ရွှေဘိုမှာ ဓားပြအဖွဲ့က ပစ်သတ်လို့ အိမ်ရှင် လင်မယား နှစ်ယောက်သေဆုံး



မေ ၊ ၃ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ အမှတ် ၉ ရပ်ကွက်မှာနေတဲ့ အိမ်တအိမ်မှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်က ဓားပြတိုက်ခံရပါတယ် ။ အဲဒီ ဓားပြမှုဖြစ်စဥ်မှာ ဓားပြအဖွဲ့တွေက ရွှေထည်ပစ္စည်းတွေနဲ့ ဆိုင်ကယ်တွေပါ လုယူသွားတဲ့အပြင် အိမ်ရှင်လင်မယားဖြစ်သူ လူနှစ်ယောက်ကိုလည်း သတ်ဖြတ်သွားတယ်လို့ ရွှေဘိုမြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် ၁၀ နာရီလောက်ကဖြစ်သွားတယ် ၊ ဓားပြအဖွဲ့က သတ်လို့သေဆုံးသူ လင်မယားနှစ်ယောက်က ဦးဘိုးကေနဲ့ သူ့မိန်းမ မမြင့်မြင့်သန်း ဖြစ်တယ် ၊ ကနဦး သိရတာက ကြိုးတုပ်ပြီး သတ်သွားတာဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” အိမ်ရှင်လင်မယားကို ပစ်သတ်ပြီး နေအိမ်အတွင်းမှာရှိတဲ့ ပိုက်ဆံနဲ့ ရွှေထည်ပစ္စည်းတွေ (အရေအတွက်နဲ့ တန်ဘိုး စိစစ်ဆဲ) ပါသွားတယ် ၊ နောက်ပြီး အိမ်ရှင်တွေရဲ့ ဆိုင်ကယ်တွေပါ လုယူသွားတာဖြစ်တယ် ၊ အဲ့ဒီ အခင်းဖြစ်အရပ်ကို သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ သွားရောက်စစ်ဆေးနေသလို မြို့ကိုပိတ်ပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်နေတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ လူသတ်ဓားပြမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က ရွှေဘိုမြို့နယ်ရဲ့ အနောက်တောင်ဘက် မင်းကုန်းကျေးရွာနားမှာရှိတဲ့ ရွှေဘို – ဆိပ်ခွန်ကားလမ်း မင်းကုန်းတံတားမှာ နစက လုံခြုံရေး တပ်တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားပြီး PDF တပ်ဖွဲ့ဝင် နှစ်ယောက်သေဆုံးကာ ၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။


ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၂၂ ရက် ၊ မနက် ၁၀ နာရီဝန်းကျင်က ရွှေဘိုမြို့၊ အမှတ် ၄ ရပ်ကွက်၊ ပြည်တော်သာ ၅ လမ်း၊ မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးရှေ့မှာရှိတဲ့ ၊ ရွှေလက်ပွား လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတဲ့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦး ၃၅ နှစ်ဆိုသူ ပစ်သတ်ခံရပြီး သူကိုင်ဆောင်တဲ့ ပိုက်ဆံအိတ်နဲ့ ပစ္စည်းတွေ ယူသွားတယ်လို့ သတင်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW