မေ ၁၄ – ၂၀၂၄
GG (VOM)
ပဲခူးတိုင်းအနောက်ပိုင်း ၊ ပြည်ခရိုင်၊ ပေါင်းတလည်မြို့၊ ပြည်- ပေါက်ခေါင်းကားလမ်းပေါ်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားလူငယ်အလောင်း စွန့်ပစ်ခံထားရမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။
မနေ့ကမေလ ၁၃ ရက်နေ့မနက်ပိုင်းမှာ သတ်ခံထားရတဲ့အမျိုးသားကိုတွေ့ရှိရတာဖြစ်ပြီး လည်ပင်းမှာလည်း “အနက်ရောင်သေမင်းတမန် အဖွဲ့”ဆိုတဲ့စာသားပါ လည်ဆွဲကတ်ကိုတွေ့ရှိရတယ်လို့သိရပါတယ်။
” အသက်က ၂၀ ကျော်လောက်ပဲရှိအုံးမယ်၊ အလောင်းတွေ့တဲ့နေရာမှာသတ်ခံရတာတော့မဖြစ်နိုင်ဘူး၊တခြားမှာသတ်ပြီး ဒီလမ်းလာပစ်တာလို့ထင်တယ်။ဒဏ်ရာကခေါင်းမှာတွေ့တယ်၊နောက်လည်ပင်းမှာ တခုခုနဲ့ညှစ်ထားသလိုတွေ့တယ်၊အသတ်ခံရတဲ့သူက ပေါင်းတလည်ကလည်းမဟုတ်ဘူး၊လည်ပင်းမှာတော့ ကတ်တခုဆွဲထားတယ်” လို့ ပေါင်းတလည်ဒေသခံကပြောပြပါတယ်။
အဆိုပါ အသတ်ခံထားရတဲ့လူငယ်အမျိုးသားက ပေါင်းတလည်မြို့ကမဟုတ်တာသာသိရှိရပြီး ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာမသိရသေးကြောင်း ၊ နေထိုင်ရာဇာတိကိုလည်းမသိရှိရသေးကြောင်း၊ အလောင်းကိုတော့ ပြည်မြို့ဆေးရုံကြီးကိုသယ်သွားတယ်လို့သိရပါတယ်။
” အနက်ရောင်သေမင်းတမန်အဖွဲ့ဆိုတာ PDF အဖွဲ့မဟုတ်ဘူး။PDF တွေကိုလိုက်ရှင်းတဲ့အဖွဲ့ဆိုပြီး ပြောနေကြတာရှိတယ်။အခုသတ်ခံရတဲ့သူကလည်း PDF ဟုတ်မဟုတ် ခုထိတော့ဘာမှ သတင်းတွေမကြားရသေးဘူး၊ ဟိုတလောကလည်း အဲ့လိုကတ်ဆွဲခံရပြီးအသတ်ခံထားရတဲ့သူတွေရှိတယ် ” လို့ နောက်ထပ်ပေါင်းတလည်ဒေသခံတယောက်ကပြောပါတယ်။
မေလ ၆ ရက်နေ့ကလည်း ပဲခူးတိုင်းအနောက်ပိုင်း၊ ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းအုပ်စု၊ ကုန်းသာရွာထဲမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားလူငယ်အလောင်းသုံးလောင်းစွန့်ပစ်ခံခဲ့ရမှုရှိခဲ့ပါတယ်။
အဆိုပါအမျိုးသားသုံးယောက်ရဲ့လည်ပင်မှာလည်း အနက်ရောင်သေမင်းတမန်အဖွဲ့ဆိုတဲ့စာသားပါလည်ဆွဲကတ်ချိတ်ဆွဲခံထားရတယ်လို့သိရပါတယ်။
ဒါအပြင် ဧပြီလ ၂၂ ရက်နေ့ကလည်း ပဲခူးတိုင်းအနောက်ပိုင်း၊လက်ပံတန်းမြို့၊အုတ်ဖိုစုရွာအနီးမှာ အမျိုးသားတယောက်သတ်ဖြတ်ခံထားရပြီး အလောင်းစွန့်ပစ်ခံခဲ့ရကြောင်း၊သူ့ရဲ့လည်ပင်းမှာလည်း အနက်ရောင်သေမင်းတမန် စာသားကတ်ချိတ်ဆွဲထားတယ်လို့သိရပါတယ်။
အခု လူငယ်တွေအသတ်ခံရပြီး အလောင်းစွန့်ပစ်ခံရတဲ့ မြို့နယ်တွေမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်သတင်းပေးဆိုသူတွေလည်း သတ်ခံခဲ့ရတာတွေရှိတယ်လို့သိရပါတယ်။
Photo Crd:CJ