အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးရဲ့ တရုတ်ခရီးစဉ် မြန်မာ့အရေး ဆွေးနွေးဖို့ရှိ



ဝါရှင်တန်၊ ဩဂုတ်-၂၄-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်သည် လာမယ့်သီတင်းပတ်မှာ တရုတ်နိုင်ငံကို သွားရောက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီနဲ့ တွေ့ဆုံဆွေးနွေးရာမှာ မြန်မာ့အရေးလည်း ပါဝင်မယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုဝင်ဘာ ၅ ရက်မှာကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမတိုင်ခင် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ဩဂုတ် ၂၇ ရက်ကနေ ၂၉ ရက်ထိ ဒီခရီးစဉ်အတွင်း အမေရိကန်-တရုတ် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတွေ ကျင်းပရေး၊ ထိုင်းဝမ်အရေးနဲ့ မြန်မာ့အရေးတို့ကို ဆွေးနွေးသွားဖို့ရှိတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ဆိုပါတယ်။

ပေကျင်းမှာပြုလုပ်မယ့်ဆွေးနွေးပွဲမှာတော့ ရုရှားစစ်တပ်ကို တရုတ်နိုင်ငံက ကူညီထောက်ပံ့နေမှုတွေ၊ တောင်တရုတ်ပင်လယ်အရေး၊ အရှေ့အလယ်ပိုင်းအရေးနဲ့ ဉာဏ်ရည်တုနည်းပညာနဲ့ ပတ်သက်တာတွေလည်း ပါဝင်မယ်လို့ဆိုပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်းနဲ့ ဒုတိယသမ္မတဖြစ်သူ ကမလာဟားရစ်နဲ့ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရန်တို့ရဲ့ သမ္မတရွေးကောက်ပွဲပြိုင်ဆိုင်မှုဟာလည်း တရုတ်အပေါ်ထားတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက အဓိကအခန်းကဏ္ဍကပါဝင်နေပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အမေရိကန်ပေါ် ဖြတ်ပျံလာတဲ့ တရုတ်သူလျှိုမိုးပျံပူပေါင်းတွေကို အမေရိကန်က ပစ်ချခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး ပိုမိုတင်းမာနေခဲ့ပြီး ဆက်ဆံရေးတည်ငြိမ်ဖို့ သံတမန်ရေးအရ ကြိုးပမ်းနေကြပါတယ်။

Ref:Reuters/rl
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW