အောက်တိုဘာ-၁၀-၂၀၂၄
SN (VOM)
“တောင်နေပေါ်ကနေ တက်လိုက်ဆင်းလိုက်နဲ့ မိုးကရွာထားတော့ ဖိနပ်တွေလည်း စီးမရဘူး။ မနည်းလျှောက်ရတာ။ ခြုံတွေထဲမှာလည်း ပုန်းရသေးတယ်” လို့ ထိုင်းနိုင်ငံကို အောက်လမ်းကနေတဆင့် သွားရတဲ့ အတွေ့အကြုံကို ပြန်ပြောင်းပြောပြလာသူကတော့ ကိုအောင်အောင်လို့ အမည်လွှဲထားတဲ့ အသက် ၂၀ နှစ်အရွယ် လူငယ်တယောက်ပဲ ဖြစ်ပါတယ်။
သူကအခု ထိုင်းနိုင်ငံက အထည်ချုပ်စက်ရုံတရုံမှာ အလုပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူ့ရဲ့ဇာတိကတော့ နေပြည်တော်၊ ပျဉ်းမနားဘက်က မထင်မရှား ရွာလေးတရွာပါ။
အဲဒီရွာလေးကနေ ကိုအောင်အောင်တယောက် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် ရဖို့အရေး မော်လမြိုင်ဘက်ကို အရင်သွားရတယ်လို့ ဆိုပါတယ်။ အဲဒီကနေတဆင့် ထိုင်း – မြန်မာနယ်၊ ဘုရားသုံးဆူမြို့နယ်ကနေ ထိုင်းနိုင်ငံဘက်ကို တောလမ်းကြောင်းထဲကနေ ဖြတ်ကျော် ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“မော်လမြိုင်ကနေ ဘုရားသုံးဆူကို သွားရတာတော့ နည်းနည်း အဆင်ပြေသေးတယ်။ ကားစီးရတာက ကြပ်ညပ်လို့။ မြဝတီရောက်ခါနီးတော့ နားတဲ့အဆောင်မှာ ထမင်းစားနားရတယ်။ နားပြီးတော့ ည ၇ နာရီလောက်ကနေ လမ်းလျှောက်ရတာ။ ပြီးတော့ ကားစီးရတယ်။ ကားစီးရတာက ကားထဲမှာ အထပ်နှစ်ထပ်ရှိတယ်။ ကျွန်တော်တို့က အောက်မှာ ပက်လက်စီးရတာ။ လှည့်လို့တောင်မရဘူး။ အပေါ်မှာကလည်း ကျောပိုးအိတ်တွေရော၊ လူတွေရော ထပ်ထားသေးတယ်။ အပေါ်ကနေ သေးတွေလည်း ပေါက်ချကြတယ်။ အောက်ကလူတွေကတော့ သေမလိုတွေတောင်ဖြစ်လို့၊ အသက်တောင် မနည်းရှူရတာ” လို့ ကိုအောင်အောင်က ပြောပါတယ်။
နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းလာပြီး အလုပ်အကိုင်ရှားပါးမှု၊ ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံအတွင်းမှာ အလုပ်လက်မဲ့ဖြစ်သွားကြတဲ့သူတွေ အများအပြား ရှိလာခဲ့တာပါ။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းက အလုပ်သမားတွေဟာ ရရာအလုပ်ကို လုပ်ကိုင်ဖို့ ရေကြည်ရာ၊ မြက်နုရာကို ရှာဖွေရင်း ပြည်ပနိုင်ငံ အသီးသီးကို ထွက်ခွာလျက် ရှိကြပါတယ်။
အဲဒီလို ပြည်ပနိုင်ငံတွေကို ထွက်ခွာလျက်ရှိကြတာမှာ အများစုကတော့ အနီးစပ်ဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံကို သွားရောက် အလုပ် လုပ်ကိုင်နေကြတာပါ။ အစိုးရချင်း နှစ်နိုင်ငံသဘောတူစာချုပ် (MoU) စနစ်နဲ့ သွားရောက်ကြသူတွေရှိသလို ကိုအောင်အောင်တို့လို “တောင်ကျော် ခိုးလမ်း” လို့ ဆိုကြတဲ့ နယ်စပ် တရားမဝင် လမ်းကြောင်းတွေကတဆင့် နေ့စဉ် လူဦးရေ ရာနဲ့ချီပြီး ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်နေကြတာတွေလည်း ရှိနေပါတယ်။
“ကျွန်တော်တို့ ထိုင်းကိုသွားတဲ့လမ်းမှာ မနက် ၁ နာရီလောက်ရောက်တော့ စက်လှေစီးရသေးတယ်။ စက်လှေစီးတော့လည်း ပုန်းရတယ်။ အစောင့်တွေက ဓာတ်မီးတွေနဲ့ထိုးလို့။ စက်လှေစီးပြီးတော့ လမ်းပြန်လျှောက်ရတာ။ ဒါပေမယ့် ကျွန်တော်တို့က ကံကောင်းတယ် ပြောရမယ်။ တောထဲမှာ သုံးရက်ပဲကြာခဲ့တာ။ တချို့တွေက ခုနစ်ရက်လောက် တောထဲမှာနေရတာ။ ထမင်းလည်း မစားရဘူး။ ရေတောင် သောက်စရာမရှိဘူးလို့ ပြောတယ်။ ကျွန်တော်တို့ စီးရတဲ့ကားကတော့ ကုန်တင်ကားလိုမျိုးပဲ။ အပေါ်မှာ အိပ်တွေထပ်ပြီးတော့ မိုးကာတွေအုပ်ထားတာ။ ထိုင်းကို ရောက်တော့လည်း ကားပေါ်က အကုန်သွန်ချတာ။ အိတ်တွေမြန်မြန်ယူရတယ်။ ကားသမားတွေက ဘယ်သူ့ကိုမှ မစောင့်ဘူး။ ကားကို တန်းမောင်းတာ” လို့ ကိုအောင်အောင်က ထိုင်းနိုင်ငံကို သူဘယ်လို ရောက်ခဲ့ရတယ်ဆိုတဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
ပြည်တွင်းကအလုပ်ကို စွန့်လွှတ်ခဲ့ရပြီး ပြည်ပကိုရောက်လာတဲ့ လူငယ်တချို့အတွက်ကတော့ ဘဝဟာ ထင်သလောက် မလွယ်ကူလှပါဘူး။ ကိုအောင်အောင်ကတော့ ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်နေရတဲ့ အခြေအနေကနေ ဘဝကို ပြန်စဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရပါတယ်။
“ကျွန်တော်အခုလုပ်နေတဲ့ အထည်ချုပ်စက်ရုံမှာက အလုပ်ချိန် မနက် ၈ နာရီခွဲကနေ နောက်နေ့မနက် ၂ နာရီအထိ၊ တခါတလေဆို မိုးတောင်လင်းတယ်။ နေ့လယ် ၁၂ နာရီနဲ့ ညနေ ၆ နာရီမှာ ထမင်းစားချိန် ခဏပေးတယ်။ အဲဒီအချိန်တွေပဲ ထမင်းစားဖို့ ခဏနားရတာ။ ကျန်တဲ့အချိန်တွေက တောက်လျှောက် အလုပ် လုပ်ရတယ်။ နားချိန်မရှိဘူး။ မြန်မာပြည်မှာ နေလို့မဖြစ်တော့လို့သာ ရရာနည်းလမ်းနဲ့ ဒီကိုထွက်လာတာ။ အဆင်မပြေပါဘူး။ အရမ်းပင်ပန်းတယ်” လို့ ကိုအောင်အောင်က ခပ်ညည်းညည်းလေး ပြောရှာပါတယ်။
အလုပ်လေးတခုရဖို့ မိသားစုလေးတစု ဝမ်းဝဖို့အတွက် ကိုအောင်အောင်တို့လို ထိုင်းနိုင်ငံကို ရရာနည်းလမ်းနဲ့ ဝင်ရောက်လာသူတွေဟာ အသက်တွေကို ရင်းပြီး ခက်ခဲတဲ့ ခရီးကြမ်းကို ဖြတ်သန်းကြရတာပါ။ တဖက်နိုင်ငံရောက်ပြီ ဆိုရင်လည်း ထောင်နှုတ်ခမ်းဝကို နင်းထားနေရတဲ့ အခြေအနေမျိုးကိုလည်း ရင်ဆိုင်ကြရပြန်ပါတယ်။
နယ်စပ်ဂိတ်တွေကနေ အိမ်နီးချင်းနိုင်ငံတွေဆီကို တရားမဝင် ဝင်ရောက်လာကြသူတွေအတွက်ကတော့ တရားဝင် လာရောက်တဲ့သူတွေထက် ဒုက္ခပေါင်းများစွာကို ခါးဆီးပြီး ခံကြရတာပါ။ မိမိအခွင့်အရေး၊ လုပ်သားတယောက်ရဲ့ အခွင့်အရေး၊ လူသားတယောက်ရဲ့ အခွင့်အရေးတွေ ဆုံးရှူံးနေတာကိုသိရက်နဲ့ အခက်အခဲတွေကြား ခေါင်းငုံ့ ဖြတ်သန်းနေကြရပါတယ်။
“ကျွန်တော်ဒီကိုရောက်တော့ အထည်ချုပ် စက်ရုံတရုံမှာ အလုပ်ဝင်ရတယ်။ လစာက တလကို ဘတ်တသောင်းလို့ ပြောပေမယ့် တခါမှ အပြည့်မရဘူး။ အလုပ်သမားခေါင်းဆောင်က ဖြတ်ယူထားတာ။ ဒီစက်ရုံမှာတော့ လစာကို ၁၅ ရက်တခါ ရှင်းပေးတာ။ ခေါင်းဆောင်က စာရင်းလုပ်ပြီး သူဌေးဆီပို့ပေးရတာဆိုတော့ သူဌေးက သူ့ကိုပဲ ပိုက်ဆံထုတ်ပေးလိုက်တာ။ သူက အဲဒီထဲကနေ သူ့အတွက်တင်မက သူ့မိန်းမအတွက်ပါ နှစ်ယောက်စာ ဖြတ်ယူထားလိုက်တာ။ ကျွန်တော်တို့က သူပေးသလောက်ပဲ လစာရတယ်။ ဘတ် နှစ်ထောင့်ငါးရာ ရလိုက်၊ သုံးထောင် ရလိုက်နဲ့၊ ပုံသေမရှိဘူး။ ဘယ်သူ့ကိုမှလည်း တိုင်လို့မရဘူး” လို့ ကိုအောင်အောင်က ပြောပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံထဲကို မြန်မာအလုပ်သမားတွေ စုပြုံ ရောက်ရှိလာတာကြောင့် လုပ်ငန်းခွင်တွေမှာ သတ်မှတ်ထားတဲ့ လုပ်အားခအတိုင်း မရရှိကြတော့ဘဲ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ အရင်ကထက်ပိုပြီး အများအပြား ရှိလာပါတယ်။ အဲဒီလို ခေါင်းပုံဖြတ် ဖိနှိပ်ခံရမှုတွေကို အလုပ်သမား ရေးဆောင်ရွက်သူတွေက နေ့စဉ်နဲ့အမျှ ဖြေရှင်းပေးနေရတာပါ။
“လုပ်ကိုင်နိုင်စွမ်းရှိတဲ့ လူငယ်၊ လူရွယ်အများစု ပြည်ပကို အလုံးအရင်းနဲ့ ဝင်ရောက်သွားတဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ လူကုန်ကူးခံရတာ၊ ငွေကြေးလိမ်လည်ခံရတာ၊ တရားဝင်မှုဆိုင်ရာအရ တဖက်နိုင်ငံ အာဏာပိုင်တွေရဲ့ ဖမ်းဆီး အရေးယူခံရတာတွေကို အဓိက ကြုံတွေ့နေကြရတယ်” လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူက ပြောပါတယ်။
လက်ရှိ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ငါးသန်း ဝန်းကျင်အထိ ရှိနေတယ်လို့ သိရပါတယ်။ နိုင်ငံရေး အပြောင်းအလဲကာလ သုံးနှစ်ကျော်အတွင်း ထိုင်းနိုင်ငံကို တရားဝင် လာရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာအလုပ်သမားဦးရေ လေးသိန်းကျော်ရှိပြီး တရားမဝင် ဝင်ရောက်သူတွေကတော့ သိန်းနဲ့ချီ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစတင်ကာ အနိမ့်ဆုံး လုပ်ခလစာတွေကို ပြောင်းလဲ သတ်မှတ်ထားတာဖြစ်ပြီး စီးပွားရေး အချက်အချာကျတဲ့ ခရိုင်သုံးခုဖြစ်တဲ့ ချွန်ပူရီ၊ လယောင်း၊ ဖူးကက်တို့မှာ ၃၅၄ ဘတ် (ကျပ် သုံးသောင်းကျော်ဝန်းကျင်) အများဆုံး ရရှိတာဖြစ်တယ်လို့ သိရပါတယ်။ ဘန်ကောက်၊ နွန်ထပူရီ၊ နခွန်းပထုမ်၊ ပထုမ်းထာနီ၊ ဆမွတ်ပရာကန်၊ စမွန်ဆာခွန်တို့မှာ ၃၅၃ ဘတ်၊ ချချန်းဆောင်းမှာ ၃၄၅ ဘတ် ရရှိတာဖြစ်တယ်လို့ သိရပါတယ်။
ဖနခွန်းဆီအယုဒ္ဓယမှာတော့ ၃၄၃ ဘတ်၊ ပရတ်ကျင်ဘူရီ၊ နွန်ခိုင်၊ ဥဘွန်ရချဌာနီ၊ ဖန်ငါ၊ ကဘီ၊ တရတ်၊ ခွန်းကင်၊ ချင်းမိုင်၊ စုဖန်ဘူရီ၊ ဆုန်ခလာ၊ စူရတ်ဌာနီ၊ နခွန်ရချစီမာ၊ လော့ဘူရီ၊ ဆလပ်ဘူရီတို့မှာ ၃၄၀ ဘတ်၊ ကျန်တဲ့ ခရိုင်တွေမှာတော့ ၃၃၈ ဘတ်၊ ၃၃၅ ဘတ် ရရှိတယ်လို့ သိရပါတယ်။ အနည်းဆုံး လုပ်ခလစာကတော့ ၃၂၈ ဘတ် ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအလုပ်သမား တော်တော်များများဟာ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်အတိုင်း မရကြဘူးလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အလွန်များပြားတဲ့ အထောက်အထားမဲ့ အလုပ်သမားတွေလည်း ရှိနေတာမို့ အနိမ့်ဆုံးလုပ်ခအတိုင်း မရတဲ့ အလုပ်သမား ဘယ်လောက်များသလဲဆိုတဲ့ ကိန်းဂဏန်း အတိအကျကို သိရဖို့တော့ မလွယ်ကူလှပါဘူး။
ထိုင်းအစိုးရက အနိမ့်ဆုံးလုပ်ခကို တိုးမြှင့်ထားပေမယ့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ လုပ်ခတိုးမရကြတာနဲ့ ပတ်သက်လို့ တရားဥပဒေ စိုးမိုးမှုမရှိတာက အဓိက ပြဿနာဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမား စီမံချက်အဖွဲ့က စေ့စပ်ညှိနှိုင်းရေးမှူး Koreeyor Manuchae က ပြောပါတယ်။ စာရွက်စာတမ်းရှိတဲ့ တရားဝင် လုပ်သားတွေတောင်မှ မတရားပြုမူခံရတာတွေကို တိုင်ကြားရင် အချိန်အကြာကြီး စုံစမ်းစစ်ဆေးလိမ့်မယ်ဆိုတာ သိကြတယ်လို့ ဆိုပါတယ်။
အဲဒီလို စစ်ဆေးနေတဲ့ အတောအတွင်းမှာ သူတို့ အလုပ်ဖြုတ်ခံရမှာ၊ အလုပ်ရှင်က အမျိုးမျိုး ခြိမ်းခြောက် အနှောင့်အယှက်ပေးမှာကိုလည်း စိုးရိမ်ကြပါတယ်။ မတရားပြုမူခံရတာကို တိုင်ကြားခဲ့ပြီး တရားရုံးမှာ စစ်ဆေးတဲ့ အဆင့်အထိရောက်အောင် လုပ်နိုင်ခဲ့တဲ့ တချို့သော အလုပ်သမားတွေကျတော့လည်း စီရင်ချက်ချဖို့ နှစ်နဲ့ချီပြီး စောင့်ရပြန်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံရောက် အဖိနှိပ်ခံ မြန်မာအလုပ်သမားတွေအတွက် အမှန်တကယ် တရားမျှတမှုနဲ့ တန်းတူညီမျှတဲ့ အခွင့်အရေး ရရှိလာနိုင်ဖို့ ဆိုတာကတော့ လတ်တလော အခြေအနေတွေအရ မဖြစ်နိုင်သေးတဲ့ အိပ်မက်တခုပမာ ရှိနေပါသေးတယ်။ ။
Photo:CJ
