မုံရွာမှာ အငြိမ်းစား ရဲအရာခံဗိုလ်တယောက်ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး



မေ ၊ ၂၄ ၊ ၂၀၂၄
SP (VOM)

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အမှတ် ၂ နယ်မြေရဲစခန်းမှာ ဂါတ်စာရေး တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အငြိမ်းစား ရဲအရာခံဗိုလ် တယောက်ကို ဖမ်းဆီးထားတယ်လို့ မုံရွာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဒီကနေ့ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

” အငြိမ်းစား ရဲအရာခံ ဝင်းနိုင်ဆိုတာ အရင်က မုံရွာ စက်မှုဇုန် ရဲစခန်းမှာ ဂါတ်စာရေး တာဝန်ထမ်းဆောင်တယ် ၊ အဲ့ဒီနောက် ရခိုင်ဘက်က အမ်းရဲစခန်းကို အပြောင်းကျတယ် ၊ နောက်တော့ ရဲတပ်ရင်း တခုမှာ တာဝန်ကျပြီး အရာခံဗိုလ်အဆင့်နဲ့ အငြိမ်းစား (ပင်စင်) ယူတယ် ၊ အဲ့ဒီနောက် သူနဲ့ ကျနော်တို့ အဆက်သွယ်မရှိတော့ဘူး ၊ သူတို့မိသားစုဘယ်မှာနေသလဲဆိုတာ မသိရဘူး ” လို့ အငြိမ်းစား ရဲဝန်ထမ်းတယောက်က ပြောပါတယ်။

မုံရွာခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က
” ဒီကနေ့ လူမှုကွန်ရက်ပေါ်မှာ ရဲအရာခံဗိုလ် ဝင်းနိုင် ဖမ်းဆီးခံထားရတယ်ဆိုတာ တွေ့ရတယ် ၊ သူ့မိသားစုက သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြားတာ အခုထိ မရှိသေးဘူး ” လို့ ပြောပါတယ်။

ဒါ့အပြင် ဒေသတွင်း လူမှုကွန်ရက်တွေ ပေါ်မှာ ထုတ်ပြန်ထားတာက မေလ ၁၉ ရက်နေ့က မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်၊ နေဇာလမ်းမှာ လွင် ငါးပိထောင်းဆိုင် ဖွင့်လှစ်ထားသော ရဲအရာခံ ဝင်းနိုင်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံ ရေးအဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း၊ ရဲအရာခံဝင်းနိုင်သည် ၂၀၂၁ ခုနှစ် ဇွန်လတွင် မုံရွာခရိုင်မှုခင်းဌာနသို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း၊ ပြည်သူအဖြစ် အသွင်ယူ၍ မုံရွာမြို့ပေါ်၊ ရတနာပုံ၊ ချမ်းမြသာစည်၊ လယ်တီရပ်ကွက် ၃ ခု၏ သတင်းပိုင်းဆိုင်ရာ ထောက်လှမ်းရေးအဖြစ် ထမ်းဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေ ၂၂ ရက် ညနေပိုင်းက စစ်ကိုင်းမြို့ ၊ ပါရမီရပ်ကွက်မှာရှိတဲ့ လဝကရုံးနဲ့ အခွန်ရုံးတွေကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝင်ရောက်ပြီး ရုံးဝန်ထမ်းတွေကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ် ပေါ်ပေါက်ပြီး နစက လုံခြုံရေးအဖွဲ့တွေနဲ့ PDF တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ လူးငါးယောက် ထိခိုက်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မုံရွာနယ်မှာ လူပြန်ပေးဆွဲ ဖမ်းဆီးတဲ့အဖွဲ့ကို ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးခဲ့ရာ လူငါးယောက်ထက်မနည်း သေဆုံးခဲ့ပြီး လူ ၂၀ ကျော် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်ကလည်း
” ပြီးခဲ့တဲ့ ဧပြီမှာ ပြန်ပေးဆွဲ ဖမ်းဆီးခံရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းသုံးယောက်အပါအဝင် အနည်းဆုံး လူငါးယောက်ထက်မနည်း အထိခိုက်မရှိ ကယ်ဆယ်ပေးနိုင်ခဲ့တယ် ၊ ပြန်ပေးဆွဲသမားတွေ ပစ်ခတ်ဖမ်းဆီးတဲ့အခါ အလောင်း ငါးလောင်း ၊ ကားမျိုးစုံ ငါးစီး၊ ဆိုင်ကယ်မျိုးစုံ ဆယ်စီးကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ” လို့ ပြောပါသေးတယ်။

ဓာတ်ပုံ ၊ အငြိမ်းစား ရဲအရာခံဗိုလ် ဖမ်းဆီးထားပုံ ( လူမှုကွန်ရက်)

Related posts

Leave a Comment

VOM News

FREE
VIEW