ကချင်ပြည်နယ်ထဲ စက်သုံးဆီကားတွေ ဝင်ခွင့်မပြုတဲ့အတွက် ဆီရှားပါးပြတ်လပ်မှု ပိုမိုဆိုးရွားလာ

 

ဇူလိုင် ၁၅ – ၂၀၂၄
SN (VOM)

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နစကရဲ့ နန့်စီးအောင် စစ်ဆေးရေးဂိတ်မှာ မန္တလေးနဲ့ စစ်ကိုင်းတိုင်းဘက်ကနေ တက်လာတဲ့ ဆီဘောက်ဆာကားတွေကို ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ထားတဲ့အတွက် ဆီရှားပါးပြီး စျေးအဆမတန် မြင့်တက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအစပိုင်း ကတည်းက ဆီဘောက်ဆာကားတွေကို ကချင်ပြည်နယ်ထဲ ဖြတ်သန်းခွင့်မပေးဘဲ ပိတ်ပင်ထားတာဖြစ်ပြီး အခုဆိုရင် ရက်ပေါင်း တလခွဲလောက် ကြာမြင့်နေပြီဖြစ်ကာ ရာနဲ့ချီတဲ့ ဆီကားတွေဟာ နန့်စီးအောင်ဂိတ်နဲ့ အင်းတော်မြို့နယ်ထဲမှာ ပိတ်မိနေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကားတွေ ဖြတ်သန်းခွင့်မပြုတော့ ဆီကုန်သည်တချို့က ဆီကိုပုံးထဲထည့်ပြီး ဆိုင်ကယ်နဲ့ သယ်နေကြရတယ်။ တချို့က ဆိုင်တွေအတွက် သယ်ကြတာရှိသလို တချို့ ကယ်ရီသမားတွေကတော့ မိုးညှင်းမြို့နယ် လမ်းတကြောမှာရှိတဲ့ ပြည်သူတွေကို ပြန်ရောင်းချပေးနေတာတွေလည်းရှိတယ်။ ဆိုင်ကယ်တစီးကို အမျိုးသားဆိုရင် ၅ ဂါလံပုံး ဆယ်ပုံး နိုင်တယ်။ အမျိုးသမီးဆိုရင် ခြောက်ပုံးလောက် နိုင်တယ်။ ဒီဂိတ်ကနေ ဘာလို့ ဖြတ်သန်းခွင့် မပေးတာလဲဆိုတော့ ကျွန်တော်ထင်တယ်၊ တိုက်ပွဲတွေကလည်း ဖြစ်နေတော့ တဖက်တပ်ဖွဲ့တွေဆီ ဆီမရောက်အောင် တားထားတဲ့သဘော ဖြစ်မယ်။ ဆီရှိမှလည်း သွားလာရ အဆင်ပြေမှာကိုး” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဆီသယ်ယူခွင့် ပိတ်ပင်ခံထားရတဲ့အတွက် ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့လောက်ကစပြီး ပူတာအို၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင်နဲ့ တခြားသောဒေသတွေမှာ စက်သုံးဆီတွေပြတ်လပ်ပြီး ဈေးမြင့်တက်လာသလို မြစ်ကြီးနားမြို့ပေါ်မှာလည်း ဆီဆိုင်တချို့ အကန့်အသတ်နဲ့သာ ရောင်းချနေကြတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ်အတွင်း ဓာတ်ဆီ တလီတာကို ၆၅၀၀ ကျပ်လောက်ကနေ တသောင်းခွဲအထိ ပေးဝယ်နေရပြီး အကန့်အသတ်နဲ့သာ ရရှိနေတာဖြစ်ကာ မြစ်ကြီးနားမြို့မှာဆိုရင်ဘည်း အရင်က 92 တလီတာကို ကျပ် ၆၅၀၀ ဝန်းကျင် အမြင့်ဆုံးရှိခဲ့ရာမှ ဇူလိုင် ၂ ရက်နေ့မှစကာ တလီတာ ကျပ် တသောင်းခွဲမှ နှစ်သောင်းအထိ ပေါက်စျေး ရှိနေပြီး 95 ဝယ်မရဘူးလို့ သူက ပြောပါတယ်။

ပရီမီယမ်ဒီဇယ်ထက် ဓာတ်ဆီလိုအပ်ချက်ပိုများနေတဲ့ မိုးညှင်းမြို့ပေါ်မှာတော့ ဓာတ်ဆီ တပေပါကို ကျပ် ဆယ်သိန်းငါးသောင်း ဝန်းကျင်အထိ ဈေးပေါက်နေပြီး ပုံမှန်ဆိုရင်တော့ ဓာတ်ဆီ တပေပါကို ကျပ် ရှစ်သိန်း ခုနစ်သောင်းဝန်းကျင် ရှိတယ်လို့ သူက ပြောပါတယ်။

ဒါအပြင် ဖားကန့်မြို့မှာလည်း ဇူလိုင် ၁၄ ရက်နေ့အထိ ဒီဇယ် တပေပါကို ကျပ် ဆယ့်တသိန်း ငါးသောင်းကျပ်ရှိပြီး ဓာတ်ဆီတလီတာ ကျပ် ၈၀၀၀ အထိ ရှိတယ်လို့ သူက ပြောပါတယ်။

နန့်စီးအောင်ဂိတ်ဟာ နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ ဂိတ်ဖြစ်ပြီး စစ်တပ်၊ ရဲနဲ့ လဝက စတဲ့ အဖွဲ့တွေရဲ့ စုပေါင်းစစ်ဆေးရေး အကောက်ခွန်ဂိတ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အရင်က ဒီဂိတ်ကဖြတ်ရင် ဘောက်ဆာတစီး သိန်း ၅၀ နဲ့ပေးဖြတ်နေတာပဲ သုံးလလောက်ရှိပြီလေ။ တွဲကားတွေကျတော့ ပေပါ သုံးထပ်ဆင့်ထားရင် သိန်း ၃၀၊ နှစ်ထပ်ဆင့်ထားရင် သိန်း ၂၀ ပေးရတာလည်းကြာလှပြီ။ ဒီကြားထဲ ဘောက်ဆာကား တစီး ဖြတ်သန်းခအတွက် ကျပ်သိန်း ၂၀၀ အထိအခွန်ကောက်ပြီး တရက်ကို ကားကြီး ငါးစီးလောက်ပဲ ဖြတ်သန်းခွင့်ပြုတာလည်း ရှိတယ်။ အခုနောက်ပိုင်းတော့ ဆိုင်ကယ်နဲ့ ကဲ့ယူပြီး သယ်နေကြတာပေါ့။ ဒီအတွက်လည်း အဲဒီတကြောက န စကဂိတ်တွေကို ဆိုင်ကယ်တစီး ဖြတ်သန်းခအတွက် ကျပ် တသောင်း၊ နှစ်သောင်းလောက် ပေးရသေးတယ်။ ဆီသယ်တဲ့ ဆိုင်ကယ်တွေက တရက်ကို အစီး ၅၀၊ ၆၀ ဝန်းကျင် တက်နေတာ” လို့ ကားသမားတယောက်က ပြောပါတယ်။

နစကတပ်က ကချင်ပြည်နယ်ထဲကို ဆီကားတွေ ဝင်ခွင့်မပြုဘဲ ပိတ်လိုက်တာဟာ တရုတ်နယ်စပ်ကနေ ဆီတင်သွင်းဖို့ နစကနဲ့ တရုတ်အစိုးရ သဘောတူညီမှုတွေရှိထားတာကြောင့် ဖြစ်တယ်လို့လည်း ဆီကုန်သည်တွေနဲ့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီသယ်ဆောင်ခွင့် ပိတ်ထားတာကြောင့် ကချင်ပြည်နယ်အတွင်း ဓါတ်ဆီရှားပါးမှုဖြစ်ပေါ်နေပြီး ဈေးတက်နေတဲ့အတွက် ဆိုင်ကယ်ကိုသာ အားပြု သွားလာနေရတဲ့ ဒေသတွင်း ပြည်တွေအနေနဲ့ အခက်အခဲတွေ့နေရတယ်လို့ ပြောဆို‌ကြပါတယ်။

#voiceofmyanmar #VOM #ကချင်ပြည်နယ် #နန့်စီးအောင်ဂိတ် #စက်သုံးဆီကား #ဝင်ခွင့်မပြု #ဆီရှား #စျေးအဆမတန် #မြင့်တက်

Related posts

Leave a Comment

VOM News

FREE
VIEW