သံတွဲမြို့ကနေ စစ်ရှောင်မယ့်ဒေသခံအများစု မြို့ထဲမှာ ပိတ်မိနေ



မေ ၂၈ – ၂၀၂၄
SN (VOM)

သံတွဲမြို့အဝင်အထွက် ရေလမ်း၊ ကုန်းလမ်းအားလုံး ပိတ်ဆို့ခံထားရတာကြောင့် ဒေသခံတွေ ဘေးကင်းရာကို သွားရောက် တိမ်းရှောင်လို့မရတော့ဘဲ မြို့ထဲမှာပဲ ပိတ်မိနေကြတယ်လို့ သံတွဲဒေသခံတွေဆီက သိရပါတယ်။

မြို့နဲ့နီးကပ်လာတဲ့ တိုက်ပွဲတွေကြောင့် မြို့ခံတွေ ဘေးကင်းရာကို ထွက်ပြေးနေရချိန် ရက္ခိုင့်တပ်တော် (AA) မှ မြို့သိမ်းတိုက်ပွဲ ဆင်နွဲမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် သံတွဲမြို့က ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာခွင့်တွေကို နစကဘက်က ပြီးခဲ့တဲ့ မေ ၂၅ ရက်မှ စတင်ကာ ကန့်သတ်လိုက်တာဖြစ်ပြီး ငါးဖမ်းစက်လှေတွေကိုလည်း ကမ်းကပ်ခွင့် မပြုတော့ဘူးလို့ သိရပါတယ်။

“အခုက လေကြောင်းလမ်းကလွဲပြီး သံတွဲမြို့အဝင်အထွက် ရေလမ်း၊ ကုန်းလမ်း အားလုံးကို ပိတ်ထားတာ။ ငါးဖမ်းစက်လှေတွေကိုလည်း ကမ်းကပ်ခွင့် ပိတ်ထားတော့ ငါးဆိုတာ ရှာမရအောင်ဖြစ်သွားတာ‌ပေါ့။ တိုက်ပွဲကတော့ လောလောဆယ်တော့ ငြိမ်နေတယ်။ မြို့သိမ်းတိုက်ပွဲ သတင်းတွေ ထွက်နေတော့ နစကဘက်က စိုးရိမ်စိတ်နဲ့ လမ်းတွေအကုန် ပိတ်ထားပြီး လုံခြုံရေး တင်းကျပ်ထားတာ။ စစ်အင်အား ဖြည့်တင်းတာတွေလည်း လုပ်နေတယ်။ အခြေအနေက ဘာမှန်းမသိသေးပေမယ့် ဒီကလူတွေ အကုန်လုံးက တခုခုဆို ဘယ်မှ ပြေးမရရင် ဆိုတဲ့စိတ်နဲ့ အကုန်လုံး ထိတ်လန့်နေကြရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဆင်ခေါင်းကျေးရွာမှတဆင့် သံတွဲမြို့ကို ရေလမ်းနဲ့ အဓိက သွားလာနိုင်တဲ့ ကင်းမော်ကျေးရွာမှာ မေ ၂၅ ရက်နေ့မှစတင်ကာ နစက က အင်အားတိုးမြှင့်ချထားသလို သံတွဲ-တောင်ကုတ် ကားလမ်းကိုလည်း ပိတ်ဆို့ထားတဲ့အတွက် ဒေသခံတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

ဆင်ခေါင်းကျေးရွာဟာ သံတွဲမြို့ရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိပြီး အဲဒီရွာမှတဆင့် ရေကြောင်းနဲ့ ငပလီကမ်းခြေကိုလည်း သွားလာနိုင်တာကြောင့် ရေလမ်းတလျှောက်မှာ နစက ရေတပ်နေရာယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတဲ့အတွက် AA က မေ ၂၀ ရက်နေ့မှာ ဒေသခံတွေကို ဘေးကင်းရာနေရာတွေနဲ့ AA ထိန်းချုပ်ရာ နေရာတွေဆီ သွားရောက် နေထိုင်ကြဖို့ တိုက်တွန်း နှိုးဆော်ထားတာပါ။

ဒါကြောင့် လက်ရှိမှာ သံတွဲဒေသခံ အများအပြားဟာ ဆွေမျိုးရှိရာ နီးစပ်ရာကျေးရွာတွေနဲ့ ဂွ၊ တောင်ကုတ် မြို့နယ်တွေအပြင် ရန်ကုန်မြို့ကိုပါ လေယာဉ်နဲ့ သွားရောက် တိမ်းရှောင်လျက်ရှိကြတယ်လို့ သိရပါတယ်။

ရန်ကုန်ရောက်လာတဲ့ သံတွဲဒေသခံတယောက်က “အခုက လေကြောင်းလမ်း တလမ်းပဲ ဖွင့်ထားတာပေါ့။ လေကြောင်းလမ်း ဖွင့်ထားတယ်ဆိုပေမယ့် အစစ်အဆေးကတော့ အရမ်းများတယ်။ အထောက်အထား အစုံ ပြရတယ်။ လေယာဉ်လက်မှတ် ဈေးကလည်း လေးသိန်းခွဲလောက်အထိ ပေါက်တယ်။ ဒါတောင် လေယာဉ်က နေ့တိုင်းထွက်တာမဟုတ်ဘူး။ အရင်ကဆို လေယာဉ်လက်မှတ် တစောင်ကို တသိန်းကျော်ပဲ ရှိတာလေ” လို့ ပြောပါတယ်။

လက်ရှိ တိုက်ပွဲ တလကျော်ကာလအတွင်း သံတွဲမှာ နေရပ်စွန့်ခွာတိမ်းရှောင်သူဦးရေ သုံးသောင်းကျော်အထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

သံတွဲမြို့ကို AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ အချိန်မှစတင်ကာ မြို့နဲ့ အနီးအနား ကျေးရွာတွေမှာ ဆေးဝါးနဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ သုံးဆလောက် မြင့်တက်လာတယ်လို့ သိရပါတယ်။

တိုက်ပွဲ စတင်ချိန်မှစလို့ နစက က ဆေးဝါးနဲ့ ကုန်စည်စီးဆင်းခွင့်ကို ကန့်သတ်လိုက်တာကြောင့် ဆေးဆိုင်တွေမှာ ဆေးတွေ ပြတ်လပ်လာသလို လက်ကျန်ဆေး ဈေးနှုန်းတွေဟာလည်း အမျိုးအစားအလိုက် သုံးဆကနေ လေးဆလောက်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

ဟင်းသီးဟင်းရွက်၊ သားငါးဈေးတွေအပြင် ဆန်ကြမ်း တပြည် ၅၇၀၀ ကျပ်၊ ပဲဆီ ၅၀ သား ၉၀၀၀ ကျပ်၊ ကြက်သွန်နီ တပိဿာ ကျပ် တသောင်းဝန်းကျင်၊ ကြက်သွန်ဖြူ တပိဿာ ကျပ် နှစ်သောင်းကျော်ဝန်းကျင်၊ ကြက်ဥ တလုံး ၆၅၀ ကျပ်၊ ဘဲဥ တလုံး ၈၀ဝ ကျပ်၊ ဓာတ်ဆီ တလီတာ ကျပ် တသောင်းအထိ ဈေးမြင့်တက်နေတယ်လို့ သိရပါတယ်။

သံတွဲမြို့နယ်အတွင်း လက်ရှိမှာ တိုက်ပွဲတွေ ဆက်လက် ရှိနေဆဲဖြစ်ပြီး လင်းသီရွာကနေ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းဝန်းကျင်ကို ရောက်‌နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Photo: CJ

Related posts

Leave a Comment

VOM News

FREE
VIEW