တပတ်အတွင်း ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်ဈေးကွက်



ဇန်နဝါရီ ၆ – ၂၀၂၅
SS (VOM)

ဒီတပတ်မှာတော့ ပြည်တွင်းက ပြင်ပရွှေဈေးနှုန်းတွေဟာ အနည်းငယ် တက်ရိပ်ပြလာပါတယ်။ အမေရိကန်ဒေါ်လာဈေးကတော့ ကျပ် ၄၄၀၀ ကျော်ဝန်းကျင်မှာ ဆက်ရှိနေပါတယ်။

စက်သုံးဆီတွေကတော့ ဒီတပတ်မှာ ဆီအမျိုးအစားအားလုံး ဈေးထပ်ကျနေပါတယ်။ အခြေခံစားသောက်ကုန် ဈေးကွက်မှာတော့ ကုန်စည်အများစုက အမြင့်ဈေးမှာပဲ ဆက်ရှိနေတာကို တွေ့ရပါတယ်။

#ပြည်တွင်းရွှေဈေးနှုန်း

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက အခေါက်ရွှေ တကျပ်သားဈေးဟာ ၆၁ သိန်းကျော်ဝန်းကျင်မှာသာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ၆၂ သိန်းကျော်ဝန်းကျင်ကို အနည်းငယ် မြင့်တက်ရောက်ရှိလာပါတယ်။

အခေါက်ရွှေဈေးဟာ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့၊ မွန်းလွဲပိုင်းကစပြီး ၆၂ သိန်းဝန်းကျင်ကို ရောက်ရှိလာတာပါ။ ဇန်နဝါရီ ၄ ရက် (စနေနေ့) မှာတော့ ကျပ် ခြောက်ဆယ့်နှစ်သိန်း သုံးသောင်းဝန်းကျင်နဲ့ ဈေးပိတ်ထားပါတယ်။

“ပြည်တွင်းရွှေဈေးက KBZpay ကိစ္စနဲ့ နည်းနည်းပြန်လှုပ်လာတဲ့ သဘောပါ။ လေပက်ကားသမားတွေက ဒါကိုအကြောင်းပြုပြီး ဈေးကစားနေကြတာ။ လက်ရှိမှာ ဒေါ်လာဈေးကလည်း ငြိမ်နေတယ်။ ဒါပေမယ့် ကမ္ဘာ့ရွှေဈေးကတော့ နည်းနည်းပြန်တက်နေတယ်ဆိုတော့ အခြေအနေကတော့ စောင့်ကြည့်ရဦးမှာပါ။ ကျွန်တော့်အထင်တော့ ရွှေဈေးက ဒီထက်အများကြီးတော့ ဆက်တက်နိုင်ခြေ မရှိပါဘူး” လို့ ရွှေလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက် (တနင်္လာနေ့) က တအောင်စ ၂၆၂၅ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒီတပတ် ဒီဇင်ဘာ ၃၀ ရက် (တနင်္လာနေ့) မှာတော့ တအောင်စ ၂၆၂၃ ဒေါ်လာနဲ့ ဈေးဖွင့်ခဲ့ကာ တအောင်စ ၂ ဒေါ်လာလောက်သာ ဈေးနှုန်းအပြောင်းအလဲ ရှိခဲ့တာကိုတွေ့ရပါတယ်။

#နိုင်ငံခြားငွေလဲဈေးနှုန်း

နိုင်ငံခြားငွေလဲ‌ဈေးတွေဟာ ဒီတပတ်မှာလည်း ထင်သလောက် ကျမလာသေးပါဘူး။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးတွေ ဆက်တိုက်ဆိုသလို ထုတ်ရောင်းပေးနေတာ ဖြစ်ပေမယ့် ငွေလဲဈေး အများစုကတော့ ဈေးနှုန်း သိသိသာသာ ပြောင်းလဲ ကျဆင်းလာခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) ကနေ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၂၅ သန်း၊ တရုတ်ယွမ် ခြောက်သိန်းရှစ်သောင်းနီးပါး၊ ထိုင်းဘတ် ၂ ဒသမ ၄၅ သန်းကျော်ကို ရောင်းချပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါအပြင် ဇန်နဝါရီ ၃ ရက်နေ့မှာလည်း တရုတ်ယွမ် ငါးသိန်းကျော်ကို ထုတ်ရောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ငွေလဲဈေးတွေကတော့ ဒီတပတ်မှာလည်း အပြောင်းအလဲ ထူးထူးခြားခြား မရှိခဲ့ဘဲ အမေရိကန်ဒေါ်လာဈေးဟာ ဇန်နဝါရီ ၅ ရက်နေ့မှာ တဒေါ်လာ ၄၄၄၀ ကျပ်ဝန်းကျင်မှာ ရှိနေခဲ့ကာ အရင်တပတ်ကထက် ၁၀ ဒေါ်လာလောက်သာ ကျဆင်းလာတာကို တွေ့ရပါတယ်။

အဲဒီလိုပဲ တခြား ငွေလဲဈေးတွေဟာလည်း ဈေးနှုန်းအနည်းငယ်သာ ပြောင်းလဲမှုရှိခဲ့ပြီး ထိုင်းဘတ် ၁၂၉ ဝန်းကျင်၊ တရုတ်ယွမ် ၆၁၁ ဝန်းကျင်၊ အိန္ဒိယရူပီး ၅၂ ဝန်းကျင်မှာ ရှိနေခဲ့တာကို တွေ့ရပါတယ်။

#စက်သုံးဆီဈေးနှုန်း

ဒီတပတ်မှာလည်း စက်သုံးဆီ အမျိုးအစားအားလုံး ဈေးထပ်ကျလာတာကို တွေ့ရပါတယ်။ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့ ရည်ညွှန်းဈေး သတ်မှတ်ချက်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၂၉၈၅ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၀၉၅ ကျပ်၊ ဒီဇယ် တလီတာ ၂၆၁၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၂၂၅ ကျပ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကတော့ ၉၂ ဓာတ်ဆီ တလီတာ ၃၀၁၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာ ၃၁၂၀ ကျပ်၊ ဒီဇယ် တလီတာ ၂၆၃၅ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၂၆၀ ကျပ်ဆိုပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် အခုတပတ်မှာတော့ ၉၂ ဓာတ်ဆီ တလီတာ ၂၅ ကျပ်၊ ၉၅ တလီတာ ၂၅ ကျပ်၊ ဒီဇယ် တလီတာ ၂၀ ကျပ်၊ ပရီမီယံဒီဇယ် တလီတာ ၃၅ ကျပ်ဝန်းကျင် ထပ်မံ ကျဆင်းလာတာကို တွေ့ရပါတယ်။ အဲဒီလိုပဲ တခြားသော တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း စက်သုံးဆီဈေးတွေ ကျဆင်းလျက်ရှိပါတယ်။

#အခြေခံစားသောက်ကုန်ဈေးနှုန်း

ဒီတပတ် အခြေခံစားသောက်ကုန် ဈေးကွက်မှာလည်း ကုန်စည်အများစုက အမြင့်ဈေးမှာပဲရှိနေပါတယ်။ စားဆီဈေးကွက်ထဲမှာလည်း စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်ကနေ အခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ ရည်ညွှန်းဈေး သတ်မှတ်ချက်ဟာ အရင်တပတ်ကအတိုင်း တပိဿာ ၇၂၈၀ ဈေးမှာပဲ ရှိနေဆဲဖြစ်ပါတယ်။

ပြင်ပဈေးကွက်ရဲ့ စားဆီဈေးကတော့ ကျပ် တသောင်းနှစ်ထောင်ဝန်းကျင်မှာ ရှိနေတာဖြစ်ပါတယ်။ ဆီစာအုပ်နဲ့ ၁၀ ရက် တကြိမ်စီ၊ တပိဿာနှုန်း ရောင်းချပေးတဲ့ ဆီထုတ်ဈေးကတော့ ကျပ် ၇၅၀၀ ဝန်းကျင်မှာ ရှိနေပါတယ်။

ဆန်တွေကတော့ အမြင့်ဈေးမှာပဲ ရှိနေပြီး ဆန်ကြမ်း အမျိုးအစားတွေဖြစ်တဲ့ ဇီယာ (ရှယ်) တအိတ် ကိုးသောင်းခွဲ၊ မနောသုခ (အဟောင်း) တအိတ် တသိန်းတသောင်းကျပ်ဝန်းကျင် ရှိနေပါတယ်။ ဆန်ချောကတော့ ရွှေဘိုပေါ်ဆန်း (အဟောင်း) တအိတ် တသိန်းခုနစ်သောင်းကျပ်၊ ရွှေဘိုပေါ်ဆန်း (အသစ်) တအိတ် တသိန်းလေးသောင်းကျပ်ဝန်းကျင်မှာ ရှိနေတယ်လို့ သိရပါတယ်။

ဒါအပြင် ကြက်ဥ၊ ဘဲဥဈေးတွေဟာလည်း အမြင့်ဈေးမှာပဲ ရှိနေပြီး ကြက်ဥ အရွယ်အစားအလိုက် တလုံးကို ကျပ် ၃၅၀ ၊ ၄၀၀ ၊ ၄၅၀ ၊ ၅၀၀ ကျပ်ဝန်းကျင် ရှိနေပါတယ်။ အဲဒီလိုပဲ ဘဲဥဈေးဟာလည်း အရွယ်အစားအလိုက် တလုံး ၅၀၀ ၊ ၅၅၀ ၊ ၆၀၀ ကျပ်ဈေးတွေမှာပဲ ရှိနေပါတယ်။

အာလူးနဲ့ ကြက်သွန်ဈေးတွေကတော့ အနည်းငယ် ပြန်ကျနေပြီး အာလူး တပိဿာ ကျပ် တသောင်းနှစ်ထောင်ဈေး ဖြစ်လာပါတယ်။ ကြက်သွန်နီဈေးကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် ၃၀၀၀ ၊ ၄၀၀၀ ကျပ်ဈေး ရှိနေပါတယ်။ ကြက်သွန်ဖြူကလည်း အမျိုးအစားအလိုက် တပိဿာ တသောင်းခြောက်ထောင်ကျပ်ကနေ ကျပ် နှစ်သောင်းဈေးအထိ ရှိနေပါတယ်။

ကုန်စိမ်းဈေးကွက်မှာတော့ တချို့အသီးအရွက်တွေက ပုံမှန် အမြင့်ဈေးအတိုင်း ရှိနေပြီး တချို့ကတော့ ဈေးပြန်ကျနေပါတယ်။ ဂေါ်ဖီထုတ် တထုပ် ကျပ် ၂၀၀၀ – ၂၅၀၀ နဲ့ ဈေးကျနေပါတယ်။ အဲဒီလိုပဲ ပန်းဂေါ်ဖီ အပွင့်သေးတပွင့် ၁၅၀၀ ကျပ်၊ အပွင့်ကြီးတပွင့် ၂၀၀၀ ကျပ်နဲ့ ဈေးကျလာပါတယ်။

တရုတ်ကန်စွန်းရွက် တစည်း ၁၀၀၀ ကျပ်၊ ရိုးရိုးကန်စွန်းရွက် တစည်း ၅၀၀ ကျပ်ဈေးမှာပဲ ရှိနေပါတယ်။ ခရမ်းချဉ်သီးကတော့ တပိဿာ ကျပ် ၆၀၀၀ ဝန်းကျင်နဲ့ ဈေးပြန်ကျနေပါတယ်။ အဲဒီလိုပဲ ငရုတ်သီးစိမ်းဈေးဟာလည်း တပိဿာ ကျပ် ၅၀၀၀ နဲ့ ဈေးကျနေပါတယ်။

ရပ်ကွက်ဈေးတွေမှာ တချို့ ငါး၊ ပုစွန်ဈေးတွေ ကျဆင်းလာနေပါတယ်။ ငါးမြစ်ချင်း တပိဿာ တသောင်းကျပ်နဲ့ ဈေးကျနေပါတယ်။ ငါးကြင်းကတော့ တပိဿာ တသောင်းရှစ်ထောင်ကျပ်နဲ့ ပုံမှန်အတိုင်း ရှိနေပါတယ်။ ပုစွန်တွေကတော့ အမျိုးအစားအလိုက် တပိဿာ ကျပ် နှစ်သောင်းကနေ ကျပ် သုံးသောင်း၊ သုံးသောင်းခွဲ၊ ငါးသောင်းအထိ ရှိနေပြီး ဈေးကျနေပါတယ်။

အသားဈေးကွက်မှာတော့ ကြက်သား‌နဲ့ ဝက်သားဈေးတွေ ပြန်တက်နေပါတယ်။ ကြက်သား တပိဿာ ကျပ် တသောင်းရှစ်ထောင်ကနေ ကျပ် နှစ်သောင်းအထိရှိပြီး ဝက်သားဈေးကတော့ တပိဿာ ကျပ် သုံးသောင်းခွဲအထိ ရှိနေပါတယ်။

အဲဒီလိုပဲ အမဲသားဈေးလည်း ပြန်တက်နေပြီး အမဲသား တပိဿာ ကျပ် နှစ်သောင်းခွဲဈေး ရှိနေပါတယ်။ ဆိတ်သားဈေးကတော့ တပိဿာ ကျပ် သုံးသောင်းသုံးထောင်ဈေးနဲ့ ပုံမှန်အမြင့်ဈေးအတိုင်း ရှိနေပြီး အခုဖော်ပြခဲ့တဲ့ ဈေးနှုန်းတွေဟာ နေရာဒေသပေါ်မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်။

Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW