မုံရွာမြို့နယ်မှာ ဒီရက်ပိုင်းအတွင်း လူပြန်ပေးဆွဲ အဖွဲ့ဝင်တွေ တိုက်ခိုက်ခံရလို့ ခုနှစ်ဦးသေဆုံး ၊ ၂၀ ကျော် ဖမ်းဆီးခံရ


ဧပြီ ၊ ၂၄ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း လူပြန်ပေးဆွဲ ဖမ်းဆီးသူတွေကို နစကတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေရှိလာတဲ့ပြင် ဖမ်းဆီးခံထားရသူ လူ ၂၀ ကျော်ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာမြို့ပေါ်မှာ လူပြန်ပေးဆွဲ ဖမ်းဆီးလာတဲ့ အဖွဲ့ကို နစကတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတယ် ၊ အဲ့ဒါကြောင့် ထိခိုက်သေဆုံးသူတွေကို သဂြိုလ်ပေးခဲ့ရတယ်” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မုံရွာပြည်သူ့ဆေးရုံ ဓာတ်မှန်ဌာနက လင်မယားနှစ်ယောက်ကို ဒေသတွင်း လက်နက် ကိုင် အဖွဲ့တခုက အိမ်စီးကား နှစ်စီးနဲ့ ပြန်ပေးဆွဲ ဖမ်းဆီးလာချိန် လမ်းမှာ နစကတပ်ဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတာကြောင့် ပြန်ပေးဆွဲ ဖမ်းဆီးခံရတဲ့ လင်မယားနှစ်ယောက်ကို အထိခိုက်မရှိ ပြန်လည်ကယ်တင်ပေးနိုင်ခဲ့ပြီး ၊ ပြန်ပေးဆွဲသမား နှစ်ယောက်သေဆုံးကာ အိမ်စီးကား နှစ်စီးနဲ့ သေနတ်ငါးလက် သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာမြို့နယ် ပညာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုမြို့နယ် ပညာရေးမှူး တယောက်ဟာ မြို့ထဲစားသောက်ဆိုင် တခုမှာ စားသောက်နေချိန် ပြန်ပေးဆွဲ ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။ အဲ့ဒီ ဖြစ်စဥ်မှာလည်း ပြန်ပေးဆွဲ အဖွဲ့ရဲ့ကားတစ်စီးကို နစက လုံခြုံရေး အဖွဲ့တွေက ပစ်ခတ်ဖမ်းဆီးတာကြောင့် ပြန်ပေးဆွဲ ဖမ်းဆီးခံရတဲ့ မြို့နယ်ပညာရေးဝန်ထမ်းကို အထိခိုက်မရှိ ပြန်လည်ကယ်တင်ပေးနိုင်ခဲ့ပြီး ၊ ကားတစီး သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မုံရွာနယ်မှာ လူပြန်ပေးဆွဲ အဖွဲ့ကို ဖမ်းဆီးရမိထားတယ် ၊ ကနဦး သိရတာက မုံရွာ ယူဂျီ နာမည်နဲ့ ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်တယ် ၊ လွမ်းမိုး (ခ) စတားလေး (အဖွဲ့ခေါင်းဆောင်)၊ ဖိုးလပြည့် ၊ ချမ်းမြေ့အောင် ၊ မိုးရေး (ခ) ရေမိုး ၊ မျိုးနိုင် ၊ အောင်မြတ်သူ (ခ) အောင်ကြီး ၊ ထွန်းထွန်းနိုင် ၊ သူရထွန်း ၊ ထွန်းကိုကို (ခ) ငထွန်း ၊ ကျော်ဇင်ဝင်း(ခ) စိုင်းကိုကို ၊ ဇော်မြတ်သူ ၊ ဝဏ္ဏ ၊ လျှမ်းထက် ၊ မိုးကျော်သူ စတဲ့သူတွေဖြစ်တယ် ၊ အဲ့ဒီထဲက ဖမ်းဆီးရန်ကျန် ပြစ်မှုကျူးလွန်သူတွေလည်းရှိတယ် ၊ ပြန်ပေးဆွဲမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် ကျောက္ကာ ညောင်ပင်ရွာအနီးက ပြန်ပေးဆွဲ အဖွဲ့ရဲ့ စခန်းတခုကို သိမ်းဆည်းရမိပြီး ပြန်ပေးဆွဲဖမ်းဆီးခံထားရသူ အမျိုးသား ခြောက်ယောက်နဲ့ ကားမျိုးစုံ ခုနှစ်စီး ၊ မုံရွာမြို့ ကန်သာဦး (အင်းရွာသစ်) ရပ်ကွက် ဖြစ်စဥ်မှာ ပြန်ပေးဆွဲ ဖမ်းဆီးခံရသူ နှစ်ယောက်နဲ့ ကားနှစ်စီး ၊ သေနတ်မျိုးစုံ ငါးလက် ၊ ဃောကြီးရွာဖြစ်စဥ်မှာ ကားတစီး ၊ မြို့နယ်ပညာရေးဝန်ထမ်း ဖြစ်စဥ်မှာ ကားတစီး စတာတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြန်ပေးဆွဲမှုမှာ ဖမ်းဆီးထားတဲ့ လူတွေထဲက အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်တယောက်ဟာဆိုရင် မုံရွာဒေသခံ အရပ်သား ပြည်သူ ဆယ်ယောက်ကျော်ကို ဖမ်းဆီးသတ်ဖြတ်ထားတယ်လို့ စစ်ဆေးပေါ်ပေါက်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၃ ရက် ၊ နေ့လယ်ပိုင်းက မုံရွာမြို့ ၊ ရုံးကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ နာရီစင်နဲ့ ကြေးရုပ်ကြားမှာရှိတဲ့ အင်းဝဘဏ် ဓားပြတိုက်ခံရပြီး ၊ ဘဏ်မန်နေဂျာ အမျိုးသမီးဖြစ်သူကို ဓားစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးခံရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၊ မတ် ၁၄ ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊မုံရွာမြို့ ၊ အိုးဘိုတောင်ရပ်ကွက် ၊ ဆယ်ပေါက်တွဲလမ်းမှာနေတဲ့ မုံရွာမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) မှာ တာဝန်ထမ်းဆောင်နေတဲ့ လဝကမှူး ဦးအောင်မိုးဝင်း ဆိုသူကို သူ့ရဲနေအိမ်မှာ ဒေသတွင်း လက်နက်ကိုင် PDF. အဖွဲ့ လူငါးယောက်က AD VAN ကားတစီးနဲ့ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ လဝက အသိုင်းအဝိုင်းဆီက သိရပါတယ်။

” မုံရွာမြို့ပေါ်က နာမည်ကြီး ရှေ့နေတချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ၊ အိမ်ခြံမြေ ပွဲစားတွေ ၊ ဟိုတယ်လုပ်ငန်းရှင်တွေ ၊ ရေနံလုပ်ငန်းရှင်တွေ ပြန်ပေးဆွဲ ဖမ်းဆီးခံရတာတွေ ရှိတယ် ၊ ပိုက်ဆံနဲ့ရွေးထုတ်ရတယ်၊ အဲ့ဒီ ဖြစ်စဥ်တွေထဲက လူတချို့ဟာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပိုက်ဆံပေးလွတ်မြောက်ခဲ့သလို ၊ တချို့လည်း နစကအဖွဲ့တွေက ကယ်ထုတ်ပေးလို့ လွတ်မြောက်လာတာလည်း ရှိတယ်လို့ သိရတယ် ၊ နောက်ပြီး ပြန်ပေးဆွဲခံရကတည်းက ဒီကနေ့အထိ ဆက်သွယ်မရတော့ပဲ ပျောက်ဆုံးနေသူတွေလည်း ရှိတယ် “လို့ မုံရွာဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက် ၊ နေ့လယ် ၁ နာရီဝန်းကျင်က မုံရွာမြို့ ၊ ရတနာပုံရပ်ကွက် ၊ သာစည်လမ်းမှာရှိတဲ့ သရဖူရွှေစင် ရွှေသန့်စင်ရေးလုပ်ငန်းကို အမည်မသိ (စုံစမ်းဆဲ) လူ သုံးယောက်က ဆိုင်ကယ်တွေနဲ့ ရောက်လာပြီး သေနတ်တွေနဲ့ ချိန်ရွယ်ကာ ဓားပြတိုက်ခဲ့တယ် ၊ အဲ့ဒီ ဓားပြတိုက်မှုမှာ ရွှေသန့်စင်ရေး ဆိုင်ရှိ ဗီရိုအတွင်းက ငွေကျပ် သိန်းသုံးရာ ၊ ရွှေအလေးချိန် နှစ်ကျပ်သားခန့် ရွှေအရိုင်းတုံး နှစ်တုံး ၊ ဖုန်းနှစ်လုံး ပါသွားတယ် ၊ အဲ့ဒီလို ဓားပြတိုက်နေတဲ့အချိန် ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဆွေဆိုသူက ဓားပြတွေကို ခုခံဖို့ လုပ်တာကြောင့် ၊ ဓားပြတယောက်က ဆိုင်ပိုင်ရှင် ဦးမြင့်ဆွေကို သေနတ်ဒင်နဲ့ ရိုက်နှက်တဲ့အတွက် ဆိုင်ရှင် ဦးမြင့်ဆွေဆိုသူမှာ ဒဏ်ရာရပြီး မုံရွာပြည်သူ့ဆေးရုံမှာ ဆေးကုသခံယူရတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် ၊ နေ့လယ် ၂ နာရီဝန်းကျင်က မုံရွာမြို့ ၊ ရန်ကင်း ရပ်ကွက်၊ ဇောတိကလမ်း၊ လမ်းသွယ် (၇)မှာနေတဲ့ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူ ဦးအောင်အောင် ရဲ့နေအိမ်ကို အမည်မသိ (စုံစမ်းဆဲ) လူလေးယောက်က ဟွန်ဒါဖစ် ကားတစ်စီးနဲ့ ရောက်လာပြီး အိမ်ရှင်လင်မယား အပါအဝင် နေအိမ်အတွင်းရှိ လူတွေကို သေနတ်နဲ့ ချိန်ရွယ်ထားပြီးနောက် နေအိမ်အပေါ် ထပ်ရှိ အိပ်ခန်းအတွင်းက ငွေကျပ် ၂၀၀ သိန်း၊ Alexandre Christie နာရီ ၃ လုံးအပါအဝင် စုစုပေါင်းနာရီ ၈ လုံး၊ iphone အမျိုးအစား လက်ကိုင်ဖုန်း ၅ လုံးနဲ့ SAMSUNG အမျိုးအစား လက် ကိုင်ဖုန်း ၁ လုံး၊ CLICK အမျိုးအ စားဆိုင်ကယ် ၁ စီး တို့ကို လုယက်ယူဆောင်တယ် ၊ အဲ့ဒီနောက် နေအိမ်ထဲမှာရှိနေတဲ့ ဒေါ်သင်းသင်းထွေး ဆိုသူကို သူတို့ပါလာတဲ့ကားနဲ့ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ အဖမ်းခံရတဲ့ ဒေါ်သင်းသင်းထွေးက သူတို့ကား ထွက်တဲ့အခါ ကားပေါ်ကနေ ခုန်ချပြီး လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မုံရွာမြို့ဘုရားကြီးရပ်ကွက်ထဲမှာ ဆေးခန်းတခုကို ဓားပြအဖွဲ့က ဝင်ရောက်ပြီး အမျိုးသမီး ဆရာဝန် တယောက်နဲ့ အိမ်အကူ အမျိုးသမီး တယောက်ကို ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီနောက် မုံရွာမြို့ပေါ်မှာ အခုရက်ပိုင်းအတွင်း လူပြန်ပေးဆွဲ အဖွဲ့တွေ ပစ်ခတ်ဖမ်းဆီးခံရတာများပြားလာသလို ၊ မုံရွာမြို့ပေါ်မှာ လုယက် ဓားပြတိုက်မှုတွေ ၊ လူသတ်မှုဖြစ်စဥ်တွေ လျော့နည်းသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW