ရှင်ဘုရင်လည်း အကြွေးနဲ့

 

 

ဆူးငှက်

 

မန္တလေးမြို့လယ်မှာ ကျုံးမြို့ရိုးကြီးရှိနေတာကိုက မင်းတုန်းမင်းကြီးကို ကျေးဇူးတင်စရာကောင်းလှသည်။ အခုပဲကြည့် မိုးကုန်လု၍ နှင်းတွေပါးပါးကျလာကာ ဆောင်းရနံ့လေးရလာသည်နှင့်ပင် မနက်စောစောကျုံးနဘေးမှာ လမ်းလျှောက်ကြ၊ ဖွဖွလေးပြေးကြ၊ သွက်သွက်လေး ခုန်ကြ၊ ကျော့ကျော့ကလေး အေရိုးဗစ်ကစားကြနှင့် ဖွေးဖွေးလှုပ် ခဲ့ပြီ။ ကျုံးရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော လေနုနုကို အားပါးတရ ရှူသွင်း…..။

 

ကျွန်တော်က ကျုံးနဘေးမှာ “ဖွေးဖွေးလှုပ်” ဟုသုံးနှုန်းလိုက်တော့ မန္တလေးသားတွေကတော့ ယဲ့ယဲ့ကလေး ပြုံးမိကြမှာပေါ့။ ဟုတ်တော့လည်းဟုတ်သည်။ အားကစားဝတ်စုံရောင်စုံနှင့် မနက်စောစော ကစားခုန်စား လုပ်နေနိုင် သူတွေက“ဖွေးဖွေးလှုပ်”သူတွေမို့ဖြစ်သည်။ မန္တလေးသူမန္တလေးသား ညိုပြာညက်၊ ညိုမောင်းမောင်းတွေက ပါသည်ဆိုရုံ အနည်းအပါး။

 

 

 

““……မတ်ရပ်တံခါး၊ ပြူတင်းလေသာတံခါး စသော နံရံများတွင် ရွှေကျင်ခတ်ထည်၊ ပန်းအပြောက်တို့ဖြင့်

ပြီးသော ဘဲခတ္တီပါ အထည်များကို။ ရွက်ကာမုတ်လှဇရွဲကြာပျံ၊ နံရံအကာမှစ၍ ကြက်မွှမ်းလုပ်ဆောင်စေ

ခြင်း။ ရွှေသားဘော်စင်များကို၊ သင်းချောကြိမ်ကဲ့သို့ခတ်၍။ ဆန်းကြယ်စွာယက်လုပ်စေအပ်သော။ ရွှေ

သင်ဖျူး၊ ငွေသင်ဖျူးစသော ထူးဆန်းသောအခင်းများကို ခင်းကျင်းစေခြင်း။ အလိုမဲ့ထွန်းလင်းစေနိုင်သော

လျှပ်စစ်ဓာတ်မီးတို့ဖြင့် ထွန်းလင်းတောက်ပစေခြင်း။ ပွင့်မျိုးသီးမျိုး ပန်းအိုး၊ ပန်းခုံတို့ဖြင့် တင့်တယ်ခင်း

ကျင်းစေခြင်း……””

(မူရင်းသတ်ပုံ၊ ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး တတိယတွဲ)

“အလိုမဲ့ထွန်းလင်းစေနိုင်သော လျှပ်စစ်ဓာတ်မီး…”တဲ့။ မန္တလေးတွင် လျှပ်စစ်ဓာတ်မီးကို စတင်အသုံးပြုခဲ့သည်မှာသက္ကရာဇ် ၁၂၄၆ ခု သီတင်းကျွတ်လတွင် ခမ်းနားကြီးကျယ်စွာ ဆင်ယင်ကျင်းပခဲ့သော သီပေါဘုရင်၏သမီးတော် နားထွင်းမင်္ဂလာပွဲမှစတင်ခဲ့သည်ဟု မှတ်သားဖူးသည်။ ထိုစဉ်က မန္တလေးမြို့တွင်းအသီးသီးသော ရက်ကွက်များ၌ ဆီမီး၊ ကညင်မီးတို့သာသုံးစွဲနေချိန်၌ ကျုံးမြို့ရိုးကာရံထားသော နန်းတွင်း၊ နန်းမြို့တော်တွင် “အလိုမဲ့ထွန်းလင်းစေနိုင်သည့် လျှပ်စစ်ဓာတ်မီး” ကို ထိန်ထိန်လင်းလင်းမျှ သုံးစွဲ ခေတ်မီနေချေပြီ။

 

 

သီပေါမင်းလက်ထက်၊ သမီးတော်နားထွင်းမင်္ဂလာမှ အစပြု၍ သုံးစွဲသော လျှပ်စစ်ဓာတ်မီးကား၊ မီးစက်မီးဖြစ်၏။ယခုကဲ့သို့ တရုတ်အင်ဂျင်တော့ ဟုတ်ဟန်မတူ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသို့ ၁၈၇၅ ခုနှစ်ကတည်းက ရောက်ရှိကာမြန်မာဘုရင်ထံ အမှုထမ်းနေသော ပြင်သစ်အင်ဂျင်နီယာ ဘွန်ဘီလိန်းက ပါတော်မူပြီးနောက် မြန်မာအစိုးရ ရှင်ဘုရင်ထံမှ ရလိုကြောင်း တောင်းခံခဲ့သည့် “အကြွေးတော်” စာရင်းတွင် ၁၈၈၁ ခုနှစ် ကန်ထရိုက်စာချုပ်အရ တင်သွင်းသည့်မီးစက် ၅ လုံးတန်ဖိုး(၆၀၇၅)ကျပ်၊ ဟူသော “ရရန်” စာရင်းတစ်ခုပါရှိသည်။ ထို့ကြောင့် သီပေါမင်း သုံးစွဲသော “အလိုမဲ့ ထွန်းလင်းစေနိုင်သောလျှပ်စစ်ဓာတ်မီး” ဟူသည် ပြင်သစ်မီးစက်မှ ထွန်းညှိသော လျှပ်စစ်မီး ဖြစ်နိုင်သည်။

 

 

နန်းတွင်း၌ ထိုမီးစက်ကို ၂၄ နာရီမီးလင်းရေးအစီအစဉ်ဖြင့် ထွန်းညှိသလော၊ မဟုတ်တန်ရာ။ အဘယ့်ကြောင့် ဆိုသော်သက္ကရာဇ် ၁၂၄၅ ခု၊ တော်သလင်းလက နတ်တော်လပြည့်ကျော် ၉ ရက်နေ့တိုင် အရပ်ရပ် အသုံးတော်ရှိရာ အမိန့်တော်မြတ်နှင့်အခွန်ဝန်၊ အကောက်ဝန် ကျောက်ရဲမြို့စား၏ စာရင်းရှင်းတမ်းတစ်ခုတွင် – “အမိန့်တော်မြတ်နှင့် မြို့သာဆရာတော်ဘုရားလှူဒါန်းရန်နှင့် ဆရာတော် နောက်ပါလူတို့ကို ဆုသနားတော်မူပါရန် ဆက်သွင်းသည် ကျောက်ဖယောင်းတိုင်သေတ္တာ ၂၀” ဟူသော စာရင်း။ အမိန့်တော်မြတ်နှင့် စားတော်ဝန်သို့ပေးဆက်သွင်းရသည် ကျောက်ဖယောင်းတိုင်သေတ်္တာ  ၂၀၀ သင့်ငွေ၉၀၀ ဟုူသောစာရင်း၊ အမိန့်တော်မြတ်နှင့်မြို့ဝန်အက္ကပါတ်မြင်းဝန် ပင်လယ်မြို့စားသို့အပ်၍ ဆက်သွင်းရသည့် ပစ္စည်းများစာရင်း၌လည်း ကျောက်ဖယောင်းတိုင်သေတ္တာ ၅ ဟူသောစာရင်း၊ အမိန့်တော်မြတ်နှင့် အသျှင်နန်းမတော်မိဖုရားခေါင်ကြီးဘုရားစာရေးကြီး ဖန်ချက်ဝန်နှင့် စားတော်ဝန်တို့အပ်၍ ဆက်သွင်းရသည့်ပစ္စည်းစာရင်း၌ ကျောက်ဖယောင်းတိုင်သေတ္တာ ၁၀၀စာရင်း၊ တောင်ပန်းခုံအုတ်တိုက် တော်တွင် မီးထွန်းပြောင်ရန် ဗြဲတိုက်သံဆင့် ငဘိုးသွယ်သို့အပ်၍ ပေးသွင်းရသည့်ပစ္စည်းစာရင်း၌ ဖန်ပေါင်းချောင်နှင့်အတူ မြို့ဝန်အက္ကပါတ် မြင်းဝန်၊ ပင်လယ်မြို့စားသို့အပ်၍ ဆက်သွင်းရသည့်ပစ္စည်းစာရင်း၌ကျောက်ဖယောင်းတိုင်သေတ္တာ ၅၀၀ စာရင်းတို့ကို တွေ့ရှိ မှတ်သားရသည်။

 

မည်သို့ဆိုစေ။ သီပေါဘုရင်လည်း ပါတော်မူသာသွားရော ပြင်သစ်သို့ ပေးရန် မီးစက် ၅လုံးဖိုးက ကြွေးတင်ကျန်ရစ်ခဲ့တော့သည်။ ရှင်ဘုရင်လည်း ကြွေးနဲ့။

ဆူးငှက်

#voiceofmyanmar #VOM #ဆူးငှက် #ရှင်ဘုရင်လည်းအကြွေးနဲ့

 

Related posts

VOM News

FREE
VIEW