ပူတာအိုမှာ ဒီဇယ်ဆီ ပြတ်လပ်လာလို့ လယ်ယာလုပ်ကိုင်ဖို့ အခက်အခဲဖြစ်လာ



ဧပြီ ၂၇၊ ၂၀၂‌၄
Shy V (VOM)

ကချင်ပြည်နယ်၊ ပူတာအိုမှာ ဒီဇယ်ဆီ ပြတ်လပ်လာလို့ လယ်ယာလုပ်ဖို့ အခက်အခဲဖြစ် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဒီဇယ် ၁ ဂါလံ ၇၅၀၀၀ ထိ ရောက်သွားပြီ။ လယ်လုပ်ဖို့တောင် စိတ်ကုန်သွားပြီ။ ဒီဇယ် ၅ ဂါလံ တပုံး သုံးသိန်းခန့်ထိ ရောက်သွားပြီ။” လို့ ဒေသခံ လယ်သမား တယောက်က ပြောပါတယ်။

မြစ်ကြီးနား – ပူတာအိုကြား ဆွမ်ပရာဘွမ်ဘက်မှာ တိုက်ပွဲ ဖြစ်ပွား နေတာကြောင့် လမ်းပိတ်ထားတာ နှစ်လ ကျော်ပြီ ဖြစ်ပြီး ကုန်စည်တွေ ဝင်ဖို့ တခြားလမ်းလည်း မရှိဘူးလို့ သူက ပြောပါတယ်။

“ပူတာအို ဒေသမှာ ကျွဲ၊ နွားတွေ သိပ်မသုံးတော့ ဘူးလေ။ စက်နဲ့ပဲ အများဆုံး သုံးတယ်ဆိုတော့ ကျွဲ၊ နွားတွေ အကုန်ရောင်းစားလိုက်ကုန်ပြီ။ ကျွဲ၊ နွား တွေ မရှိတော့ဘူး။ တရုတ် စက်ကိုပဲ အားကိုးလို့ အခုတော့ ခက်သွားပြီပေါ့။” လို့ သူက ထက်ပြောပြပါတယ်။

ဓာတ်ဆီလည်း အခု လက်ရှိ တပုလင်း ၁၅၀၀၀ အထိ ဈေးထိုးတက်လာလို့ ဆိုင်ကယ် စီးဖို့တောင် ခက်ခဲ သွားတာကြောင့် အရမ်း အရေးကြီးတဲ့ နေရာတွေသာ သွားလာကြတော့တယ်လို့ သူက ပြောပါတယ်။

ရှေးရှေးကလိုလမ်းလျှောက်တဲ့ ခေတ် ပြန်ဖြစ်သွားပြီး လမ်းပဲ လျှောက် ကြရတော့သလို ကားတွေ အပါအဝင် စက်နဲ့ ပတ်သက်တာ အကုန်ရပ်ထားရကာ ကားလမ်းမှာ ဆိုင်တွေ၊ ကားတွေလည်း တစီးစ၊ နှစ်စီးစသာ အသွားအလာရှိတော့တယ်လို့ ဆိုပါတယ်။

စားသောက်ကုန်တွေက အရင်ကထက် ၅ ဆ ဈေးတက်သွတယ်လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

‘ဆန်တစ်ပြည် ၁၂၀၀၀ ဖြစ်သွား ပြီ။ တခြား ကုန်စိမ်းတွေက ပြောမနေနဲ့တော့။ ကုန်စိမ်းတွေက အရမ်း ဈေး ကြီးသွားပြီ။ မုံညှင်းပေါက်စ ဆယ်ပင်လောက်ကို ၂၀၀၀ လောက် ဖြစ်သွားပြီ။ ပူတာအို ဒေသမှာ အရမ်းခက်ခဲသွားပြီ။ လမ်းမဖွင့်တာ ၂ လ ရှိသွားပြီ။ ၅ လ ပိုင်း လမ်းဖွင့် ပေးမယ်လို့တော့ကြားတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင် ကျနော်တို့က မသိတော့ ဒီလိုပဲပေါ့။” လို့ ‌သူက ပြောပါတယ်။

ပူတာအို – မြစ်ကြီးနား လေယာဥ်ခလည်း အခုအချိန် အရမ်းဈေးတက်သွားလို့ မြစ်ကြီးနား သွားဖို့တောင် တစ်ယောက်ကို ၃ သိန်း ကျော်သွားပြီလို့ သူက ပြောပါတယ်။

လောလောဆယ်တော့ မြစ်ကြီးနား နဲ့ ပူတာအိုကြားက ဆွမ်ပရာဘွမ်ဘက် စစ်တပ်နဲ့ KIA ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့ တို့အကြား တိုက်ပွဲ မငြိမ်သေးလို့ လမ်းတွေပိတ်ထားဆဲဖြစ်လို့ ပူတာအိုဘက် ကုန်စည်ပြတ်လပ်လာတဲ့အပြင် ကုန်ဈေးနှုန်း အဆမတန် ထိုးတက်သွားလို့ အခက်အခဲ ကြုံနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Photo Crd# Wikipedia

Related posts

Leave a Comment

VOM News

FREE
VIEW