ငလျင်လှုပ်ပြီးတာ ရက် ၅၀ ရှိပေမယ့် ပြိုကျပျက်စီးမှုတွေ ရှင်းဖို့ ခက်ခဲနေဆဲ

မန္တလေး၊ မေ – ၁၆- ၂၀၂၅
SA(VOM)
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းတဲ့ ငလျင်ကြောင့် မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက တိုက်တာ၊ အိုးအိမ်၊ ဘာသာရေးအဆောက်အဦနဲ့ အစိုးရဌာနအသီးသီးက အဆောက်အဦအများအပြား ပျက်စီးခဲ့ရတဲ့အပြင် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။
ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ကယ်ဆယ်ရေးလုပ်ငန်းပိုင်းတွေကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ နိုင်ငံတကာက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အပြင်၊ ဒေသတွင်း လူမှုကူညီရေးအသင်းအဖွဲ့တွေက အင်တိုက်အားတိုက် ကူညီဆောင် ရွက်ခဲ့ကြပေမယ့် နေအိမ်ပျက်စီးဆုံးရှံးခဲ့ရတဲ့သူတွေဟာ အခက်အခဲ မျိုးစုံ ကြုံတွေ့နေတယ်လို့ သိရပါတယ်။
အဆောက်အဦပျက်စီးလို့ ဖြိုဖျက်ရမယ့် အိမ်ရှင်တွေ ကြုံတွေနေရတဲ့ အခက်တွေကတော့ တချို့နေရာတွေမှာ ဖြိုဖျက်ရမယ့် အိမ်တွေအတွက် ရပ်ကွပ်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာရဲ့ ထောက်ခံစာရရှိဖို့ အခကြေးငွေ ပေးသွင်းနေရသလို အိမ်ဖြိုဖျက်ဖို့ ငွေကြေးက အဆောက်အဦ အရွယ်အစားအပေါ်မူတည်ပြီး ငွေကြေးကုန်ကျခြင်း၊ အခကြေးငွေမယူပဲ ကူညီဆောင်မယ့် အဖွဲ့အစည်းတွေရှိပေမယ့် ပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေရဲ့ ကန့်ကွက်ခြင်းတွေကို ကြုံတွေ့နေရပါတယ်။
အခမဲ့ ဖြိုဖျက်ပေးမယ့် အဖွဲ့တွေမှာလည်း အကန့်အသတ်တွေက ရှိလို့နေပြန်ပါတယ်။ ပြိုကျတဲ့အဆောက်အဦ ဖျက်ဆီးရမယ့် အဆောက်အဦ နံဘေးပတ်လည်က အိမ်ရှင်တွေရဲ့ စိုးရိမ်ကြောင့်ကျမှုကြောင့် သူတို့နေအိမ်တွေ ထိခိုက်နိုင်တာတွေ၊ အန္တရာယ်ဖြစ်မှာ စိုးရိမ်လို့ ကန့်ကွက်တာတွေ တိုင်တန်းတာတွေ တခုခုဖြစ်ခဲ့ရင် အလျော်တောင်းခံမှုတွေ ရှိလာနိုင်တာကြောင့် ကူညီရေးအပိုင်းတွေမှာလည်း ခက်ခဲလို့နေပါတယ်။
မန္တလေးမြို့အတွင်းက နေအိမ်ဖြိုဖျက်ရမယ့်သူတဦးကတော့
“တိုက်ပိုင်ရှင်နဲ့ ပတ်ဝန်းကျင်အိမ်ရှင်ကြားမှာ ဖြစ်နေတဲ့ပြဿနာကို တာဝန်ယူကိုင်တွယ်ဖြေရှင်းပေးနိုင်သူက တာဝန်ရှိသူတွေပဲ။သူတို့သာ အရေးပေါ်ဥပဒေ၊ အမိန့် အာဏာတခုခုထုတ်ပြန်ပြီး ကြားဝင်ဖြေရှင်းပေးခဲ့ရင် ဒီအချိန်ဆို မန်းလေးနဲ့စစ်ကိုင်းက တိုက်ပြိုတွေ တော်တော်ရှင်းပြီးနေလောက်ပြီဗျ ” လို့ ပြောပါတယ်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကလည်း အဆောက်အဦ ပြင်ဆင်ခြင်းတွေနဲ့ ပတ်သတ်ပြီး ” မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း ကျရောက်သော မြို့နယ်(၆)မြို့နယ်အတွင်းရှိ လိမ္မော်ရောင်အဆင့် ၊ အနီရောင်အဆင့်သတ်မှတ်ခံရသော အဆောက်အအုံပိုင်ရှင်များအနေဖြင့် မိမိတို့အဆောက်အအုံအား ပြန်လည်ပြင်ဆင်လိုသည်များနှင့်ပတ်သက်၍ PE ၊ RSE လိုင်စင်ရအင်/ယာများ၏ ထောက်ခံချက်ပါသော ပြင်ဆင်ရမည့် Method Statement နှင့်အတူ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ အဆောက်အအုံ နှင့် ကုန်ရုံဌာနသို့ ပြန်လည်လျှောက်ထားရမည်ဖြစ်ပါသည်။ လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်” လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့်လည်း မန္တလေးမြို့နဲ့ အနီးတဝိုက်မှာ ငလျင်ကြောင့် အဆောက်အဦး ၁၇၀၀၀ ဝန်းကျင် ပျက်စီးခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသနဲ့ နယ်မြေအလိုက် ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ လူအင်အား စက်ယန္တရား အင်အားနဲ့ နှိုင်းယှဥ်ရင် ပျက်စီးပြိုကျခဲ့တဲ့ အဆောက်အဦအရေအတွက်က ပိုမိုများပြားနေတာကြောင့် ရှင်းလင်းရေးအပိုင်းတွေမှာ မနိုင်မနင်းရှိတာကိုလည်း တွေ့ရပါတယ်။
ငလျင်ကြောင့် အဆောက်အဦထိခိုက်ခဲ့တဲ့ မန္တလေးမြို့ခံတဦးကတော့ ” အိမ်က ပြင်လို့ရတဲ့အနေအထားရှိတယ်၊ စည်ပင်ကို သွားပြီး လျောက်တယ်၊ သူတို့က လက်တလောမှာ စစ်ဆေးဖို့ လာမစစ်နိုင်သေးတာနဲ့ Volunteer Team တခုနဲ့ အင်ဂျင်နီယာကို ချိတ်ဆက်ပြီး စစ်ဆေးတဲ့အခါမှာ၊ အဆောက်အဦးက ပြုပြင်လို့ရတယ်ဆိုတာကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးဆီမှာ ထောက်ခံစာယူပြီး အဆောက်အဦပြင်ဖို့လုပ်နေပါတယ်။ ရပ်ကွက်ရုံးကိုတော့ မြေပိုင်ဆိုင်မှု ထောက်ခံစာ၊ ပိုင်ရှင်ရဲ့ မှတ်ပုံတင်မိတ္တူ၊အိမ်ထောင် စုဇယားမိတ္တူနဲ့ အဆောက်အဦးရဲ့ မှတ်တမ်းဓာတ်ပုံတွေ ပေးခဲ့ရတယ်။ သူတို့ကနေ သက်ဆိုင်ရာဌာနတွေကို ထပ်လွှတ်လို့ စာတင်နေရတာ မပြီးနိုင်သေးဘူး” လို့သူရဲ့အခက်အခဲကို ပြောပြပါတယ်
မန္တလေးမြို့ရဲ့ နေရာအများအပြားမှာလည်း အစိုးရအကူအညီ၊ လူမှုကူညီရေးအဖွဲ့အစည်းတွေရဲ့ အကူအညီတွေကြောင့် ပြိုကျတဲ့နေအိမ် အဆောက်အဦတွေကို ဖျက်ဆီးနေကြရသလို ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အိမ်ကိုယ်ဖျက်နေရတဲ့ အနေအထားတွေလည်း တွေ့မြင်ရပါတယ်။
မန္တလေးမြို့ရဲ့ တချို့နေရာတွေမှာ မဖြိုဖျက်ရသေးတဲ့ အဆောက်အဦးများစွာရှိနေတာကို တွေ့ရသလို ဌာနဆိုင်ရာတွေနဲ့ ဘေးပတ်ဝန်းကျင်တွေရဲ့ ကန့်သက်ချက်တွေကြောင့် နေအိမ်ဖြိုဖျက်ရမယ့်သူတွေ အခက်တွေ့နေတဲ့အကြောင်း VOM က ဖော်ပြပေးလိုက်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW