ဘီးလင်းမြို့နယ်က နာရေးအိမ် ပစ်ခတ်ခံရလို့ လူ နှစ် ယောက်သေဆုံး

 

ဇွန် ၊ ၁၀ ၊ ၂၀၂၄
SP (VOM)

မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ၊ ပေါက်တောကျေးရွာအုပ်စု ၊ ပေါက်ကွဲကျေးရွာမှာ မနေ့ ဇွန် ၉ ရက် ၊ ညနေပိုင်း ၂ နာရီခွဲဝန်းကျင်က နာရေးအိမ်ထဲ ပစ်ခတ်မှုကြောင့် လူနှစ်ယောက်သေဆုံးပြီး ၊ လူနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဦးမင်းမင်းစိုးရဲ့ နာရေးအိမ်မှာ ဖြစ်တာပါ ၊ အမည်မသိ လူငါးယောက်က ကားတစီးနဲ့ အဲ့ဒီ နာရေးအိမ်ကို ရောက်လာပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တယ် ၊ အဲ့ဒါကြောင့် နာရေးအိမ်မှာ ကူညီလုပ်ကိုင်ပေးနေတဲ့ ဦးဇော်မျိုး ခေါ် ဇော်မျိုးဝင်းနဲ့ ကိုရန်နိုင်လင်း ဆိုသူ လူနှစ်ယောက် နေရာမှာတင် သေဆုံးသွားတယ် ၊ အဲ့ဒီအပြင် မောင်ရဲထွဋ်နောင် နဲ့ မဇင်မာဆိုတဲ့ ကလေးနှစ်ယောက်လည်း ခြေတောက် ကျည်ဆံဖောက်ဝင် ဒဏ်ရာရတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။

ပေါက်ကွဲကျေးရွာ ဒေသခံတယောက်က ” နာရေးဖြစ်တဲ့ ကိုမင်းမင်းစိုးအိမ်က ပါတီနိုင်ငံရေး အရောင်အသွေးမရှိဘူး ၊ သာမာန် ပြည်သူတယောက်အိမ်ဖြစ်တယ် ၊ လာရောက် ပစ်သတ်တဲ့ သူတွေက ဘီးလင်းမြို့နယ် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေဖြစ်တယ် ၊ နာရေးအိမ်မှာ ပစ်သတ်ခံရတဲ့ ဦးဇော်မျိုးဝင်းနဲ့ ကိုရန်နိုင်လင်း တို့ ဘယ်လိုပတ်သက်လည်းဆိုတာတော့ မသိရဘူး ” လို့ပြောပါတယ်။

ဒေသခံ ပရဟိတသမားတွေက ဒဏ်ရာရသူနဲ့ သေဆုံးသူတွေကို ဘီးလင်းမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဘီးလင်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၆ ရက် ညနေ ၆ နာရီဝန်းကျင်က ဘီးလင်းမြို့နယ် ၊ တောင်စွန်းကျေးရွာမှာရှိတဲ့ မြို့နယ်လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေးရုံးလုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ်ကြီး တင်လှဆိုသူ ပစ်သတ်ခံရပါသေးတယ်။

ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ မေ ၁၄ ရက်က စက်သုံးဆီဆိုင်ပိုင်ရှင် သူဌေး နှစ်ယောက် တချိန်တည်း တပြိုင်တည်း ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် ၊ နေ့လယ် ၁၁ နာရီဝန်းကျင်ကလည်း ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မကျေးရွာမှာရှိတဲ့ ရွှေဖြူ ရော်ဘာအကျဥ်းစခန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဦးစင်းအောင် ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဘီးလင်းမြို့နယ် #နာရေးအိမ်ပစ်ခတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW