ခုရက်ပိုင်းအတွင်း ပဲခူးတိုင်းမှာ ရဲဒုတပ်ကြပ်နဲ့ အုပ်ချုပ်ရေးမှူးတွေအပါအဝင် ခုနှစ်ယောက် အသတ်ခံရ

 

ဇူလိုင် ၂၂ – ၂၀၂၄
GG (VOM)

ပဲခူးတိုင်းမှာ ခုရက်ပိုင်းအတွင်း ရဲဒုတပ်ကြပ်နဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပါအဝင် ခြောက်ယောက် အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သတ်ခံခဲ့ရတဲ့သူတွေက ဖြူးမြို့နယ်၊ညောင်ပင်သာရဲစခန်းက ဒုတပ်ကြပ်၊ ရေတာရှည်မြို့နယ်က ရပ်ကျေးရာအိမ်မှူး၊မင်းလှမြို့နယ်ကရပ်ကျေးအုပ်ချုပ်ရေးမှူး နှစ်ယောက်နဲ့ ပဲခူးမြို့နယ်ထဲက ကျေးရွာတာဝန်ခံနဲ့သူရဲ့တပည့်ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။

” ရဲဒုတပ်ကြပ်ကမနေ့ကမနက် အသတ်ခံရတာ။ဖြူးမြို့နယ်အပိုင် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စားသောက်ဆိုင်တဆိုင်မှာထိုင်နေချိန် သေနတ်နဲ့ ဝင်ပစ်သွားတာ။ဆိုင်ထဲမှာပွဲချင်းပြီးပဲ။ ” လို့ ဒေသခံတယောက်ကပြောပါတယ်။

ဖြူးမြို့နယ် ၊ညောင်ပင်သာရဲစခန်းက ရဲဒုတပ်ကြပ်ဖြစ်သူ လင်းလင်းကို ဇူလိုင်လ ၂၁ ရက်နေ့မနက်၁၀ နာရီလောက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ပဲခူးမြို့နယ် ၊ ဝံကိုက်လျှိုရွာက ကျေးရွာတာဝန်ခံ ဦးတင်အောင်လွင်ဆိုသူနဲ့ တပည့်ဖြစ်သူဦးထွန်းထွန်းနိုင်တို့ကလည်း ဇူလိုင်လ ၂၁ရက်နေ့ မနက်အစောပိုင်းမှာနေအိမ်ကနေဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

မင်းလှမြို့နယ်က အသတ်ခံရတဲ့အုပ်ချုပ်ရေးမှူးတွေကတော့ ဇရစ်ချောင်းအုပ်စု အုပ်ချုပ်ရေးမှူး ကိုအောင်မြင့်ဦး ဆိုသူနဲ့ စမ်းဘုတ်ရွာက အုပ်ချုပ်ရေးမှူး ကိုကျော်မင်းအောင်ဆိုသူတို့ဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်နေ့တရက်တည်းမှာ သတ်ခံခဲ့ရတာဖြစ်ပါတယ်။

ရေတာရှည်မြို့နယ်က အသတ်ခံရသူကတော့ ဒေါင့်အင်းကုန်း ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးရဲလင်း အောင် ဆိုသူဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်နေ့မှာပဲ သူရဲ့နေအိမ်ကိုလာရောက်သတ်ဖြတ်ခြင်း ခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ဇူလိုင်လ ၁၆ ရက်နေ့ကလည်း သဲကုန်းမြို့နယ်၊ ဓားသွေးကျောက်အုပ်စု၊ ကျွဲတဲရွာအုပ်ချုပ်ရေးမှူး ဦးစိုးကြီးဆိုသူဟာ သူရဲ့နေအိမ်မှာပဲ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

ပဲခူးတိုင်းထဲက သဲကုန်း၊မင်းလှ၊ရေတာရှည် မြို့နယ်တွေမှာကမကြာခဏဆိုသလို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ၊စစ်တပ်သတင်းပေးဆိုပြီး သတ်ခံရမှုတွေရှိသလို နစကတပ်နဲ့ PDF တွေအကြားလည်း ပစ်ခတ်မှုတွေရှိပါတယ်။

#Voiceofmyanmar #vom #မင်းလှ #ပဲခူး #ရေတာရှည် #ဖြူး #သဲကုန်း #အုပ်ချုပ်ရေးမှူး #ရဲ #အသတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW