ဇန်နဝါရီ ၆ – ၂ဝ၂၅
KKO(VOM)
အလှအပရေးရာဆေးခန်းတခုရဲ့ပေါ့ဆမှုကြောင့် သေဆုံးခဲ့ရပြီး အလောင်းကို ရန်ကုန်မြို့ပြင်တနေရာမှာဖျောက်ဖျက်ခံခဲ့ရတဲ့ မဇာခြည်ဦးရဲ့သတင်းဟာ လူအများက စိတ်ဝင်တစားနဲ့ တအံ့တဩဖြစ်ခဲ့ရကာ လူမှုကွန်ရက်တခွင်မှာလည်းဟိုးလေးတကျော်ဖြစ်ခဲ့ရပြီး ဖြစ်စဥ်ကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ အသက်(၂၇)နှစ် ဝန်းကျင်ရှိ မဇာခြည်ဦးလို့ အမည်ရတဲ့မိန်းကလေးငယ်တယောက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ ညနေ ၄ နာရီ
ဝန်းကျင်ခန့်မှာ နေအိမ်မှ ပျောက်ဆုံးသွားခဲ့လို့ လိုက်လံရှာဖွေနေရာကနေ ၇ ရက်အကြာ ဇန်နဝါရီလ ၂ ရက်နေ့မှာ သူမရဲ့ရုပ်အလောင်းကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းကမ်းမြို့နယ်ဘက်မှာပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ခန္ဓာကိုယ်အဆီစုပ်ထုတ်ခြင်းလို့
ခေါ်တဲ့ Liposuction Treatment လုပ်ရာကနေ အလှအပရေးရာပြုပြင်ရေးဆေးခန်းရဲ့ပေါ့ဆမှုကြောင့် မဇာခြည်ဦးဟာ အသက်ပေးခဲ့ရတာဖြစ်ပြီး အဲဒီနောက်မှာတော့ အလောင်းကိုဖျောက်ဖျက်ခြင်းခံခဲ့ရတာဖြစ်တယ်လို့
သေဆုံးသူမဇာခြည်ဦးနဲ့ နီးစပ်တဲ့ ဆွေမျိုးသူငယ်ချင်းအသိုင်းအဝိုင်းတွေရဲ့ပြောပြမှုတွေအရ သိရှိရပါတယ်။
သေဆုံးသူမဇာခြည်ဦးရဲ့သူငယ်ချင်းတွေပြောပြမှုအရနဲ့ ဒေသတွင်းသတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ မဇာခြည်ဦး နောက်ဆုံးသွားခဲ့တဲ့နေရာဟာ ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်အတွင်းမှာရှိတဲ့ IRIS Beauty Clinic အလှအပရေးရာ ဆေးခန်းတခုဖြစ်တယ်လို့ ပြောဆိုဖော်ပြထားတာကိုလည်းတွေ့ရပါတယ်။
“ဟိုတလောတုန်းကသတင်းတွေပျံ့လာတယ်။ကောင်မလေးတယောက်အသတ်ခံရတာ
ကျွန်တော်တို့ ဒဂုံဆိပ်ကမ်းဘက်မှာတွေ့တယ်ဆိုပြီးကြားခဲ့ရတယ်။အစပိုင်းမှာကြားရတာက အရပ်အပြောစကားတွေအရပေါ့၊အစကထင်ကြတာ ကောင်မလေးနဲ့ သူ့ချစ်သူနဲ့က စကားများလို့ အခုလိုသတ်ပြီးဒီမှာလာပစ် ထားတယ်လို့ထင်ကြတာပေါ့။အလောင်းတွေ့တယ်ဆိုတဲ့ ဒီသတင်းကကြားနေရတာကြာပါပြီ၊အခုသတင်းတွေတက်လာမှ ဟိုတလောတုန်းက ကျွန်တော်တို့ဘက်မှာ အလောင်းလာပစ်သွားတယ်ဆိုတဲ့ ကောင်မလေးက ဒီကလေးမလေးဖြစ်နေမှန်းအခုမှသိရတာပေါ့။သတင်းတွေဖတ်ကြည့်ရသလောက်က သူက ဆေးခန်းတခုမှာအဆီသွားထုတ်ရင်းနဲ့ အခုလိုဖြစ်သွားတယ်လို့ သိရတယ်။ကောင်မလေးအလောင်းဒဂုံဆိပ်ကမ်းဘက်မှာတွေ့တယ်ဆိုတဲ့သတင်းကတော့အမှန်ပါပဲ။ဒါကဟုတ်လို့သတင်းတွေထွက်လာတာပေါ့၊မဟုတ်ဘဲနဲ့တော့အရပ်ထဲမပြောလောက်ဘူး။ဟိုရက်ပိုင်းတွေတုန်းကဒီကောင်မလေးကိစ္စကိုအရပ်ထဲမှာတော်တော်လေးပြောနေကြတယ်။ကျွန် တော်တို့လည်းအဲလိုသတင်းတွေကြားရလို့ ကိုယ့်အိမ်ကအိမ်သားတွေကိုတောင်အသွား၊အလာဂရုစိုက်ဖို့အတွက် ပြောပြနေရ၊သတိ ပေးနေရတာပါ။ကောင်မလေးရဲ့အလောင်းက ကျွန်တော်တို့ ယုဇနဥယျာဉ်မြို့တော်အနားမှာ မက်စ်ဆီဆိုင်တခုရှိတယ်။အဲဒီ
ဆီဆိုင်နောက်ကျောဘက်နားမှာတွေ့တာလို့လည်းပြောကြတယ်။ကောင်မလေးအလောင်းတွေ့တုန်းက ဒဏ်ရာတွေနဲ့လို့လည်းပြောတယ်။ဒီသတင်းကကြားနေရတာကြာပြီဆိုပေမယ့် အခုမှဖြစ်ကြောင်းကုန်စင်အကုန်သိရတာပါ”လို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းမှာနေထိုင်သူတယောက်က အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ သူကြားသိရသလောက်ကို ပြန်လည်ပြောပြပေးခဲ့ပါတယ်။
အဆီထုတ်အလှအပရေးရာပြုပြင်ရာကနေ သေဆုံးသွားခဲ့ရတဲ့ မဇာခြည်ဦးရဲ့ယခုဖြစ်စဉ်အပေါ်အလှအပရေးရာနဲ့ ဆေးပညာခွဲစိတ်ပြုပြင်ရေးဆိုင်ရာကျွမ်းကျင်ဆရာဝန်တွေရဲ့သုံးသပ်ပြောကြားမှုတွေလည်းများစွာထွက်ပေါ်လာခဲ့သလို ပြည်သူလူထုတွေကြားမှာလည်း အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ထင်ကြေးအမျိုးမျိုးပေးကာ ဝေဖန်သုံးသပ်မှုတွေလည်းများစွာရှိနေခဲ့တာဖြစ်ပါတယ်။
ဒေသတွင်းသတင်းဌာနတွေရဲ့ဖော်ပြမှုတွေအရတော့ ဟိုးလေးတကျော်ဖြစ်ခဲ့ရတဲ့ မဇာခြည်ဦး သေဆုံးခဲ့ရတဲ့ယခုဖြစ်စဉ်အပြီးမှာ IRIS Beauty Clinic အလှအပရေးရာဆေးခန်းပိုင်ရှင်ဖြစ်သူဟာ လက်ရှိမှာထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရှိပါတယ်။
အလှအပရေးရာဆိုင်ရာ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်တယောက်ကတော့ ဒီဘက်ခေတ်မှာ Gym တွေကစလို့ နောက်ဆုံး Nutrition Plan တွေခေတ်စားနေတာမို့လို့ မလိုအပ်ပဲနဲ့ ခန္ဓကိုယ်ခွဲစိတ်ပြီး အလှအပရေးရာပြုပြင်မှုတွေကိုမပြုလုပ်ကြဖို့နဲ့ အခုလို အဆီထုတ်ခွဲစိတ်မှုပြုလုပ်ပြီး အသက်ဆုံးရှုံးရတဲ့ သူအတွက်စိတ်မကောင်းဖြစ်ရသလို တကယ်တော့
လေ့ကျင့်ခန်းပုံမှန်လုပ် အစားလျော့စားပြီး ရေရှည်ကျန်းမာကြံ့ခိုင်တဲ့ နည်းလမ်းနဲ့သွားတာကသာ အလှအပကိုထိန်းသိမ်းရာမှာအကောင်းဆုံးဖြစ်တယ်လို့ အကြံပြုပြောကြားထားတာကိုလည်းတွေ့ရပါတယ်။
ဒါအပြင် ရဲသတင်းအရင်းအမြစ်တွေအရ
ရဲတပ်ဖွဲ့ဘက်က ယခုမဇာခြည်ဉီး သေဆုံးခဲ့
ရမှုနဲ့ပတ်သက်လို့ စုံစမ်းမှုတွေကိုပြုလုပ်နေတယ်လို့ဆိုထားပြီး ယခုကိစ္စရပ်နဲ့ပတ်သက်လို့ အသေးစိတ်သတင်းတစုံတရာထုတ်ပြန်ထားခြင်းမျိုးတော့မရှိသေးပါဘူး။