NCA အဖွဲ့တချို့ ကတိချိုးဖောက်မှုရှိနေ၊ လာမယ့် ရွေးကောက်ပွဲ အနိုင်ရအစိုးရကို အာဏာလွှဲမယ်လို့ နစက ဥက္ကဌ ပြော



ဒီဇင်ဘာ ၄ – ၂၀၂၅
KKO(VOM)

လက်ရှိကျင်းပမယ့် ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကိုလည်း နိုင်ငံ့တာဝန်တွေ လွှဲပေးမယ်လို့ နစက ဥက္ကဌက ယနေ့ ကျရောက်တဲ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ကတိပြုလိုက်ပြီး NCA မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAO)အချို့က NCA ပါ ကတိကဝတ်တွေကို လိုက်နာမှုမရှိဘဲ ချိုးဖောက်နေကြသည်ကိုလည်း တွေ့ရှိနေရတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းကြဖို့ကိုလည်း နစက ဥက္ကဌ က လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ပေးပို့တဲ့ သူရဲ့သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အန္တိမရည်မှန်းချက်က လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကိုအောင်မြင်စွာ ကျင်းပဖို့ ဖြစ်ပါတယ်။စည်းစနစ်ကျနပြီး တရားမျှတတဲ့ သိက္ခာရှိတဲ့ အထွေထွေရွေးကောက်ပွဲဖြစ်စေဖို့နဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့အစိုးရကို နိုင်ငံတော်တာဝန် လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ကတိပြု ပြောကြားလိုပါတယ်”လို့ နစက ဥက္ကဌ က က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

အဲဒါအပြင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာနိုင်ငံမှာ သမိုင်းရှည်ကြာဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းနိုင်ဖို့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ကိုလည်း တိုက်တွန်းခဲ့ပါသေးတယ်။

ဒါအပြင် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုတွေက နိုင်ငံရေးအမြင် မတူညီမှုတွေကို အခြေခံသကဲ့သို့ တသီးတခြားရပ်တည်လိုစိတ်နဲ့ အတ္တအကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့ခြင်းကြောင့်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

“နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာဖြေရှင်းနိုင်ဖို့ ကမ်းလှမ်းဖိတ်ခေါ်လျက်ရှိပါတယ်။ လက်နက်ကိုင်အကြမ်းဖက် တောင်းဆိုမှုတွေအပေါ် လိုက်လျောဖြေရှင်းပေးသွားမှာမဟုတ်ကြောင်းကိုလည်း အတိအလင်း ကြေညာထားပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံသားအားလုံးဟာ မြန်မာစိတ်မွေးပြီး ငါတို့ အားလုံးသည်မြန်မာ(We are Myanmar) ဟူသော စိတ်၊ တသွေးတသားတည်း စည်းလုံးညီညွတ်တဲ့ အမျိုးသားစိတ်ဓာတ်နဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲအကောင် အထည်ဖော်ကြဖို့ သန္နိဋ္ဌာန်ချဆောင်ရွက်ကြရပါမယ်”လို့ နစက ဥက္ကဌ က ပြောပါတယ်။

ဆက်လက်ပြီးတော့ နစက ဥက္ကဌ က ပြောကြားရာမှာ တပ်မတော်အနေနဲ့ တဖက်သတ် အပစ်အခတ် ရပ်စဲကြောင်းကို အကြိမ်ပေါင်းများစွာ ထုတ်ပြန်ကြေညာခဲ့ပြီး နိုင်ငံတော်အစိုးရ အနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကိုလုပ် ဆောင်ဖို့ ဖိတ်ခေါ်မှုတွေကိုလည်းအကြိမ်ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

သို့သော်လည်း NCA မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(EAO)အချို့က NCA ပါ ကတိကဝတ်တွေကို လိုက်နာမှုမရှိဘဲ ချိုးဖောက်နေကြသည်ကိုလည်း တွေ့ရှိနေရတယ်လို့လည်း သူက ဆိုပါတယ်။

ဒါကြောင့်မို့ သိက္ခာရှိတဲ့ နည်းလမ်းကျမှန်ကန်မှုရှိတဲ့ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ဖို့အတွက် ပြည်သူတရပ်လုံးက ပူးပေါင်းပါဝင်ကြဖို့ကိုလည်း နစက ဥက္ကဌ က တိုက်တွန်းထားပါတယ်။

ဒါအပြင် ယနေ့ ကမ္ဘာ့ရေးရာ အခြေအနေတွေဟာ လွန်စွာနက်နဲ ရှုပ်ထွေးလာနေတဲ့အတွက် နိုင်ငံသူ၊ နိုင်ငံသား တွေရဲစည်းလုံးညီညွတ်မှုအားနဲ့သာ ရင်ဆိုင်နိုင်မှာဖြစ်တယ်လို့လည်း နစက ဥက္ကဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် က သူရဲ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ် လွှာမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်၊ဇန်နဝါရီလ (၄)ရက်နေ့မှာ လွတ်လပ်ရေးရရှိကာ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်မှာ ၂၀၂၅ ခုနှစ်၊ ယနေ့ ဇန်နဝါရီလ(၄)ရက်နေ့မှာ (၇၇)နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW