ကျောက်မဲ ခမရ ၅၀၁ နဲ့ ၅၀၂ တပ်ကို TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ သတင်း ထွက်ပေါ်

 

ဩဂုတ် ၆၊ ၂၀၂၄
Shy V (VOM)

ကျောက်မဲမြို့က နစက ခြေမြန်တပ်ရင်း (ခမရ) ၅၀၁ နဲ့ ၅၀၂ တပ်စခန်းကို ဩဂုတ်လ ၅ ရက်နေ့ ညနေပိုင်းမှာ TNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ပြီလို့ သတင်း ထွက်ပေါ်နေကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

“ကျောက်မဲမြို့ အားလုံး သိမ်းနိုင်သွားတာဟုတ်တယ်။ တရားဝင် ထုတ်ပြန်တာတော့ မရှိသေးဘူး။ အသေးအစိတ် မသိရသေးဘူး။” လို့ ကျောက်မဲ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

ကျောက်မဲမြို့က နစက လက်ကျန်တပ်စခန်း စကခ – ၁၊ ခမရ – ၅၀၁၊ ခမရ – ၅၀၂ စခန်းကုန်း တွေကို ဩဂုတ်လ ၅ ရက်နေ့ မနက် ၅ နာရီခန့်ကစ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့က သွားရောက် တိုက်ခိုက် ခဲ့ကြောင်း TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေး ဌာနက မနေ့ညနေပိုင်းမှာ သတင်း ထုတ်ထားပါတယ်။

အဲဒီ စခန်းကုန်း အနီးတဝိုက်ဘက် နစက တပ်ဖွဲ့ဘက်က Y12 နဲ့ ဗုံး ၉၆ လုံး ကြဲချခဲ့ကြောင်း၊ ပတ္တမြား စေတီ အနီးတဝိုက်ဘက် Y12 နဲ့ ဗုံး နှစ်လုံး နဲ့ Jet Fighter နဲ့လည်း လေးကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း ဖော်ပြထားပါတယ်။

“ကျောက်မဲ သိမ်းတယ်ဆိုတာ တွေ့နေတာပဲ။ လားရှိုး သိမ်းခံရ ကတည်းက ပါဖို့ များသွားပြီ” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

ကျောက်မဲမြို့မှာတော့ နစက တက်ဖွဲ့ရဲ့ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာချုပ် (စကခ) – ၁ နဲ့ ခြေမြန်တပ်ရင်း (ခမရ) – ၅၀၁၊ ၅၀၂ တို့ အခြေစိုက်ထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲ တလ ကျော်ကြာ ကာလ အတွင်း နှစ်ဖက် တိုက်ပွဲကြောင့် လက်နက် ထိမှန်ပြီး အရပ်သား ၄၀ ထက်မနည်း သေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရတဲ့ အပြင် ပြည်သူတွေရဲ့ နေအိမ် အဆောက်အဦး တွေလည်း အများအပြား ထိခိုက် ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့ကစ TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့က ကျောက်မဲမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တလ ကျော်ကာလ အတွင်း TNLA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက နောင်ချို၊ မိုးကုတ်၊ မိုးမိတ် နဲ့ ကျောက်မဲ တွေကို သိမ်းယူ ထိန်းချုပ်ထားတာ လို့ ဆိုပါတယ်။

Photo Crd# Wikipedia
#voiceofmyanmar #VOM #ကျောက်မဲ #ခမရ၅၀၁ #၅၀၂တပ် #TNLA

Related posts

✕
VOM News

FREE
VIEW