မော်လူးမြို့ လေကြောင်းတိုက်ခိုက်မှု သုံးယောက်သေပြီး ဒဏ်ရာရတာတွေရှိ

ဇန်နဝါရီ ၁၇ -၂၀၂၅
GG (VOM)
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့မှာ ဇန်နဝါရီ ၁၆ ရက်နေ့ညပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး လူသုံးယောက်သေဆုံးခဲ့သလိုထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။
မနေ့က ညပိုင်း ၁၁ နာရီခွဲကျော်လောက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး စည်ပင်ရုံးနဲ့မြမာလာရပ်ကွက်ထဲကို ဗုံးကျရောက်ခဲ့ကာ လူသေဆုံးခဲ့သလို အဆောက်အဦတွေလည်းပျက်စီးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။
“ဟဲနုတပ်ကုန်းအောက်က စည်ပင်ရုံးပေါ်ကျတယ်။နောက်ပြီး မြမာလာရပ်ကွက်ထဲကျတယ်။အခုသိရသလောက်သုံးယောက်သေတယ်။ဒဏ်ရာရတာလည်းရှိတယ်။ အိမ်တွေလည်းပျက်စီးတာရှိတယ်။ဗုံးက ကြဲတာလေးလုံးလောက်ရှိတယ်။ကျဲချိန်က ကျွန်တော်တို့လည်းဝပ်နေရတာ။ဘယ်နေရာကြဲမှန်းမသိဘူး။ဒီနေ့မှ နေရာရော၊သေတာရော ကြားရတာပေါ့။” လို့ ဒေသခံကပြောပါတယ်။
လက်ရှိမော်လူမြို့ကို ဝင်ရောက်ခွင့်ယာယီပိတ်ထားပြီး မြို့ကနေ ထွက်ခွာခွင့်တော့ပြုထားကြောင်း၊ စစ်ရှောင်ကြသူအနည်းစုလည်းရှိနေပြီး မြို့မှာတော့ ဖုန်းဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတယ်လို့သိရပါတယ်။
၂၀၂၄ ခုနှစ်ဒီဇင်ဘာလ တုန်းကလည်း မော်လူမြို့နယ်မှာလေကြောင်းတိုက်ခိုက်ခံရပြီးမော်လူးတိုက်နယ်ဆေးရုံရှိ အဆောက်အဦအချို့ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
မော်လူးမြို့ကိုတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာNUG လက်အောက်ခံ PDF တွေက သိမ်းပိုက်ခဲ့တာဖြစ်လို့ ခုဆိုရင် မော်လူး မြို့ကို NUG ထိန်းချုပ်နေတာ တနှစ်ကျော်ရှိပြီဖြစ်တယ်လို့သိရပါတယ်။
မနေ့က ဇန်နဝါရီ ၁၆ ရက်နေ့ညပိုင်းမှာ NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းထဲကပဲလား ခမ်းပတ်မြို့မှာလည်းလေကြောင်းတိုက်ခိုက်မှုခံခဲ့ရပြီး လူခြောက်ယောက်သေဆုံးကာ အိမ်၂၀ထက်မနည်းပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW