က ပြောပါတယ်။
“အလွယ်ပြောရရင် ပလတ်စတစ်ရဲ့ကုန်ကြမ်းက ကော်စေ့ပါ။ ကော်စေ့ရဲ့ကုန်ကြမ်းက ရေနံပါ။ ရေနံဟာ သတ္တဝါတွေအတွက် အဆိပ်ဖြစ်ပါတယ်။ ရေနံကနေ ဖန်တီးယူထားတဲ့ ပလတ်စတစ်ဆိုတာကလည်း အဆိပ်ပဲဖြစ်ပါတယ်။ ဒါကြောင့် မိုက်ခရိုပလတ်စတစ်တွေကို ရှုနေရ၊ သောက်နေရ၊ စားနေရတဲ့ ကျွန်တော်တို့ဟာ နေရင်းထိုင်ရင်းနဲ့ ရောဂါတွေဖြစ်ကြ၊ ဆေးတွေကုရ၊ အသက်တွေ တိုလာကြရတာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါကြောင့်လည်း ဒီနှစ် ဧပြီလ ၂၂ ရက်နေ့မှာကျရောက်မယ့် မြေကမ္ဘာနေ့မှာ သတ်မှတ်လိုက်တဲ့ Planet vs Plastics ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ကမ္ဘာနိုင်ငံအသီးသီးကို လာမယ့် သက္ကရာဇ် ၂၀၄၀ ရောက်ရင် ဒီကနေ့ တကမ္ဘာလုံးကထုတ်လုပ်နေတဲ့ ပလတ်စတစ်ပမာဏရဲ့ ၆၀ ရာခိုင်နှုန်းအထိ လျှော့ချထုတ်လုပ်ကြဖို့ တောင်းဆိုထားတာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဆက်လက်ပြီးတော့လည်း သူက “ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အလေးအနက် အကြံပြုချင်တာကတော့ ကုန်ပစ္စည်းဆိုတာ သုံးသူရှိလို့ ထုတ်သူရှိရတာပါ။ သုံးတဲ့သူမရှိရင် ဘယ်သူမှ မထုတ်ပါဘူး။ ပလတ်စတစ်ကိစ္စကိုလည်း ဒီလိုပဲ စဥ်းစားကြစေလိုပါတယ်။ အဓိကအကျဆုံးက စားသုံးသူပဲ ဖြစ်ပါတယ်။ ပလတ်စတစ်နေရာမှာ အစားထိုးအသုံးပြုလို့ရတဲ့ သဘာဝအတိုင်း အလွယ်တကူကျေပျက် ပျောက်ကွယ်သွားနိုင်တဲ့ သဘာဝပစ္စည်းတွေကို ကျွန်တော်တို့ ရှာဖွေအသုံးပြုကြဖို့လိုပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီလို အစားထိုးလို့ရတဲ့ ပလတ်စတစ်ပစ္စည်းတွေကို လုပ်ငန်းရှင်တွေက မထုတ်လုပ်တော့အောင်၊ ပြည်ပကနေ တင်သွင်းလို့မရအောင် ဥပဒေနဲ့ ပြဌာန်းပိတ်ပင်ကြဖို့လည်း လိုတယ်လို့ သူက ပြောပါတယ်။ ဒါအပြင် ပလတ်စတစ်ရဲ့ဆိုးကျိုးကို လူတွေအားလုံးလွယ်လွယ်ကူကူ နားလည်သဘောပေါက် လက်ခံလာအောင် ရှင်းပြ၊ ပြောပြပေးဖို့ ဘတ်ဂျက်၊ မူဝါဒ၊ နည်းဥပဒေ၊ ဥပဒေတွေလည်း ပြဌာန်းပေးဖို့ လိုတယ်လို့ သူက အကြံပြုပါတယ်။
ပလတ်စတစ်အမှိုက် ပြဿနာဟာ ကုန်းပေါ်မှာတင်မကဘူး ရေထဲမှာလည်း အတော်ကို ဆိုးဆိုးရွားရွား ဒုက္ခပေးနေတာမျိုးပါ။ လူတွေ စည်းကမ်းမဲ့ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေက ချောင်းတွေ မြောင်းတွေကနေတဆင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ပင်လယ်၊ သမုဒ္ဒရာထဲထိ ရောက်သွားပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ စုဝေးနေတဲ့ အမှိုက်ပြင်ကြီးဆို အားလုံးထဲမှာ အကြီးဆုံးပါပဲ။
တခြားအမှိုက်တွေက ပင်လယ်ရေစီးကြောင်းနဲ့အတူ လိုက်ပါစီးမျောရင်း အချိန်တန်ရင် ဆွေးမြေ့ပျက်စီးသွားကြပေမယ့် ပလတ်စတစ်ပစ္စည်းတွေက တော်တော်နဲ့ မပျက်စီးဘဲ အပဲ့စ အကြီးအသေးတွေ အမှုန်အမွှားတွေအဖြစ် ကျန်နေတတ်ပြီး သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ဒုက္ခရောက်စေနိုင်ပါတယ်။
ငါးဖမ်းပိုက်ဟောင်း အစနဲ့ ငြိပြီး လိပ်တွေ၊ လင်းပိုင်တွေ ဒုက္ခရောက်ရသလို ပင်လယ်ငှက်တွေ၊ ငါးတွေက ပလတ်စတစ် အပဲ့စတွေကို အစာမှတ်ပြီး စားကြတယ်လို့ သိရပါတယ်။ ငါးသားပေါက်လေးတွေ၊ ကမာကောင်တွေက ပလတ်စတစ် အမှုန်အမွှားတွေ စားမိတတ်ကြတယ်လို့ သိရပါတယ်။
ပလတ်စတစ် ရေဗူး၊ အချိုရည်ဗူး၊ ထမင်းဗူးနဲ့ စည်သွပ်ဗူး အတွင်းနံရံကာအလွှာမှာ ပါနေတဲ့ ဓာတုပစ္စည်းတွေကြောင့် ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းဓာတ်တွေ ကမောက်ကမ ဖြစ်စေနိုင်တယ်သလို ရင်သားကင်ဆာလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။ နောက်ပြီး ပလတ်စတစ်ကို ပျော့ပြောင်းပြီး ကြာရှည်ခံအောင်လို့ထည့်တဲ့ Phthalates ဆိုတဲ့ ဓာတုပစ္စည်းတမျိုးလည်း ရှိပါသေးတယ်။ သူကလည်း ပေးနိုင်တဲ့ ပြဿနာတွေကတော့ ကိုယ်အလေးချိန် တက်စေတာ၊ ဆီးချိုဖြစ်စေနိုင်တာ၊ သားသမီးရဖို့ ခက်စေတာတွေ ဖြစ်တယ်လို့ မှတ်သားရပါတယ်။
လက်ရှိ ကမ္ဘာမှာ လူတို့အသုံးပြုနေတဲ့ ပလတ်စတစ်ရေသန့်ဘူးတွေမှာ ပါဝင်နေတဲ့ သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှား အရေတွက်ဟာ အရင်က ခန့်မှန်းထားတာထက် အဆတရာ ပိုမိုပါဝင်နေတယ်လို့ အမေရိကန်အမျိုးသားသိပ္ပံအကယ်ဒမီဂျာနယ်က လေ့လာတွေ့ရှိမှု စစ်တမ်းတခုကို အခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းက ဖော်ပြခဲ့ပါတယ်။
ပလတ်စတစ်ကြောင့် ကျန်းမာရေးဆိုးကျိုးတွေအနေနဲ့ နှလုံးသွေးကြောရောဂါ၊ အဆုတ်ပျက်စီးခြင်း၊ အစာအိမ်အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အဝလွန်ခြင်း၊ အာရုံကြောရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ မျိုးပွားမှုထိခိုက်ခြင်းတို့ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ မကြာသေးမီက ပြုလုပ်တဲ့ သုတေသနစစ်တမ်းအရ ပျမ်းမျှ ရေတလီတာမှာ ပလတ်စတစ်အမှုန်အမွှားပေါင်း နှစ်သိန်းလေးသောင်း ပါဝင်ကြောင်း သိရလို့ အရင်ခန့်မှန်းထားတာထက် ၁၀ ဆကနေ အဆ ၁၀၀ အထိ ပိုများနေတာကို စစ်ဆေးတွေရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ ပလတ်စတစ်တွေကို သောက်သုံးရေနဲ့ အစားအသောက်မှာသာမက နေရာတိုင်းမှာ တွေ့နေရပြီး ဝင်ရိုးစွန်းဒေသများရှိ ရေခဲဖုံးတောင်တန်း၊ တောင်ထွက်များနဲ့ဂေဟစနစ်တွေအထိပါ ပျံ့နှံ့တွေ့ရှိနေပြီဖြစ်ပါတယ်။ အဲ့ဒီ့ ရလဒ်အတိုင်းဆိုရင် ရေသန့်တလီတာမှာ မိုက်ခရိုပလတ်စတစ်နဲ့ နာနိုပလတ်စတစ် အမှုန်အမွှားပေါင်း တသိန်းတသောင်းမှ သုံးသိန်း ခုနစ်‌သောင်းကြားအထိ ပါဝင်နေတယ်လို့ သိရပါတယ်။
အများဆုံးပါဝင်နေတဲ့ ပစ္စည်းမှာ ရေကိုသန့်စင်ဖို့ ပြုလုပ်တဲ့ပလတ်စတစ်ရေစစ်တွေက ထွက်ပေါ်လာတဲ့ နိုင်လွန်တွေဖြစ်ကာ ဒုတိယကတော့ ရေသန့်ဘူးတွေ ပြုလုပ်ထားတဲ့ ပိုလီအီသိုင်လင်း (Polyethylene terephthalate) (ဒါမှမဟုတ်) (PET) ပလတ်စတစ်အမျိုးအစားတွေ ပျော်ဝင်နေတယ်လို့ သုတေသနရလဒ်တွေက ဖော်ပြနေပါတယ်။ လူ ၁၀ ဦးမှာ တဦးက လမစေ့ဘဲ က‌လေး‌မွေးဖွားတဲ့ ဖြစ်စဉ်ဟာ ပလတ်စတစ်၊ ဓာတုပစ္စည်းတို့နဲ့ ဆက်နွှယ်နေတယ်လို့လည်း သုတေသန တွေ့ရှိချက်တွေအရ သိရရပါတယ်။
ပလတ်စတစ်တွေက ကမ္ဘာကြီးကို မွန်းကျပ်စေပါတယ်။ ပလတ်စတစ်တွေက လူသားတို့ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာကြီးတွေထဲက တခု ဖြစ်လာနေပါတယ်။
ဒါကြောင့် ဧပြီလ ၂၂ ရက်နေ့ရောက်တိုင်း ၁ ဘီလီယံလောက် ရှိတဲ့ လူတွေဟာ ကမ္ဘာတဝန်း သစ်ပင်စိုက်ပျိုးတာတွေ၊ ကိုယ့်ရပ်ကိုယ့်ရွာကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်တာတွေအပြင် သဘာဝပတ်ဝန်းကျင်ကို ထပ်မံ မဖျက်ဆီးကြဖို့ အသနားခံစာတွေမှာ စုပေါင်းလက်မှတ်ရေးထိုးတာတွေ ပြုလုပ်လေ့ ရှိပါတယ်။ ဒီစိတ်ကူးကို ပထမဆုံးရရှိခဲ့တဲ့လူကတော့ အမေရိကန်ပြည်ထောင်စုရဲ့ အထက်လွတ်တော်အမတ် တယောက်ဖြစ်တဲ့ Gaylord Nelson ဆိုသူ ဖြစ်ပါတယ်။
၁၉၇၀ ခုနှစ်က ပထမဆုံး စတင် ကျင်းပခဲ့တဲ့ ကမ္ဘာမြေနေ့ကိုတော့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပခဲ့ပြီး အမေရိကန်နိုင်ငံသား ၂၂ သန်း တက်ရောက်ခဲ့တယ်လို့ မှတ်တမ်း တင်ထားပါတယ်။ ဒီလူတွေအားလုံးဟာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကို ဖျက်လို ဖျက်ဆီးပြုလုပ်ကြသူတွေက ဆန့်ကျင်ရေးသမားတွေပါပဲ။
ဒီအဖြစ်ကနေစတင်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအေဂျင်စီ ဆိုတာ ပေါ်ပေါက်လာခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေတွေကိုလည်း ပြဌာန်းနိုင်ခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ ကမ္ဘာမြေနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရာသီဥတု ပြောင်းလဲလာမှု၊ သစ်တောပြုန်းတီးမှု၊ လေထုညစ်ညမ်းမှုနဲ့ နှစ်စဉ်နှစ်တိုင်း အသတ်ခံနေရတဲ့ တိရစ္ဆာန်မျိုးစိတ် ပျက်သုဉ်းမှုတွေကို ကာကွယ်နိုင်ဖို့အတွက်ပါ။
ကမ္ဘာမြေနေ့ဟာ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ပိုမိုသိရှိနားလည်ဖို့အတွက် နေ့တနေ့သာမဟုတ်ဘဲ လူသားတွေနေထိုင်တဲ့ ကမ္ဘာဂြိုဟ်ကို ဂရုစိုက်ဖို့ သတိပေးတဲ့နေ့ ဖြစ်သလို အမှိုက်သရိုက်တွေကို ရှင်းလင်းဖို့ (ဒါမှမဟုတ်) ပြန်လည်အသုံးပြုခြင်းနဲ့ ပြန်လည်နေရာချထားဖို့ သတိပေးတဲ့နေ့၊ သစ်ပင်တွေ စိိုက်ပျိုးဖို့ သတိပေးနေတဲ့ နေ့တနေ့လည်း ဖြစ်ပါတယ်။ ဒါအပြင် ကမ္ဘာမြေကြီးကို ပိုကျန်းမာအောင်၊ ပိုချစ်အောင် လူသားတွေကလည်း ပြုလုပ်ရမယ်ဆိုတဲ့ အသိကိုလည်း သတိရစေဖို့ သတ်မှတ်ထားတဲ့ နေ့လည်း ဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာမြေကြီးပေါ်က လူသားတွေအနေနဲ့ အရင်ကထက် ပိုပြီး ကိုယ်နေထိုင်တဲ့ ကမ္ဘာကြီးကို ဂရုစိုက်ကြဖို့ လိုအပ်နေပါတယ်။ ရေအရင်းအမြစ်၊ လေအရင်းအမြစ်၊ မြေအရင်းအမြစ် စတဲ့ သဘာဝအရင်းအမြစ်တွေကို သေချာ စနစ်တကျအသုံးပြုမယ်၊ အမှိုက်တွေကို စနစ်တကျပစ်ကြမယ်၊ စွန့်ပစ်ပစ္စည်းတွေ လျော့နေအောင် သေချာဂရုတစိုက် ပြုမူနေထိုင်ကြမယ်၊ ကမ္ဘာကြီးအတွက် အောက်ဆီဂျင် များများရဖို့ သစ်ပင်တွေအများကြီးစိုက်ကြမယ် ဆိုရင် သာယာလှပ ကျန်းမာသန်စွမ်းတဲ့ မြေကမ္ဘာကြီးကို မလွှဲမသွေ ပိုင်ဆိုင်လာနိုင်မှာပဲ ဖြစ်ပါတယ်။ ။

Related posts

Leave a Comment

VOM News

FREE
VIEW