မန္တလေးတောင်အဆင်းလမ်းမှာ ကားတစီး တောင်အောက်ပြုတ်ကျပြီး ၁၇ ယောက် ဒဏ်ရာ ရ

ဇန်နဝါရီ ၉ – ၂၀၂၅
SS (VOM)
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်နယ်မြေ၊ မန္တလေးတောင်အဆင်းလမ်းကွေ့မှာ မနေ့ ဇန်နဝါရီ ၈ ရက်၊ နေ့လယ်ပိုင်းက ဘုရားဖူးယာဥ်တစီး တောင်အောက် ပြုတ်ကျခဲ့ပြီး ၁၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်းမှ သိရပါတယ်။
အဲဒီဖြစ်စဉ်ဟာ မနေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘုရားဖူးတွေ လိုက်ပါလာတဲ့ လိုက်ထရပ် အဖြူရောင်ယာဉ်တစီး တောင်ပေါ်ကပြန်အဆင်းမှာ ဘရိတ်ပေါက်ကာ တောင်အောက် ပေ ၃၀ အနက်ကို ပြုတ်ကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်မှာ ယာဉ်ပေါ် လိုက်ပါလာသူတွေအနက် အမျိုးသား ခြောက်ယောက်၊ အမျိုးသမီး ၁၁ ယောက်၊ စုစုပေါင်း ၁၇ ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး သေဆုံးသူ မရှိခဲ့ဘူးလို့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“သူတို့က နယ်ကလာတဲ့ ဘုရားဖူးတွေပေါ့။ လူဦးရေကတော့ များတယ်။ ၁၇ ယောက်မကဘူး။ အဲဒီထဲကမှ ဒဏ်ရာရတာက ၁၇ ယောက်ပါ။ မန္တလေးတောင်ပေါ်တက်ပြီး ဘုရားဖူးပြီးပြန်အဆင်း ဒုတိယကွေ့အရောက်မှာ ကားဘရိတ်ပေါက်တယ်ပြောတယ်။ အဲဒါကြောင့် အရှိန်မထိန်းနိုင်ဘဲ အောက်ထဲထိုးကျသွားတာ။ ပေ ၃၀ လောက်ကို ရောက်သွားတယ်။ ကားက လေးဘီးလုံး အပေါ်ထောင်သွားတယ်” လို့ သူက ပြောပါတယ်။
ဒဏ်ရာရသူ ၁၇ ယောက်မှာ သုံးယောက်ကတော့ အနည်းငယ် ဒဏ်ရာပိုပြင်းထန်ပြီး အသက် ၅၀ ဝန်းကျင် အမျိုးသမီးတယောက်ကတော့ အဆိုးဆုံးဖြစ်ကာ ညှပ်ရိုးကျိုး၊ လက်ကျိုး၊ ညာဘက်မျက်လုံး ဖူးယောင်ဒဏ်ရာတွေ ရရှိသွားတယ်လို့ သူက ပြောပါတယ်။
ကိုးနှစ်အရွယ်‌ ကလေးတယောက်ကတော့ လက်ကျိုးသွားပြီး ယာဉ်မောင်းဖြစ်သူကတော့ ရင်ဘတ် အတွင်းဒဏ်ရာ ရရှိသွားတယ်လို့ ဆိုပါတယ်။
“အခုက ကျသွားတဲ့လမ်းမှာ သစ်ပင်တွေရှိလို့ ခံသာသွားတယ်ပြောရမယ်။ သစ်ပင်တွေရှိတော့ ထိန်းထိန်းပြီးတော့ ကျသွားတဲ့သဘောမျိုးဖြစ်တယ်။ အလွတ်ကျရင်တော့ အခြေအနေက တမျိုးပြောင်းသွားနိုင်တယ်။ ဒါကြောင့် ယာဉ်မောင်းတွေအနေနဲ့ သတိပြုသင့်တာက မန္တလေးတောင်အဆင်းလမ်း၊ အဲဒီနေရာရယ်မှ မဟုတ်ဘူး၊ တခြားနေရာတွေမှာရော ဂီယာကြီးနဲ့ ဆင်းဖို့ရယ်၊ တအားကြီး အမြန်နှုန်းနဲ့ ဆင်းတာမျိုးမလုပ်ဘဲ ဖြည်းဖြည်းချင်းဆင်းတာမျိုး လုပ်သင့်တယ်။ နောက်တခုက အဲဒီဘက်လမ်းက တခါတလေ စက်ဘီးတွေလည်း တက်တာမျိုးလုပ်တတ်တယ်။ အဆင်းလမ်းကနေ တက်လာတတ်တယ်။ အဲဒါကြောင့် အန္တရာယ်ရှိနိုင်တယ်။ ဆင်ဆင်ခြင်ခြင် မောင်းနှင်ကြဖို့လိုပါတယ်” လို့ သူက ပြောပါတယ်။
အဲဒီ အခင်းဖြစ်ပွားရာနေရာကို အောင်မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ နန်းတော်ရှေ့ လူမှုကူညီရေး၊ နှလုံးလှ လူမှုကူညီရေးအသင်းဝင်တွေ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူတွေကို အသင်းယာဥ်တွေနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံ – ဟန်မြင့်မိုရ် ကားလမ်းပိုင်း၊ ဒေသအခေါ် စခန်းကြီးအတက်အနီး ပေ ၃၅၀ ခန့်နက်တဲ့ ချောက်ထဲကို ဘုရားဖူး မီနီဘတ်စ်ယာဥ်တစီး ထိုးကျမှုဖြစ်ပွားခဲ့ပြီး ခုနစ်ယောက် သေဆုံးကာ ၁၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ရွာငံ – မန္တလေးလမ်းပိုင်း၊ ကီလိုမီတာ အမှတ် ၄၆ . ၅ အနီး၊ ဒေသအခေါ် ကြေးတွင်းကွေ့မှာ ဘုရားဖူးကားတစီး အရှိန်လွန်ကာ ချောက်ထဲကျရာမှ သက်တော် ၆၀ ခန့် ကျောင်းထိုင်ဆရာတော်တပါး ပျံလွန်တော်မူခဲ့ပြီး လိုက်ပါလာသူ ၂၈ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW