ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပိုမိုယိုယွင်းလာ

 

ဇွန် ၃၀- ၂၀၂၄
SN (VOM)

ရခိုင်ပြည်နယ် (မြောက်ပိုင်း) က မြို့ သုံးမြို့မှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် ဒေသခံတွေအနေနဲ့ အခက်တွေ့နေရပြီး ပိုမိုယိုယွင်းလာတယ်လို့ ပြောဆိုကြပါတယ်။

နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) အနေနဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့တို့မှာ ကျန်းမာရေးစောင့်ရှောင့်မှုတွေ ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခြင်း၊ အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကန့်သတ်ချက် များစွာ ရှိနေခြင်းတို့ကြောင့် ရပ်တန့်လိုက်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုလို MSF ရဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်ဆိုင်းသွားခြင်းနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရှိ ဒေသခံတယောက်က “ကျန်းမာရေး စောင့်ရှောက်မှုက ဒီလို ပဋိပက္ခတွေ၊ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ပိုပြီး လိုအပ်တာလေ။ ဒေသခံပြည်သူတွေအတွက် အများကြီး နစ်နာသွားတာပေါ့။ ဒီလို ရပ်ဆိုင်းလိုက်တာက ဆေးကုသမှု လိုအပ်နေတဲ့ လူနာတွေရဲ့ အသက်အန္တရာယ်ကိုလည်း ထိခိုက်လာစေနိုင်တယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ သွေးတိုး၊ ဆီးချိုလို မကူးစက်နိုင်တဲ့ ရောဂါဝေဒနာသည်တွေရှိပြီး လူနာတွေ ရှိပြီး အဲဒီလိုလူနာတွေအတွက် ဆေးဝါး အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

“ဒီမှာက လမ်းတွေလည်း ပိတ်ထားတယ်။ ဒီတိုက်ပွဲတွေ ဖြစ်နေသ၍ ဆေးဆိုင်တွေ၊ ဆေးခန်းတွေကလည်း ပိတ်ထားဦးမှာပဲ ဆိုတော့ ဆေးဝါးကုသဖို့က အခက်အခဲတွေ နေ့တိုင်း ရှိနေတယ်။ အရင်ကတော့ အာဏာပိုင်တွေကို အကြောင်းကြားပြီး သွားရင်ရတယ်။ အခုက လုံးဝမရဘူး။ တားမြစ်ထားတယ်။ ဆိုတော့ ကျန်းမာရေးအတွက် အခက်အခဲတွေကတော့ အများကြီးပါပဲ။ MSF ကလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရပ်ဆိုင်းလိုက်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေ၊ အရေးပေါ်လူနာတွေအတွက်ဆိုရင်လည်း အခက်အခဲတွေ အများကြီး ရင်ဆိုင်ရဖို့ ရှိပါတယ်” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူက ပြောပါတယ်။

ရခိုင်ပြည်နယ်က လူထုဟာ အရင်ကတည်းက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအပေါ် များစွာ မှီခိုနေရပြီး ကန့်သတ်ချက်များစွာ ရှိနေလို့ လွတ်လပ်စွာ သွားလာခွင့်မရကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

MSF ဟာ တခြားသော ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတွေကိုရယူဖို့ မတတ်နိုင်ကြတဲ့ ပဋိပက္ခဒေသက ရခိုင်လူထုအတွက် အများကြီး အရေးပါတယ်လို့ သူက ပြောပါတယ်။

“လမ်းတွေကလည်း ပိတ်ထားလို့ တချို့ နေမကောင်းတဲ့လူနာတွေ ဆေးခန်းပြဖို့ လိုအပ်လာတဲ့အခါ မပြနိုင်တာမျိုးတွေ ဖြစ်လာမယ်။ လမ်းတွေပိတ်ထားလို့ စားနပ်ရိက္ခာတွေ ရှားပါးပြီး အငတ်ဘေးဆိုက်မှာကိုလည်း စိုးရိမ်ရသလို တဖက်မှာလည်း လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရရှိတော့မှာကလည်း စိုးရိမ်စရာပါပဲ” လို့ သူက ပြောပါတယ်။

MSF အနေနဲ့ ရခိုင်ပြည်နယ် (မြောက်ပိုင်း) မှာ ရွေ့လျားဆေးခန်း (၁၄) ခု ဖွင့်လှစ်ပြီး ရခိုင်၊ ဘင်္ဂါလီ (မူရင်းထုတ်ပြန်ချက်တွင် ရိုဟင်ဂျာလို့ ဖော်ပြ) နဲ့ တခြားရွေးချယ်စရာ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းတွေကို လက်လှမ်းမမီတဲ့ လူနည်းစုအဖွဲ့တွေ အပါအဝင် လူမှုအသိုက်အဝန်း အားလုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစပြီး MSF အဖွဲ့တွေဟာ ရခိုင်ပြည်နယ် (အလယ်ပိုင်းနဲ့ မြောက်ပိုင်း) နေရာ အများစုမှာ ပုံမှန် ကျန်းမာရေးဝန်ဆောင်မှု ပေးအပ်ခြင်းတွေ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

လမ်းပိတ်ဆို့ခြင်းကြောင့် ဆေးရုံတွေဆီ မသွားရောက်နိုင်ခြင်း၊ ဆေးဝါးနဲ့ အခြေခံလိုအပ်ချက်ပစ္စည်းတွေကို ရွေ့ပြောင်းလို့ မရခြင်း စတာတွေကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုတွေ ဆောင်ရွက်ဖို့ ကန့်သတ်ချက်များစွာ ကြုံတွေ့ခဲ့ရပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ် အလုံးစုံပျက်စီးမှုကို မျက်မြင်တွေ့ကြုံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

MSF အနေနဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ မိခင်သေဆုံးမှု (ဒါမှမဟုတ်) သန္ဓေသားသေဆုံးမှု ကိုးခုအထိရှိခဲ့တာကို မှတ်တမ်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်ကလည်း ဘူးသီးတောင်ရှိ MSF ရုံးနဲ့ ဆေးဝါးသို လှောင်ရာနေရာတွေ မီးလောင်ပျက်စီးခဲ့ရပြီး အဲဒီဒေသရှိ ပုဂ္ဂလိကနဲ့ ပြည်သူ့ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေအားလုံး လုပ်ငန်းလည်ပတ်ခြင်း မရှိတော့ဘူးလို့ MSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#voiceofmyanmar #VOM #MSF #မောင်တော #ဘူးသီးတောင် #ရသေ့တောင် #ကျန်းမာရေး #စောင့်ရှောက်မှု #ရပ်ဆိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW