စက်မှုဇုန်အားလုံး လျှပ်စစ်မီးသုံးစွဲခွင့် တရက် ၂ နာရီသာ ရရှိတဲ့အတွက် အခက်အခဲ ဖြစ်နေ



မေ ၂၁ – ၂၀၂၄
SN (VOM)

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတဝန်းက စက်မှုဇုန်တွေအားလုံး လျှပ်စစ်မီးသုံးစွဲခွင့် တရက် ၂ နာရီသာ ရရှိတော့တဲ့အတွက် အခက်အခဲတွေဖြစ်နေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

လက်ရှိမှာ စက်မှုဇုန်တွေအားလုံး နေ့စဉ် မနက် ၅ နာရီကနေ မနက် ၇ နာရီအထိ နှစ်နာရီသာ လျှပ်စစ်မီးရရှိတော့တာဖြစ်ပြီး အခုလို လျှပ်စစ်မီးပေးမှုအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက ကြိုတင် အကြောင်းကြားခဲ့တာမျိုး မရှိဘူးလို့ လုပ်ငန်းရှင်တယောက် ပြောပါတယ်။

“ကျွန်တော်တို့ ရန်ကုန်တိုင်းမှာ စက်မှုဇုန် ၂၉ ဇုန်ရှိတယ်။ အကုန်လုံး အဲ့တိုင်းဖြစ်သွားပြီ။ ဘာမှလည်း အကြောင်းမကြားဘူး။ အဲ့တော့ ကျန်တဲ့အချိန် မီးစက်ပဲ မောင်းရတော့တာပေါ့။ ဒီအတွက် ဆီလေးတော့ ပေးစေချင်တယ်။ အလုပ်ကတော့ ပိတ်လို့မှမရတာကိုး။ ဘာကြောင့်လဲဆိုတော့ အလုပ်သမားတွေက မှီခိုတဲ့သူက ရန်ကုန်တိုင်းမှာ ခုနစ်သိန်းကျော်လောက်ရှိတယ်” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်တွေမှာ အရင်က တရက်ကို လျှပ်စစ်မီး ၄ နာရီ ရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ လူနေရပ်ကွက်တွေမှာ လျှပ်စစ်မီး သုံးစွဲမှုများလာတာကြောင့် စက်မှုဇုန်တွေကို တရက်ကို လျှပ်စစ်မီး နှစ်နာရီသာ ပေးတော့တာဖြစ်တယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် ဦးကျော်သူက မီဒီယာတခုကို ဖြေကြားထားတာ တွေ့ရပါတယ်။

ဒါပေမယ့် စက်မှုဇုန်တွေဘက်ကတော့ နိုင်ငံဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိရင် တယူနစ်ကို ကျပ် ၁၅၀ သာ ကုန်ကျပေမယ့် မီးစက်နဲ့ လည်ပတ်ရင်တော့ တယူနစ်ကို ကျပ် ၁၀၀၀ အထက် ကုန်ကျတယ်လို့ ပြောဆိုကြပါတယ်။

ဒီဇယ် တဂါလန်ကို ကျပ် တသောင်းကျော် ဈေးရှိနေပြီး မီးစက်ထဲ ထည့်မောင်းပါက ၁၀ ယူနစ်ထွက်ပေမယ့်လည်း ဒီဇယ်ဆီကိုတောင် လက်ရှိမှာ အကန့်အသတ်နဲ့ ဝယ်ယူနေရတဲ့အတွက် လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။

“ဆီကတော့ အရင်ကတော့ ဆိုင်ကို ဖုန်းတချက်ဆက်လိုက်ရင် လာပို့တာပေါ့။ ခုတော့ မရတော့ဘူး။ ဆိုင်မှာသွားထုတ်ရင် တဈေး။ လာပို့ရင် တဈေး ဖြစ်သွားပြီ။ တလီတာကို ကျပ် ၄၀၀ ၊ ၅၀၀ လောက်ကွာတယ်။ ဂါလံ ၅၀ တပေပါဆိုရင် တသိန်းခွဲကွာတယ်။ ကားတစီးဆိုရင် သိန်း ၁၅၀ ကွာရော။ အဲ့ဒါကြောင့် ပို့ခထက် နည်းနည်း အပိုယူပေါ့၊ မဟုတ်ဘူးလား။ ပို့ခထက် အများကြီးပိုယူတော့ အများကြီးသုံးတဲ့လူက နာတာပေါ့။ ရေရှည်ကျတော့ မခံနိုင်ဘူး။ စက်မှုဇုန်ဆိုတာ မီးမှမရရင် စက်မှုဇုန်လို့ ဘယ်လိုလုပ် ခေါ်လို့ရမှာလဲ။ အဓိက အရေးကြီးတာ ဒါပဲလေ” လို့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

လက်ရှိမှာ စက်ရုံတွေအနေနဲ့ လျှပ်စစ်မီး ပြတ်တောက်ချိန်မှာ ဒီဇယ်အင်ဂျင်သုံး မီးစက်တွေကိုသာ အဓိကထား အသုံးပြုပြီး လုပ်ငန်းလည်ပတ်ရတာကြောင့် ကုန်ကျစရိတ်ပိုများနေတယ်လို့ သိရပါတယ်။

“အခုက မနက်ပိုင်း နှစ်နာရီလေးပဲလာတော့ ကျန်တဲ့အချိန်က မီးစက်မောင်းပေါ့။ စက်ရုံတိုင်းကတော့ မီးစက်ရှိပါတယ်။ ဒါပေမယ့် မီးစက်ဆိုတာက သိတဲ့အတိုင်းပဲ၊ backup လုပ်တာလေ။ အခုက ၂၄ နာရီနီးပါး လိုသလောက် မောင်းနေရတဲ့အခါကျတော့ ကြာတော့လည်း သူတို့လည်းမခံနိုင်ဘူး။ အကုန်ပျက်ကုန်တယ်။ အဲတော့ တင်သွင်းဖို့ကလည်း ကြပ်၊ အပိုပစ္စည်းကလည်း မရှိ‌ ဆိုတော့ အရင် တခါပြင် ၁၀ သိန်းလောက် ကုန်တဲ့ဟာက အခု သိန်း ၂၀၀ လောက်ကုန်တော့ ဘယ်လိုလုပ်ကြမှာတုန်း” လို့ နောက်ထပ် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

တရိပ်ရိပ်တက်လာတဲ့ လောင်စာဆီဈေး၊ မီးစက်ထိန်းသိမ်းပြုပြင်စရိတ်ကြောင့် အမြတ်အားလုံးဟာ ဆီးဖိုးနဲ့သာကုန်သွားပြီး တွက်ခြေမကိုက်တော့တဲ့အတွက် အရည်အသွေးနိမ့်တဲ့ ကုန်ကြမ်းတွေနဲ့သာ ထုတ်လုပ်နိုင်တော့တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

နစက ဥက္ကဋ္ဌကတော့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဟာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်နေတာကြောင့် လာမယ့် ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ နစက အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

အခု တနှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့မှာတော့ တနိုင်ငံလုံး ဓာတ်အားလိုအပ်ချက် ၅၅၀၀ မဂ္ဂါဝပ်လောက်ရှိပေမယ့် လက်တွေ့မှာ တရက်ကို ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ပဲ ထုတ်လုပ်နိုင်လို့ နိုင်ငံတဝန်း လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၅၀ ရာခိုင်နှုန်းသာ မီးပေးနိုင်တယ်လို့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW