ဒီဇင်ဘာ ၉ – ၂၀၂၄
SN (VOM)
ရခိုင်ပြည်နယ်၊ မောင်တောမြို့က နောက်ဆုံးလက်ကျန် စခန်းတခုဖြစ်တဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ – ၅) ကို ထိန်းချုပ်ပြီး နတ်မြစ်အတွင်း ရေကြောင်းသွားလာမှုတွေကို ပိတ်ပင်လိုက်တယ်လို့ AA က မနေ့ ဒီဇင်ဘာ ၈ ရက်၊ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာ သတင်းထုတ်ပြန်ထားပါတယ်။
AA အနေနဲ့ မောင်တောရှိ နခခ (၅) ကို မနေ့ ဒီဇင်ဘာ ၈ ရက်၊ မနက် ၉ နာရီခွဲဝန်းကျင်မှာ အပြီးသတ် ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီး နစက ပူးပေါင်းတပ်တွေရဲ့ လမ်းကြောင်းကို ပိတ်ဆို့နိုင်ဖို့ နတ်မြစ်အတွင်း ရေကြောင်းသွားလာမှုတွေကို မနေ့ ဒီဇင်ဘာ ၈ ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲ အချိန်မှစပြီး အချိန်၊ ရက် အကန့်အသတ်မရှိ ပိတ်ပင်တားမြစ်လိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“မောင်တောသတင်းက မှန်ပါတယ်။ နတ်မြစ်ကိုပိတ်တာကလည်း နစကတပ်တွေ မထွက်နိုင်အောင် AA က တားထားတာ။ ကျွန်တော်တို့လည်း လောလောဆယ် သတင်းမှန်ကန်ကြောင်းကိုပဲ အတည်ပြုနိုင်သေးတယ်။ မောင်တောကျပြီဆိုတော့ အခုက မြန်မာ – ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို AA က ထိန်းချုပ်ထားနိုင်တာပဲ” လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
လက်ရှိမှာတော့ နခခ (၅) အနီးအနားသာမက မောင်တောဒေသရဲ့ တခြားသောနေရာတွေမှာပါ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
AA အနေနဲ့ မောင်တောဒေသကို အခု ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၄ ရက်နေ့မှ စတင်ကာ မြို့ကိုရရှိနိုင်ဖို့ ထိုးစစ်အရှိန် မြှင့်တင်ခဲ့တာမှာ စက်တင်ဘာ လလယ်ခန့်မှာတော့ မောင်တောမြို့ပေါ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး လက်ကျန်စခန်းဖြစ်တဲ့ နခခ (၅) ကို ဆက်လက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှ စတင်ခဲ့တဲ့ AA ရဲ့ ရခိုင်တိုက်ပွဲအတွင်း လက်ရှိ မောင်တောမြို့အပါအဝင် မြို့နယ်ပေါင်း ၁၁ ခုအထိ သိမ်းပိုက်ထားပြီးဖြစ်ကာ လက်ရှိမှာတော့ အမ်းနဲ့ ဂွမြို့နယ်တို့မှာ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ သိရပြီး လက်ရှိ ရခိုင်ပြည်နယ်ရဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နစကဘက်က တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Photo:CJ
Related posts
-
ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို ယူကရိန်းဖမ်းဆီးရမိ
ကိဗ်ယက်၊ ဇန်နဝါရီ-၁၂-၂၀၂၅ မျိုးဆက်(VOM) ရုရှားနိုင်ငံကာ့စ်ဒေသမှာ ဒဏ်ရာရ မြောက်ကိုရီးယားစစ်သားနှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ ယူကရိန်းသမ္မတ... -
ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာ
ဇန်နဝါရီ ၁၂ – ၂၀၂၅SS (VOM)ပြည်တွင်းက ကုန်းလမ်းခရီး သွားလာရခက်တဲ့ ဒေသတွေမှာ လေယာဉ်လက်မှတ်ခ... -
ရန်ကုန်မှာ ကလေး၊ သက်ကြီး၊ ကိုယ်ဝန်ဆောင်နဲ့ မသန်စွမ်းတွေကို ထောက်ပံ့ကြေးပေးဖို့ စာရင်းကောက်နေ
ဇန်နဝါရီ ၁၀ – ၂၀၂၅KKO(VOM)ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာ ထောက်ပံ့ကြေးငွေ ပေးအပ်ဖို့ စာရင်းကောက်ယူမှု တွေရှိနေတယ်လို့...