မုံရွာနယ်မှာ စစ်သားတယောက်ကို PDF အဖွဲ့က ဖမ်းဆီး



မေ ၊ ၂၅ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ်နဲ့ အရာတော်မြို့နယ်ကြား လမ်းပိုင်းတနေရာမှာ မေ ၂၂ ရက်က ဒုတပ်ကြပ် အဆင့်ရှိတဲ့ စစ်သားတယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က ဖမ်းဆီးထားတယ်လို့ ဒီကနေ့ မနက်ပိုင်းက သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

အဲ့ဒီ ထုတ်ပြန်ချက်တွေထဲမှာ မုံရွာ – အရာတော် – ရွှေဘိုကားလမ်း လိုင်းကားပေါ်မှာ လိုက်ပါလာတဲ့ ဒုတပ်ကြပ် စန်းချစ်နိုင် ကိုယ်ပိုင်အမှတ် တ/၂၅၆၇၅၉ ၊ ခမရ ၉၂၅ ဆိုသူကို ဖမ်းဆီးရမိတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” မုံရွာနယ်မှာ ခမရ ၉၂၅ တပ်ဆိုတာမရှိဘူး ၊ အဲ့ဒါကြောင့် စီစစ်နေတယ် ” လို့ပြောပါတယ်။

မနေ့ မေ ၂၄ ရက်ကလည်း မုံရွာနယ် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက မုံရွာမြို့ ၊ ချမ်းမြသာစည်ရပ်ကွက် ၊ နေဇာလမ်းမှာနေထိုင်တဲ့ လွင် ငါးပိထောင်းလုပ်ငန်းပိုင်ရှင် ရဲအရာခံဗိုလ် (ဟောင်း) ဦးဝင်းနိုင်ဆိုသူကို ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။

အရာတော်နယ်မှာနေတဲ့ ဒေသခံတယောက်က
” ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက် ၊ သင်္ကြန်ရက်ပိုင်းက မုံရွာကနေ အရာတော်ကို တပ်သားသစ်တွေ ပို့တဲ့ ယာဥ်တန်း မုံရွာ – အရာတော်ကားလမ်း ၊ ကမ်းဖြူရွာနားမှာ မိုင်းဆွဲ တိုက်ခိုက်ခံရတယ် ၊ အဲ့ဒီမှာ ထိခိုက်သေဆုံးမှုတွေရှိတယ် ၊ အဲ့ဒီနောက် သင်္ကြန်ပြီးတော့ အရာတော်နယ် ဝါးတောမ ၊ မှော်တော ၊ ဘော်ကုန် စတဲ့ရွာတွေဘက်မှာ နစက တပ်တွေ နယ်မြေရှင်းလင်းရေး လုပ်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာမြို့နယ် အရှေ့ပိုင်း တောင်မာတောကျေးရွာနဲ့ ညောင်ပင်ကျေးရွာကြားမှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က ထုတ်လုပ်ရေးမှူး တာဝန်ခံတယောက် ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ကားတစီး သိမ်းဆည်းခံရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ လူမှုကွန်ရက်

Related posts

Leave a Comment

VOM News

FREE
VIEW