မတ် ၁၃ – ၂၀၂၆
SS (VOM)
လတ်တလော ကားဈေးကွက်အတွင်း EV ကားတွေ ဈေးတက်လာနေပြီး အရင်ကထက် အဝယ်လိုက်လာနေလို့ ဈေးကွက် ကျွမ်းကျင်သူတွေကတော့ လက်ရှိ အနေအထားမှာ ကားအဝယ် မလောသင့်သေးဘူးလို့ ပြောဆိုကြပါတယ်။
လက်ရှိမှာ EV ကားတွေဟာ ကားအမျိုးအစားအလိုက် အရင်ကထက် ၁၀ ရာခိုင်နှုန်းကနေ အမြင့်ဆုံး ၃၀ ရာခိုင်နှုန်းလောက်အထိ ဈေးနှုန်း မြင့်တက်လာနေပြီး တိုက်ရိုက်တင်သွင်း ဖြန့်ဖြူးရောင်းချနေတဲ့ အရောင်းပြခန်းတွေမှာ ကားမရှိတော့ဘဲ အမှတ်တံဆိပ်အစုံရောင်းတဲ့ အရောင်းပြခန်းတွေမှာသာ ကားတွေ ကျန်ရှိတော့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဈေးကွက်မှာ အဝယ်ပိုလိုက်တဲ့ brand ဈေးပိုတက်သွားတယ်။ ပိုတက်ရတဲ့ အကြောင်းရင်းကတော့ နဂိုကတည်းက တက်ချင်နေတဲ့ အကြောင်းရင်ကတော့ နိုင်ငံတော်က လာမယ့် ဧပြီလမှာ ဆီကားတွေကို အခွန် နှုန်းထားတခု တိုးမြှင့်ကောက်ခံမယ်လို့ သတင်းကြားတဲ့အတွက် နည်းနည်း တက်ထားတာရှိတယ်။ နောက်ပိုင်းမှာ ဝယ်လိုအားမြင့်တက်ပြီး ဈေးကွက်ထဲမှာ ကားမရှိလို့ ထပ်မြင့်တက်တာရှိတယ်” လို့ ရန်ကုန်တိုင်း မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က ပြောပါတယ်။
ဒါပေမယ့် လက်ရှိကာလမှာ EV ကား ဝယ်သင့်၊ မဝယ်သင့် ဆိုတာက အရင်က ကျပ် သိန်း ၁၂၀၀ ၊ ၁၃၀၀ ရှိတဲ့ ကားတစီးကို ခုချိန်မှာ ၁၆၀၀ ၊ ၁၇၀၀ ဆို ဝယ်သင့်ပေမယ့် ၂၀၀၀ ဝန်းကျင်အထိ မြင့်တက်သွားတဲ့ ကားဆိုရင်တော့ ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် မဝယ်သင့်သေးဘူးလို့ သူက ပြောပါတယ်။
“စက်သုံးဆီကိစ္စက ကမ္ဘာနဲ့ဆိုင်တဲ့ကိစ္စလည်း ဖြစ်နေတာကိုး။ ဒီအခြေအနေက တလ၊ နှစ်လလောက်ပဲ ကြာမယ်ဆို EV ကားနဲ့ ပတ်သက်လို့ မဝယ်သင့်ဘူး။ ဥပမာ ခြောက်လ၊ တနှစ် ကြာမယ်ဆို ဒီဟာကတော့ မဖြစ်မနေ ရင်ဆိုင်ရတော့မှာဆိုတော့ ဈေးကွက်ထဲလည်း ကားရှိနေမယ်ဆို ဝယ်သင့်တယ်ပေါ့။ ဒါပေမယ့် ဈေးအမြင့်နဲ့ ဝယ်မိရင်တော့ နစ်နာမှုတွေ ရှိနိုင်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဆီကားတွေကို တင်သွင်းခွင့် ပိတ်ထားတာဖြစ်ပြီး EV ကားတွေကိုတော့ အကန့်အသတ်နဲ့ ဆက်တိုက် တင်သွင်းခွင့် ပြုထားတာ ဖြစ်တဲ့အတွက် EV ကားတွေဟာ ရေရှည်မှာ ဈေးနှုန်း ကျဆင်းလာနိုင်ခြေ ရှိနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။
“လက်ရှိမှာ တချို့ကျတော့လည်း လိုအပ်ချက်အရ ဆီကားထက် EV ကားရှိမှ ပိုအဆင်ပြေနိုင်မယ် ဆိုတာမျိုး တွေ့ရတယ်။ သုံးစွဲမယ့်သူတွေရဲ့ အမြင်နဲ့ နေရာပေါ်မူတည်ပြီး အိမ်မှာ EV တစီးတော့ လိုအပ်ချက်လေးတွေ ရှိနေတာပဲ။ ဒါကြောင့် အရင်ကထက် သိန်း ၁၀၀၀ လောက် မြင့်နေတဲ့ EV ကားကို ဝယ်မလား၊ ၇၀၀ နဲ့ ၁၀၀၀ ကြားရှိတဲ့ ဆီကားတစီး ထပ်ဝယ်မလားဆိုတာ စဉ်းစားသင့်ပါတယ်” လို့ သူက ပြောပါတယ်။
လတ်တလော ဈေးကွက်အတွင်း EV ကားအပြင် ဆီကား နံပါတ်အနိမ့် ကားလေးတွေကိုလည်း စုံ/မ နှစ်စီးခွဲကာ ဝယ်ယူမှုတွေ ရှိနေပြီး ဈေးနှုန်း သိန်း ၆၀၀ နဲ့ ၁၀၀၀ ကြား ရှိနေတဲ့ ကားလေးတွေ အဝယ်လိုက်လာနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဆီကားဈေးနှုန်း ကျဆင်းလာနိုင်မှု ရှိ၊ မရှိ ဆိုတာဟာ စက်သုံးဆီ ဈေးကွက်အတွင်း ဆီပေးဝေနိုင်မှု အတိုင်းအတာ ဘယ်လောက်အထိ ရှိနိုင်မယ်ဆိုတဲ့ အချက်ပေါ် မူတည်နေပြီး လက်ရှိ အခြေအနေအတိုင်းသာ ဆီရရှိနေမယ်ဆိုပါက ဆီကားဈေးနှုန်း ကျဆင်းလာနိုင်ခြေ နည်းပါးနိုင်တယ်လို့ သူက ပြောပါတယ်။
လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ စက်သုံးဆီ အခက်အခဲဟာ အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး အခြေအနေတွေကြောင့် တကမ္ဘာလုံးခြုံပြီး ဖြစ်ပေါ်နေတဲ့ အခက်အခဲ ဖြစ်တဲ့အတွက် ရေတိုပြဿနာသာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပြည်တွင်းမှာ EV တွေအတွက် Charging infrastructure လုံလောက်မှု မရှိခြင်း၊ မီးပေးမှု လုံလောက်မှု မရှိခြင်းအပြင် လူအများစု နေထိုင်တဲ့ ကန်ထရိုက်တိုက်၊ ကွန်ဒိုလို နေရာမျိုးမှာ Charging Station တွေ စီစဉ်ပေးနနိုင်ခြင်း မရှိသေးတဲ့အတွက် လက်ရှိမှာ ဆီကားနည်းတူ EV ကားတွေမှာလည်း စိန်ခေါ်မှုတွေနဲ့ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်တယ်လို့ မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။
“ဆီကားကလည်း ဆီခက်ခဲသလို EV ကားကလည်း သူ့အခက်အခဲနဲ့သူ ရှိကြတာပဲ။ ဆီကားရှိတဲ့သူ အားလုံးကလည်း ခုချိန်မှာ EV ပြောင်းဖို့ဆိုတာက အလုံးစုံ မဖြစ်နိုင်သေးဘူးပေါ့။ အဲဒီတော့ ဆီကားကတော့ ဈေးအေးနိုင်ပါတယ်၊ ဝယ်လိုအား နည်းသွားနိုင်ပါတယ်၊ ဈေးလည်း ထိုက်သင့်သလောက် ကျလာမယ်။ ဒါပေမယ့် လတ်တလော ဆီပြဿနာက ဒီတနိုင်ငံတည်း မဟုတ်ဘူး။ နိုင်ငံတိုင်းက ရင်ဆိုင်ရတဲ့ ပြဿနာ ဖြစ်တဲ့အတွက် ဒီအပေါ်မှာ ဆီကား၊ EV ကားတွေက ရုတ်ချည်း ပြောင်းလဲပြီး ဈေးထိုးတက်တာ၊ ထိုးကျတာတွေ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်တော့ မထင်ပါဘူး” လို့ သူက ပြောပါတယ်။
လက်ရှိမှာ EV နဲ့ပတ်သက်လို့ မဖြစ်သင့်တဲ့ ဈေးနှုန်းတွေ မြှင့်တင်ရောင်းချခြင်း မရှိအောင် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန အစရှိတဲ့ အဖွဲ့အစည်းတွေက ကြပ်မတ် ထိန်းကျောင်းမယ် ဆိုရင်တော့ ဈေးနှုန်းမြင့်တက်နိုင်ခြေ နည်းပါးသွားနိုင်မယ်လို့ သူက ပြောပါတယ်။
လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ မန္တလေးမြို့က ကားဝယ်ရောင်းသမား တယောက်ကလည်း “ကျွန်တော့် သဘောထားက မရှိမဖြစ် မဟုတ်ရင် အလောတကြီး မဝယ်သင့်ပါဘူး။ EV ကားကတော့ ဝယ်ပြီးရင် သေချာပေါက် ရှူံးမှာပါ။ ဆီကားဝယ်မယ်ဆိုလည်း ဆီလိုအပ်ချက်တွေနဲ့ အစိုးရမူဝါဒ အပြောင်းအလဲ စောင့်ကြည့်သင့်တာမို့ အဝယ်မလောဖို့ လိုပါတယ်” လို့ ပြောပါတယ်။
ဒါအပြင် ရန်ကုန်မြို့က ကားဝယ်ရောင်း ပြုလုပ်နေသူ တယောက်ကလည်း စုံ/မ ကိစ္စဟာ တဒင်္ဂသာဖြစ်ပြီး ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကြောင့်သာ ဖြစ်တဲ့အတွက် လောင်စာဆီကိစ္စ အဆင်ပြေသွားရင်တော့ စုံ/မ ကိစ္စလည်း တခန်း ရပ်သွားနိုင်တယ်လို့ ဆိုပါတယ်။
“အခု EV ဈေးတက်တာဟာ အခွင့်အရေးသမားတွေရဲ့ ကစားကွက်တွေပါ။ အလောတကြီး ဝယ်ပြီး ပိုက်ဘောဖြစ်မှ ရင်ထုမနာ ဖြစ်ရလိမ့်မယ်။ ပိုက်ဆံ ရှိတဲ့သူတွေကတော့ တမျိုးပေါ့။ ကိုယ်ချင်းစာတရား ကင်းမဲ့တဲ့ ဈေးကွက် ကစားသူတွေရဲ့ ဂျင်း (ချင်း) ကို သတိနဲ့ ရှောင်ရှားနိုင်ဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။
EV ကားဟာ နည်းပညာ အဆင့်မြင့်ပြီး ဆီကုန်ကျစရိတ် သက်သာသလို ပတ်ဝန်းကျင်အတွက်လည်း ကောင်းမွန်တဲ့ ရွေးချယ်မှုတခု ဖြစ်ပေမယ့် ဈေးကွက်စနစ်၊ မူဝါဒပိုင်းဆိုင်ရာ တည်ငြိမ်မှုတွေ မရှိရင်တော့ အသုံးပြုသူတွေအတွက် စိတ်ရှုပ်စရာ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လတ်တလော အခြေအနေတခုမှာ EV ကားဝယ်ယူဖို့ စဉ်းစားနေသူတွေအနေနဲ့ မူဝါဒအသစ်တွေကို စောင့်ကြည့်ခြင်း၊ Service & Charging အဆင်ပြေမှုကို စစ်ဆေးခြင်းအပြင် Resale value ကိုလည်း ထည့်သွင်း စဉ်းစားစေချင်လို့ ကားဝယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။
Photo – CJ
