လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာ


မေ ၂၁ – ၂၀၂၄
SN (VOM)

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း မြန်မာပြည်ဟာ ဘက်ပေါင်းစုံမှာ ပျက်စီးယိုယွင်းလာပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရခက်ခဲလာတာကြောင့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။

ပြည်ပကနေ လာရောက် ရင်းနှီးမြှုပ်နှံသူတွေဟာလည်း တချို့ အပြီးတိုင် ထွက်ခွာသွားကြတာ ရှိသလို လုပ်ငန်း ခေတ္တ ရပ်ဆိုင်းထားကြတာတွေလည်း ရှိပါတယ်။

“သုံးနှစ်ကျော် ကြာမြင့်လာတဲ့ အချိန်မှာ မြန်မာ့စီးပွားရေးက အဘက်ဘက်က ယိုင်နဲ့ ကျဆင်းလာတာကို အထင်အရှား တွေ့နေရတယ်။ ၂၀၂၁ နောက်ပိုင်း FDIs (နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ) ဝင်ရောက်မှု သိသိသာသာ ကျဆင်းသွားတာကို ကြည့်ရင် သိနိုင်တာပဲလေ။ နောက်ပိုင်း အသစ်ဝင်ရောက်လာတွေတော့ ရှိပေမယ့် ဒီ အသစ်ဝင်လာတာတွေကို ကြည့်မယ်ဆိုရင်လည်း လုပ်ငန်းအများစုက နိုင်ငံရေးတည်ငြိမ်မှု မရှိတဲ့အချိန်၊ တရားဥပဒေစိုးမိုးမှု အားနည်းနေချိန်ကို အခွင့်ကောင်းယူပြီး ရောက်လာတာ။ အရင်းအနှီးအနည်းငယ်နဲ့ ရေတို အကျိုးအမြတ်ကိုပဲကြည့်ပြီး ဝင်လာတွေများတယ်။ လုပ်ငန်းရုပ်သိမ်းပြီး ထွက်ခွာသွားကြတဲ့ ကုမ္ပဏီကြီးတွေကမှ တကယ် အရင်းအနှီးပမာဏလည်း ကြီးသလို နိုင်ငံအတွက် ရေရှည်အကျိုးအမြတ် အရမ်းကောင်းတဲ့ ကုမ္ပဏီကြီးတွေ။ ဒါက နိုင်ငံအတွက် နစ်နာမှုပိုကြီးတယ်” လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ဒီရက်ပိုင်းမှာလည်း ရန်ကုန်တိုင်း၊ မှော်ဘီမြို့မှာ စက်ရုံတည်ထောင်ပြီး မြန်မာနိုင်ငံအနှံ့ကို တိရစ္ဆာန်အစာ ထုတ်လုပ်ရောင်းချနေတဲ့ CJ Feed Myanmar ဆိုတဲ့ ကိုရီးယားကုမ္ပဏီဟာ တိရစ္ဆာန်အစာနဲ့ ကြက်သားပေါက် ထုတ်လုပ်ရောင်းချမှုကို မေ ၂၈ ရက်မှစတင်ကာ ခေတ္တရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပါတယ်။

CJ ကုမ္ပဏီဟာ ပြည်တွင်းမှာ တိရစ္ဆာန်အစာထုတ်လုပ်တဲ့ လုပ်ငန်းကို အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ ကိုရီးယားကုမ္ပဏီဖြစ်ပြီး လတ်တလောဖြစ်ပွားနေတဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်မှု ကျဆင်းလာခြင်းတို့အပေါ် မူတည်ပြီး ထုတ်လုပ်မှုတွေ ခေတ္တရပ်နားထားမယ်လို့ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ ကြက်၊ ဝက်၊ ဘဲ၊ ငါး အစားအစာတွေကို ထုတ်လုပ်ရောင်းချနေသလို ကြက်သားဖောက်လုပ်ငန်းမှ ကြက်သားပေါက်တွေကို ရန်ကုန် အပါအဝင် မန္တလေး၊ ပဲခူး၊ ဧရာဝတီတိုင်း စတဲ့ ဒေသအနှံ့အပြားကို ဖြန့်ဖြူးရောင်းချနေတာ ဖြစ်တယ်လို့ သိရပါတယ်။

CJ ကုမ္ပဏီဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ ၂၀၁၇ ခုနှစ်မှစတင်ကာ မှတ်ပုံတင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ လုပ်ငန်း စတင် လည်ပတ်ခဲ့ကာ ခုနစ်နှစ်ကျော်အကြာမှာတော့ ယာယီ လုပ်ငန်းရပ်နားခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ လက်ရှိ လုပ်သားအင်အားအခြေအနေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းနဲ့ လုပ်ငန်းရပ်ဆိုင်းရတဲ့ အသေးစိတ် အချက်အလက်ကို VOM မှ ကုမ္ပဏီ Marketing ဌာန တာဝန်ရှိသူထံ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုဖို့အတွက် အားလပ်ခြင်းမရှိသေးဘူးလို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

CJ ကုမ္ပဏီဟာ မြန်မာ အပါအဝင် ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ ဗီယမ်နမ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်အစရှိတဲ့ နိုင်ငံတွေမှာ တိရစ္ဆာန်အစာနဲ့ ကြက်သားပေါက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေတာဖြစ်ပြီး စက်ရုံပေါင်း ၂၇ ရုံခန့်ရှိတဲ့ ကုမ္ပဏီကြီးတခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ကုမ္ပဏီအနေနဲ့ လတ်တလောဖြစ်ပွားနေတဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်မှု ကျဆင်းလာခြင်းအပြင် အရောင်းအဝယ်လုပ်ငန်းတွေ ခက်ခဲလာခြင်း၊ ကုန်ကြမ်းကုန်ကျစရိတ် တိုးမြင့်လာခြင်း၊ ကုန်ကြမ်းရရှိမှု ခက်ခဲခြင်းနဲ့ လုပ်သားအင်အား မလုံလောက်မှုတွေကြောင့် လုပ်ငန်းတွေ ယာယီ ရပ်နားမယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။

“လုပ်သားရှားပါးတာက ဘယ်စက်ရုံ၊ ဘယ်ကုမ္ပဏီမှာမဆို ဖြစ်နေတဲ့ ကိစ္စ။ အကုန်လုံးလိုလိုက နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကုန်ကြတော့ ဒီဘက်မှာ လုပ်ငန်းလည်ပတ်ဖို့ ပြဿနာတွေဖြစ်လာတာပေါ့။ ပြီးတော့ ကုန်ကြမ်းတွေက ဝယ်ရတာခက်လာတယ်။ သယ်ယူရတာလည်း အခက်အခဲတွေရှိလာတော့ အစာစက်ရုံတွေ ဆက်ပြီးတော့ လည်ပတ်ဖို့ ခက်လာတဲ့အခြေအနေရှိတာပေါ့” လို့ မွေးမြူရေး လုပ်ငန်းရှင်တယောက်က သုံးသပ်ပါတယ်။

ပြည်တွင်းမှာ စီးပွားရေး ကျဆင်းမှုတွေကြောင့် လုပ်ခနည်းပါးလို့ ပြည်ပထွက်ခွာ အလုပ် လုပ်ကြတာရှိသလို စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီး နောက်ပိုင်းမှာလည်း လူငယ်အများအပြား ပြည်ပထွက်ခွာနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုဇုန်နဲ့ စိုက်ပျိုးရေး၊ မွေးမြုရေး လုပ်ငန်းတွေအပြင် လုပ်ငန်းကဏ္ဍ အသီးသီးအလိုက် လုပ်သားအင်အား ရှားပါးမှုတွေ ကြုံတွေ့နေရတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း စီးပွားရေးလုပ်ငန်းထိခိုက်မှု အများအပြား ရှိခဲ့တဲ့အနက် ကြက်၊ ဘဲ၊ မွေးမြူရေးလုပ်ငန်းတွေဟာလည်း နယ်မြေ မတည်ငြိမ်မှုကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ဖြစ်လာတယ်လို့ သိရပါတယ်။

မွေးမြူရေးအတွက် အဓိက လိုအပ်တဲ့ လျှပ်စစ်မီး မရရှိတာကြောင့် မီးစက်အတွက် ဒီဇယ်ကို မှောင်ခိုဈေးနဲ့ ပိုပေးကာ ဝယ်ယူရသလို ကုန်ကြမ်းပစ္စည်းတွေ ဈေးတက်လာတာကြောင့်လည်း ကုန်ကျစရိတ် ပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။

ဒါအပြင် ပြန်လည်ရောင်းချရာမှာလည်း တွက်ခြေမကိုက်ခြင်း၊ ဈေးတင် ရောင်းပါကလည်း နစကမှ ခေါ်ယူစစ်ဆေးကာ ဈေးနှုန်းချခိုင်းခြင်းတွေကြောင့် ဈေးကွက်လည်းပျက်လာပြီး ရှိတဲ့လုပ်ငန်းကိုတောင် ရတဲ့ဈေးနဲ့ ရောင်းချလာရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဒါအပြင် ကြက်မွေးမြူရေးလုပ်ငန်းတွေမှာ မွေးမြူရေးသုံး သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ ဆေးဈေးနှုန်းတွေ အဆမတန် မြင့်တက်လာခြင်း၊ အထွေထွေကုန်ကျစရိတ်နဲ့ လုပ်အားခတွေ မြင့်တက်လာခြင်းတို့ကြောင့်လည်း အသားစားကြက်နဲ့ ဥစားကြက် မွေးမြူရေးလုပ်ငန်းအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော် ရပ်နားလာရခြင်းတွေ ရှိတယ်လို့ မွေးမြူရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

CJ

Related posts

Leave a Comment

VOM News

FREE
VIEW