မက်ဒရစ် မတ် ၁၂၊ ၂၀၂၆
MT(VOM)
စပိန်နဲ့ အစ္စရေးလ် ဆက်ဆံရေး အပြန်အလှန် အက်ကြောင်းထင်မှု ပိုနက်ရှိုင်းလာတာနဲ့အမျှ စပိန်က သံအမတ်ကြီးကို အပြီးအပိုင် ရုပ်သိမ်းလိုက်ပြီလို့ ရိုက်တာသတင်းဌာန က မတ်လ ၁၁ ရက်၊ ၂၀၂၆ မှာ ကြေညာပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်နေတာကို စပိန်က ကန့်ကွက်နေတာကြောင့် နှစ်နိုင်ငံကြား သံတမန်ရေးအရ အခြေအနေ တင်းမာနေတဲ့ကြားကပဲ၊ စပိန်အစိုးရဟာ အစ္စရေးနိုင်ငံဆိုင်ရာ သူတို့ရဲ့ သံအမတ်ကြီးကို အင်္ဂါနေ့မှာ အပြီးအပိုင် ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။
ဂါဇာဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့် အစ္စရေးကို လက်နက်သယ်ဆောင်မယ့် လေယာဉ်တွေနဲ့ သင်္ဘောတွေကို စပိန်ရဲ့ ဆိပ်ကမ်းတွေ ဒါမှမဟုတ် လေပိုင်နက် အသုံးမပြုဖို့ စပိန်ဘက်က ပိတ်ပင်ကန့်သတ်ခဲ့ပါတယ်။ အဲဒီလို ပိတ်ပင်တာနဲ့ ပတ်သက်ပြီး သံတမန်ရေးအရ အငြင်းပွားစရာတွေ ဖြစ်ခဲ့လို့ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက သံအမတ်ကြီးကို စပိန်ကို ပြန်ခေါ်ထားခဲ့တာပါ။ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆာကတော့ စပိန်ရဲ့ အဲဒီလုပ်ရပ်ဟာ ဂျူးဆန့်ကျင်ရေး (Antisemitic) လုပ်ရပ်ဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
အင်္ဂါနေ့မှာတော့ စပိန်အစိုးရက သူတို့ရဲ့ အစိုးရပြန်တမ်းမှာ သံအမတ်ကြီးရဲ့ ရာထူးနေရာကို တရားဝင် အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ စပိန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တဲလ်အဗစ် (Tel Aviv) မြို့မှာရှိတဲ့ သူတို့ရဲ့သံရုံးကို လတ်တလော ရှေ့လျှောက်ကာလတွေမှာ သံရုံးတာဝန်ခံ (Charge d’affaires) ကပဲ ဦးဆောင်သွားတော့မယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို စတင်တိုက်ခိုက်ခဲ့ကတည်းက အကြီးအကျယ် တင်းမာလာခဲ့တဲ့ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှာ နောက်ထပ် အခြေအနေပိုဆိုးလာတဲ့ အဆင့်တစ်ခုပဲ ဖြစ်ပါတယ်။
စပိန်က ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုဖို့ ဆုံးဖြတ်ခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ အစ္စရေးဘက်ကလည်း ပြီးခဲ့တဲ့ မေလကတည်းက သူတို့ရဲ့ သံအမတ်ကြီးကို ပြန်ခေါ်ထားခဲ့တာမို့ စပိန်နိုင်ငံမှာရှိတဲ့ အစ္စရေးသံရုံးကိုလည်း သံရုံးတာဝန်ခံကပဲ လက်ရှိမှာ ဦးစီးနေတာပါ။
အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို တိုက်ခိုက်မှုတွေ စတင်ကတည်းက တင်းမာမှုတွေဟာ ပိုပြီး မြင့်တက်လာခဲ့ပါတယ်။ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆာကတော့ ဒီစစ်ပွဲကို ကန့်ကွက်နေတဲ့ စပိန်နိုင်ငံကို “အာဏာရှင်တွေဘက်က ရပ်တည်နေတယ်” လို့ မတ်လအစောပိုင်းမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။
Source : Reuters
