ပဲခူးတိုင်း မိုးညိုမှာ သီးနှံဧက ၁၅၀၀၀ ကျော် ရေနစ်မြုပ်နေ

 

ဇူလိုင် ၁၆ – ၂၀၂၄
GG(VOM)

ပဲခူးတိုင်းအနောက်ပိုင်း ၊မိုးညိုမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စပါးအပါအဝင် သီးနှံစိုက်ခင်းဧက သောင်းနဲ့ချီပြီး ရေဝင်ရောက်နစ်မြုပ်နေလို့ ပျက်စီးဆုံးရှုံးမှုဖြစ်မှာကို တောင်သူတွေစိုးရိမ်နေကြတယ်လို့သိရပါတယ်။

လက်ရှိမှာ မိုးညိုမြို့နယ်အတွင်းက ကျေးရွာအုပ်စု ၂၀ ကျော်လောက် အထိ ကိုမြစ်ရေတွေဝင်ရောက်နေတာကြောင့် အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေရဲ့ သီးနှံစိုက်ခင်းဧက ၁၅၀၀၀ ကျော်လည်း ရေဝင်ရောက်နစ်မြုပ်နေတာဖြစ်တယ်လို့သိရပါတယ်။

သီးနှံစိုက်ခင်းတွေက ရေကြီးနစ်မြုပ်မှု ကြာမြင့်မှုအပေါ်လိုက်ပြီး ပျက်စီးဆုံးရှုံးမှုကများနိုင်တာဖြစ်ကြောင်း ၊ ရေဝင်ရောက်မှုကြာမြင့်ပါက သီးနှံပျက်စီးဆုံးရှုံးနိုင်ပြီး တောင်သူတွေအရှုံးနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့သိရပါတယ်။

” မြစ်ရေကဝင်နေတာ ခုဆိုသုံးရက်လောက်ရှိနေပြီ။စပါးခင်းကတော့ နည်းနည်းဒဏ်ခံနိုင်သေးပေမယ့် သူကလည်းအပင်ကငယ်သေးတော့ ရက်အရမ်းကြာရင်အဆင်မပြေဘူး။ဒီလိုပဲမြေပဲဆိုလည်းရေသွင်းစိုက်ရတဲ့အပင်မှမဟုတ်တာ။အခုရေဝင်တော့ အကုန်ဆုံးရှုံးတာပေါ့။ရေဘေးကသင့်သေး။စိုက်ခင်းကပျက်ဆိုရက်ကျွန်တော်တို့မှာဆုံးရှုံးမှုကြီးမယ့်အခြေအနေပါ ။ ” လို့ မိုးညိုဒေသခံတောင်သူတယောက်ကပြောပါတယ်။

လက်ရှိ မိုးညိုမြို့နယ်အတွင်းက
ဧရာဝတီမြစ်နဲ့ မြစ်မခမြစ်ကမ်းဘေးတလျှောက်ရှိ ကျေးရွာတွေဖြစ်တဲ့ ထိန်တော၊ ရွှေခဲ၊ ဆင်ခေါင်း၊ ဆင်ကျွန်း၊ ကျားကျွန်း၊ ညောင်ဝိုင်း၊ ဝဲကြီး စတဲ့ကျေးရွာပေါင်း ၈၀ လောက်မှာ ရေတွေဝင်ရောက်နစ်နေပြီးစိုက်ခင်းတွေပါ ရေနစ်နေ တာဖြစ်ပါတယ်။

ရေနစ်မြုပ်မှုဖြစ်ပွားနေတဲ့ သီးနှံစိုက်ခင်းတွေက မိုးစပါးစိုက်ခင်း ၊ မိုးနှမ်း စိုက်ခင်း၊မိုးမြေပဲ၊ မိုးငရုတ်စို၊ဖူးစားပြောင်း၊ ပဲစဥ်းငုံ စိုက်ခင်း၊ပန်းအမျိုးမျိုး ၊ချဥ်ပေါင်လျှော်စိုက်ခင်း၊ဟင်းသီးဟင်းရွက် စိုက်ခင်းတွေဖြစ်တယ်လို်သိရပါတယ်။

” ဒီဘက်ကမိုးရာသီမှာစပါးကများတယ်။ခုကာလဆိုစပါး ရက်၂၀ ကနေ တလသားကအောက်ထစ်ရှိပြီ။ခုလိုချိန်ရေနစ်တာကြာရင်ပျက်စီးမှုကအထိုက်အလျောက်တော့ရှိတာပဲ။ဆိုးတာကမြေပဲတို့နှမ်းတို့က ပဲစဥ်းငုံ တေံကတော့ဆိုးတာပေါ့။သူက ယာမြေစိုက်ရတဲ့သီးနှံလေ။ခုကျတော်ရေကဝင်နေတော့သူတို့ကပိုပြီးပျက်စီးမယ့်အခြေအနေပါ။ဘာမှလုပ်မရဘူးလေ။လူတွေတောင်ရေကြီးနေတာ ဖောက်ထုတ်လည်းမရဆိုတော့ထိုင်ကြည့်နေရတဲ့ဘဝပါ။” လို့ စပါးစိုက်တောင်သူတယောက်ကပြောပါတယ်။

သီးနှံစိုက်ခင်းဧကအလိုက် ရေနစ်မြုပ်မှုအနေနဲ့ဆိုရင် မိုးစပါးစိုက်ဧက ၁၃၇၇ ဧက၊ မိုးနှမ်းစိုက်ဧက ၁၃၄၉၉ ဧက၊ မိုးမြေပဲစိုက်ဧက ၂၀၉ ဧက၊ မိုးငရုတ်စိုစိုက်ဧက ၄၄ ဧက၊ ဖူးစားပြောင်း၂၇၂ဧ က၊ ပဲစဉ်းငုံ ၆ ဧက၊ ပန်းအမျိုးမျိုး ၁၇၆ ဧက၊ ချဉ်ပေါင်လျှော် ၂ ဧကတို့ဖြစ်တယ်လို့ မြို့နယ်ဌာနဆိုင်ရာစာရင်းအချက်အလက်အရသိရပါတယ်။

မိုးညိုမြို့နယ် ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မြစ်ရေတိုင်းတာရေးစခန်းရဲ့ တိုင်းတာချက်အရဆိုရင် ဧရာဝတီမြစ်ရေက (၅၇.ဝ၅)ပေ၊ (၁၇၃၉)စင်တီမီတာကို ရောက်နေလို့ မိုးညိုမြို့နယ်ရဲ့ စိုးရိမ်ရေအမှတ်အထက် ၃ ပေနီးပါးကျော်လွန်နေတယ်လို့သိရပါတယ်။

#Voiceofmyanmar #vom #မိုးညို #စိုက်ခင်းသောင်းချီရေနစ် #ရွာ၈၀

Related posts

Leave a Comment

VOM News

FREE
VIEW