ပဲခူးမြစ်ရေ အတက်ကြမ်းလို့ တမြို့လုံးနီးပါး ရေကြီးနေပြန် ၊ ကယ်ဆယ်ရေးစခန်း ၂၇ ခုနှစ်ဖွင့်ထားပြီး တိုးဂိတ်နဲ့ တံတားလည်းပိတ်

 

ဇူလိုင် ၂၈ – ၂၀၂၄
GG (VOM)

ပဲခူးမှာ မိုးရွာသွန်းနေပြီး မြစ်ရေတွေဆက်တိုးနေတာကြောင့် အရေးပေါ်ကူညီရေးတွေ လုပ်နေရပြီး ပဲခူးတိုးဂိတ် လည်းပိတ်ထားသလို ပဲခူးတံတားကနေလည်းသွားလာခွင့်ပိတ်လိုက်ပြီလို့သိရပါတယ်။

ပဲခူးတမြို့လုံးနီးပါး ရေဝင်ရောက်နေပြီး တချို့နေရာတွေမှာ လူတရပ်နစ်မြုပ်တဲ့အထိရေကြီးနေသလို ပဲခူး- ရန်ကုန်လမ်းက တိုးဂိတ်မှာလည်းရေကြီးနေခြင်း၊ ပဲခူးတံတားအဆင်းမှာလည်းရေကြီးနေတာကြောင့် သွားလာမရတော့လို့ ပိတ်လိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိပဲခူးမြစ်ရေဟာ ၉၈၂ စင်တီမီတာအထိရှိလာနေတာကြောင့် မနှစ်က အဆိုးဝါးဆုံးရေကြီးမှုဖြစ်ခဲ့တဲ့စိုးရိမ်ရေမှတ် ၁၀၀၄ စင်တီမီတာကို ရောက်ရှိဖို့ ၁ ပေ လောက်သာလိုတော့တဲ့အတွက် ဒေသခံတွေကစိုးရိမ်နေကြပါတယ်။

” ရေကအတက်ကြမ်းတယ်။မိုးကလည်းမပြတ်ဘူး။ခုမနက်ကိုထပ်တိုးနေတာ။ထမင်းထုတ်ဝေသူကဝေ၊ ကယ်ဆယ်ရေး လုပ်သူကလုပ်ပေါ့။အကူအညီတွေကတော့အကုန်လိုတာပဲ။အရေးပေါ်ရွှေ့ရတော့ အစားအသောက်အပြင်အကုန်လိုတယ်။ရေဘေးသင့်သူများတော့ ချက်ပြုတ်ရတာကိုက တာဝန်တအားကြီးတယ်။မနှစ်ကစိုးရိမ်ရေမှတ်ကိုမီဖို့သိပ်မလိုတော့ဘူး။မနှစ်ကလိုမဖြစ်ဖို့ဆုတောင်းရင်းကယ်ဆယ်ရေးတွေလုပ်နေရတာပဲ။မနှစ်ကတော့အတော်ကိုဆိုးရွားခဲ့တာမို့လိုခုနှစ်ထပ်မကြုံချင်ဘူး။ရေအမြန်ကျပါစေဆုတောင်းတယ်။ ” လို့ ရေဘေးကူညီရေးလုပ်နေသူတယောက်ကပြောပါတယ်။

ပဲခူးမြစ်ရဲ့စိုးရိမ်ရေမှတ်က ၈၈၀ စင်တီမီတာ ဖြစ်ပြီး လက်ရှိ ရောက်နေတဲ့ပဲခူးမြစ်ရေက ၉၈၂ စင်တီမီတာဖြစ်နေတာကြောင့် စိုးရိမ်ရေမှတ်ထက် ၃ ပေကျော်နေကာ နောက်ထပ်လည်းမြစ်ရေ ၁ ပေလောက်မြင့်တက်လာအုံးမယ်လို့ မိုးဇလကတော့ အသိပေးထားပါတယ်။

လက်ရှိမှာ ယာယီရေဘေးရှောင်စခန်း ၂၇ ခုဖွင့်လှစ်ထားပြီး စခန်းမှာရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၅၀၀၀ ဝန်းကျင်မှ လူဦးရေ ၂၀၀၀၀ နီးပါးရောက်ရှိနေကြောင်း၊ ထပ်ပြီးလည်းရေကြီးနစ်မြုပ်တဲ့ နေအိမ်ကဒေသခံတွေကို အရေးပေါ်ပြောင်းရွှေ့မှုလုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။

” ခုထိကယ်ဆယ်ရေးလုပ်နေတာပါ။လှေတွေနဲပဲလုပ်လို့ရတော့တယ်။ မနှစ်ကလိုမဖြစ်ပါစေနဲ့ပဲဆုတောင်းတယ်။တခြားသူတွေကထမင်းထုတ်ဝေနေတယ်။မိုးသည်းတာရော ဆည်တမံတွေကလည်း ရေတွေတိုးတော့အတက်မြန်နေတယ်။ နှစ်ရက်ထဲကိုတအားတက်လာတာ။ ” ကယ်ဆယ်ရေးလုပ်နေသူတယောက်ကထပ်ပြောပါတယ်။

ရေကြီးနစ်မြုပ်မှုတွေကြောင့် စာသင်ကျောင်းအများစုပိတ်ထားပြီး စာမေးပွဲဖြေရမယ့် ကျောင်းသားတွေကိုလည်း ရက်ရွှေ့ပေးထားတယ်လို့သိရပါတယ်။

ပဲခူးမြို့ကားလမ်းတွေပေါ်က အချို့နေရာတွေမှာလည်း မြစ်ရေက၂ ပေလောက်အထိ မြင့်တက်မှုရှိပြီး တာဝန်ရှိသူတွေက လမ်းကြောင်းရှင်းလင်းရေးလုပ်ဆောင်ပေးနေသလို အချို့လမ်းတွေယာယီပိတ်ထားပါတယ်။

လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေအတွက် အစားအသောက်တွေ၊ သောက်ရေသန့်တွေ၊အခြားအကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ ဇူလိုင် ၂၆ ရက်နေ့ညနေကစပြီး ပဲခူးမြစ်ရေက စိုးရိမ်ရေမှတ်အထက်ကို စတင်ကျော်လွန်လာပြီး မိုးကလည်းဆက်တိုက်ရွာခဲ့တာကြောင့် မြစ်ရေက အတမ်ကြမ်းခဲ့တာဖြစ်ပါတယ်။

မနှစ်က ၂၀၂၃ ခုနှစ်အောက်တိုဘာမှာ ပဲခူးတမြို့လုံးနီးပါး ရေကြီးနစ်မြုပ်မှုဖြစ်ပွားချိန်က ပဲခူးမြစ်ရေဟာ ၁၀၀၄ စင်တင်မီတာအထိမြင့်တက်ခဲ့ကာ စိုးရိမ်ရေမှတ်ထက် ၄ ပေကျော်လွန်ပြီး ပဲခူးတိုင်းမှာ နှစ်ပေါင်း ၆၀အတွင်းအဆိုးရွားဆုံးရေကြီးနစ်မြုပ်မှုဖြစ်ခဲ့တာကြောင့် မနှစ်ကလိုရေကြီးနစ်မြုပ်မှုဖြစ်ပွားမှာကိုဒေသခံတွေကစိုးရိမ်နေကြတာဖြစ် ပါတယ်။

#Voiceofmyanmar #vom #ပဲခူးရေကြီး #တိုးဂိတ်ပိတ် #တံတားပိတ် #ရေဘေးသင့်သူ၂၀၀၀၀ #ရေဘေးရှောင်စခန်း၂၇

Related posts

Leave a Comment

VOM News

FREE
VIEW