လားရှိုးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး မြို့ထဲထိ လက်နက်ကြီးကျည်တွေကျလို့ ထိခိုက်တာတွေရှိ

 

ဇူလိုင် ၇၊ ၂၀၂၄
Shy V (VOM)

လားရှိုးမှာ ဇူလိုင်လ ၇ ရက်ေန့မှာလည်းတိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပြီး မြို့ထဲ လက်နက်ကြီးကျည်တွေကျကာ ထိခိုက်မှုတွေ ဆက်ရှိနေကြောင်း ဒေသခံေတွဆီက သိရပါတယ်။

“ဒီနေ့ ဇူလိုင်လ ၇ ရက်နေ့မှာတော့ မနက် အစောကြီး မိုးသိပ် မလင်းခင်ကတည်းက လက်နက်ကြီးရော လက်နက်သေးတွေရော အဆက်မပြတ် ပစ်နေတယ်။ ရပ်ကွက် ၅၊ ၆ နဲ့ ၇ ရဲ့ ဝောာင်ပေါ်ဘက်မှာ” လို့ ဒေသခံ တယောက်က ပြောပါတယ်။

နေ့လယ်ပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နောက်ပိုင်းမှာ ငြိမ်သက်သွားတယ်လို့ ဆိုပါတယ်။

“လက်နက်ကြီးတွေက ရပ်ကွက်တွေထဲ ကျတယ်။ မနက်တုန်းက ရပ်ကွက် ၇ ဘက် ကျတာတော့ ကွင်းပြင်ထဲ ကျတယ်လို့ ပြောတယ်။ အဲဒီက လူတွေ ဘုရားကျောင်းထဲ ပြေးလာတယ်။ နေအိမ် တအိမ်မှာကျတာက လူမရှိလို့ လူတော့ ထိခိုက်မှု မရှိဘူး။ တခြားရပ်ကွက်တွေမှာလည်း ကျတယ်။ ဖုန်းလိုင်းလည်း ရလိုက် မရလိုက်ဆိုတော့ ကောင်းကောင်း မသိရဘူး” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

တိုက်ပွဲကတော့ မြို့ပြင်ဝန်းကျင်ဘက်မှာ ဖြစ်တာ ဖြစ်ပေမယ့် MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေက မြို့ထဲ ဂျမ်မာ ထောင်ထားတဲ့ နေရာဘက် လှမ်းပစ်နေတာ ရှိပြီး ရပ်ကွက်ထဲ ကျတာရှိသလို နစက တပ်ဖွဲ့ ဘက်ကလည်း မြို့ပြင်ဘက် လက်နက်ကြီး လှမ်းပစ်တာမှာ မအောင်တဲ့ ကျည်တွေက မြို့ပြင်မရောက်ပဲ မြို့ထဲပဲ ပြန်ကျတာမျိုးရှိနေတယ်။ လက်နက်ကြီးတွေက နှစ်ဖက်စလုံးက ပစ်ခတ် ေနတာလို့ သူက ပြောပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ ညနေ ၃ နာရီခွဲ့ခန့်ကလည်း လားရှိုးမြို့၊ ရပ်ကွက် ၄ Mytel ရုံးနောက်လမ်းဆုံမှာ ရှော့တိုက်ဒုံးတလုံးကျပြီး လူထိခိုက်မှုမရှိ ပေမယ့် ရင်ကွဲရုံရဲ့ နောက်တလမ်းက တရုတ်ကျောင်းရှေ့မှာ လက်နက်ကြီး တလုံးကျလို့ အမျိုးသားတယောက် ဦးခေါင်းထိမှန် ဒဏ်ရာရထားတယ်လို့ သိရတယ်လို့ ဆိုပါတယ်။

အင်တာနက် wifi လုံးဝ သုံးမရလောက်တဲ့အခြေနေ ဖြစ်နေပြီး ဒီနေ့ မနက်ပိုင်း ရှေ့တိုက်ဒုံး ကျည်တွေ နေရာအနှံ့ ဆက်တိုက်ကျနေသလို နေအိမ်တွေ ထိခိုက် ပျက်စီးမှုလည်း ဆက်တိုက် ရှိနေတယ်။ ရပ်ကွက် ၇ နယ်မြေ ၁၆ မှာ လက်နက်ကြီးကျည် အများအပြား ကျနေတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက် ၄၊ ရပ်ကွက် ၅၊ ရပ်ကွက် ၇၊ ရပ်ကွက် ၉၊ ရပ်ကွက် ၁၀ နဲ့ ရပ်ကွက် ၁၂ တွေ တော့ ဘေးကင်းရာ ရှောင်ထားသင့်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့မှာလည်း မြို့ထဲ ရပ်ကွက်တွေမှာ လက်နက်ကြီးကျည်ကျလို့ အရပ်သား ၅ ယောက် ထိခိုက်ဒဏ်ရာရပြီး လူငယ် တယောက် သေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ကစ လားရှိုး မြို့နယ်မှာ နစက တပ်ဖွဲ့နဲ့ MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။

Photo Crd# ဒေသခံ

#voiceofmyanmar #VOM #လားရှိုး #တိုက်ပွဲ #ဆက်လက်ပြင်းထန် #လက်နက်ကြီး #ထိခိုက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW