အသက် ၃၅ နှစ်အောက် လူငယ်တွေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် ကန့်သတ်ခံရမှု အချို့ရှိနေ

 

ဩဂုတ် ၄ – ၂၀၂၄
SN (VOM)

လက်ရှိမှာ နစကအနေနဲ့ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မယ့် အသက် ၃၅ နှစ်အောက် လူငယ်တွေ ကန့်သတ်မှုတွေ ပြုလုပ်လာတယ်လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်နေ့က ဂျပန်နိုင်ငံအပါအဝင် ပြည်ပနိုင်ငံအသီးသီးကို သွားရောက် အလုပ် လုပ်ကိုင်မယ့် အလုပ်သမား ၄၀ ကျော်ကို နစက က ပြည်ပထွက်ခွာခွင့် မပေးခဲ့တာကြောင့် အဲဒီ အလုပ်သမားတွေဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ လှည့်ပြန်လာရတယ်လို့ သိရပါတယ်။

လေယာဉ်ပေါ် တက်ခွင့်မရလိုက်တဲ့ အဲဒီ အလုပ်သမား ၄၀ ကျော်ဟာ ပြည်ပမှာ အလုပ်လုပ်ကိုင်နေရာကနေ အကြောင်းအမျိုးမျိုးနဲ့ အိမ်ပြန်လာကြတဲ့သူတွေဖြစ်ပြီး အေဂျင်စီ ငါးခုနဲ့ ချိတ်ဆက် လုပ်ကိုင်နေသူတွေ ဖြစ်ကာ စစ်မှုထမ်းဥပဒေကို ရှောင်ရှားတယ်ဆိုတဲ့ သံသယနဲ့ ပိတ်ပင်ခံရတာလို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

“ဒီပြဿနာက လေဆိပ်မှာ OWIC ကတ်အတု မိသွားတာကနေစတာပါ။ စစ်မှုမထမ်းချင်လို့ ထွက်တဲ့သူတွေ ပါတယ်ဆိုတဲ့ သံသယနဲ့ စစ်ဆေးတာကနေ OWIC ကတ်အတု မိသွားတော့ ပိုဆိုးသွားတာပေါ့။ ကတ်အတုကို ဘယ်ကလုပ်လဲမေးတော့ OSS (One Stop Service) ကနေ လုပ်တယ်လည်းဆိုရော OSS တွေလည်း အကုန်တောက်လျှောက် ပိတ်ခံရတယ်။ ပို့တဲ့ အေဂျင်စီတွေလည်း အကုန် အစစ်ဆေးခံရတယ်” လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အလုပ်သမားတွေ ပြည်ပ ပြန်ထွက်မယ်ဆိုရင် နစက က ထုတ်ပေးတဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (OWIC) လျှောက်ထား ရရှိပြီးမှသာ ထွက်ခွာခွင့်ရရှိမှာဖြစ်ပါတယ်။

နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးတဲ့နောက် နစက က အခွန်ပေးဆောင်ထားမှု၊ အလုပ်လုပ်ခွင့်ပါမစ်နဲ့ လိုအပ်တဲ့ အထောက်အထားတွေ ပြသနိုင်သူကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားရုံးမှာ One Stop Service လို့ခေါ်တဲ့ တနေရာတည်း အလုံးစုံဝန်ဆောင်မှုပေးတဲ့ ဌာနမှာ OWIC ကတ် ထုတ်ပေးနေတာဖြစ်ပါတယ်။

အဲဒီလိုပဲ အေဂျင်စီတွေနဲ့ ချိတ်ဆက်ထားတဲ့ အလုပ်သမားတွေအနေနဲ့လည်း ပြည်ပပြန်ထွက်မယ်ဆိုရင် အေဂျင်စီနဲ့ အလုပ်သမားဝန်ကြီးဌာနကြား ထွက်ခွာခွင့်စိစစ်တဲ့ One Stop Service စနစ်လည်းရှိပြီး အခု ပိတ်ပင်မှုမှာတော့ အဲဒီ စနစ်နှစ်ခုစလုံးက အလုပ်သမားတွေကို ပိတ်ပင်တာဖြစ်တယ်လို့ သိရပါတယ်။

နစက က ပြည်ပပြန်ထွက်ခွင့်ပိတ်လိုက်တဲ့ သူတွေထဲမှာ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်တဲ့ အသက်အရွယ် ကန့်သတ်ချက် ရှိသူတွေလည်း ပါ၀င်နေတယ်လို့ သိရပြီး အဲဒီဥပဒေအတွက် အသက် ၃၅ နှစ်အောက် အမျိုးသားတွေ၊ အသက် ၂၇ နှစ်အောက် အမျိုးသမီးတွေကို စစ်မှုမထမ်းမနေရအမိန့် ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ထပ်မံပြီးတော့လည်း ပြည်ပကို သွားရောက် အလုပ်လုပ်မယ့် အလုပ်သမားတွေရဲ့အသက်အရွယ် အပိုင်းအခြားကိုလည်း ကန့်သတ်ထားသလို အလည်အပတ်နဲ့ ထွက်ခွာမှုကိုလည်း ပိတ်ပင်လိုက်တဲ့အပြင် Passport Job (PJ) ကနေ Passport Visit (PV) ပြောင်းလဲမှုကိုလည်း ပြုလုပ်ခွင့်မပေးတော့ဘဲ ပိတ်ပင်ခဲ့ပြန်ပါတယ်။

“အခု ပြည်ပထွက်ဖို့ ပိတ်ပင်ခံရတဲ့သူတွေက ဘယ်တော့ ပြန်ထွက်ရမလဲဆိုတာတော့ အတိအကျ ဒီအချိန်မှာ ဘာမှပြောလို့မရသေးဘူး။ SB (သတင်းရဲတပ်ဖွဲ့) က လှမ်းပိတ်ထားတာ။ လေဆိပ်မှာတော့ အသက် ၂၃ နှစ်ကနေ ၃၅ နှစ်အတွင်းဆိုရင် ပြန်လွှတ်တာပဲ” လို့ နောက်ထပ် အေဂျင်စီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

သြဂုတ် ၁ ရက်နေ့မှာ ရန်ကုန်လေဆိပ်ကနေ အမျိုးသားတွေကိုပဲ ရွေးပြီး ပြန်လွှတ်တာဖြစ်ပေမယ့် ဩဂုတ် ၂ ရက်နေ့မှာတော့ အမျိုးသမီးတွေကိုပါ ပြန်လွှတ်တာတွေ ရှိလာတယ်လို့ သိရပါတယ်။

သြဂုတ် ၃ ရက်နေ့မှာတော့ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) နဲ့ ထွက်ခွာမယ့်သူတွေကိုပါ အရင်ကထက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေပြီး အထောက်အထား မပြည့်စုံရင် ပြည်ပထွက်ခွင့် မပေးတော့တာတွေ ရှိနေတယ်လို့ သိရပါတယ်။

“လေဆိပ်ကနေ လှည့်ပြန်လာခဲ့ရတာတွေက နောက်နေ့၊ နောက်နေ့တွေလည်း အဲဒီလိုပဲ ဖြစ်နေနိုင်တယ်။ လိုအပ်ချက်တွေရှိလို့ လှည့်ပြန်ခဲ့ရတယ်ဆိုလည်း ကျွန်တော်တို့ဘက်က ဖြေသာပါတယ်ဗျာ။ အခုဟာက သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းတွေအကုန်လည်း လိုက်နာထားပါတယ်။ စာရွက်စာတမ်းဆိုလည်း ဘာလိုအပ်ချက်မှ မရှိပါဘဲနဲ့ ပြန်ခဲ့ရတာ” လို့ ပြည်ပကို ထွက်ခွာခွင့်မရလိုက်တဲ့ အလုပ်သမားတယောက်က ပြောပါတယ်။

အခုလို ပြည်ပပြန်ထွက်မယ့် အလုပ်သမားတွေ ကန့်သတ်ခံရမှုနဲ့ပတ်သက်လို့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဆီ VOM က ဆက်သွယ် မေးမြန်းခဲ့‌ပေမယ့် လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။

အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ကလည်း ထိုင်းနိုင်ငံကို သွားရောက်မယ့် မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်လို့ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး အဲဒီ ကြေညာချက်မှာ အလုပ်သမားတွေအနေနဲ့ ရရှိတဲ့လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံကို ပေးပို့ လွှဲပြောင်းတဲ့ အထောက်အထား ပြသနိုင်မှသာ စာရွက်စာတမ်း ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံသဘောတူညီမှု (MoU) စနစ်နဲ့ ၀င်ရောက်အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ လေးနှစ်ပြည့်ပြီးတဲ့အခါ ပြည်တွင်းကိုပြန်လာပြီး MoU U-Turn စနစ်နဲ့ သက်တမ်းတိုး ပြန်လည်ထွက်ခွာရမှာ ဖြစ်ပါတယ်။

အဲဒီလို ပြန်လည်ထွက်ခွာဖို့အတွက် မိမိတို့မိသားစုထံကို သတ်မှတ်ထားတဲ့ တရားဝင်ဘဏ်စာရင်းကနေ တရား၀င်ငွေလွှဲထားတဲ့ အထောက်အထား ပြသနိုင်မှာသာ ပြည်ပထွက်ခွာဖို့အတွက် စာရွက်စာတမ်း ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနက စည်းကမ်းချက်အသစ် ထပ်တိုး ထုတ်ပြန်ထားပါတယ်။

#voiceofmyanmar #VOM #အသက်၃၅နှစ်အောက် #လူငယ် #ပြည်ပ #ထွက်ခွာ #ပိတ်ပင်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW