မြိတ်မှာ နေအိမ်သုံးလုံးမီးလောင်ပြီး လူတယောက်ပါမီးလောင်သေဆုံး

ဇန်နဝါရီ ၁၈ – ၂၀၂၅
GG (VOM)
တနင်္သာရီတိုင်း ၊မြိတ်မြို့နယ်၊ အလယ်ကျွန်းရပ်ကွက် ၊ မင်္ဂလာလမ်းသွယ်မှာ ဇန်နဝါရီ ၁၈ ရက်ဒီကနေ့မနက်အစောပိုင်းက နေအိမ်သုံးလုံး မီးလောင်ခဲ့ပြီး အမျိုးသားတယောက်မီးလောင်သေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့ကသိရပါတယ်။
မီးလောင်မှုက မနက်၃ နာရီခွဲလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်ချိန် မိနစ်၁၀ လောက်သာရှိခဲ့ပြီး မီးငြိမ်းသွားချိန် မီးလောင်နေအိမ်တွေကို ရှင်းလင်းရေးလုပ်ချိန်မှာ မီးလောင်သေဆုံးနေတဲ့အမျိုးသားကိုတွေ့ရှိရတာဖြစ်တယ်လို့သိရပါတယ်။
” ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာမသိရသေးဘူး။စုံစမ်းနေတုန်းပါ။” လို့သေဆုံးအမျိုးသားနဲ့ပတ်သက်ပြီးမြိတ်ခရိုင်မီးသတ်ဌာနမှတာဝန်ရှိသူကပြောပါတယ်။
လက်ရှိမှာ မီးလောင်သေဆုံးခဲ့တဲ့ သေဆုံးအမျိုးသားနဲ့ပတ်သက်လို့ အသေးစိတ်မသိရှိရသေးသလို မီးစတင်လောင်ကျွမ်းတဲ့အခြေအနေနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးလည်း မသိရသေးဘူးလို့သိရပါတယ်။
” လူသေမှန်းကိုမသိကြဘူး။မီးငြိမ်းလို့ရှင်းကြလင်းကြမှ အလောင်းတွေ့ရတာ။အဲဒီတော့မှသိကြတာ။မီးကလောင်ထားတော့ဘယ်သူဘယ်ဝါသေချာမသိရဘူးဖြစ်နေတာပေါ့။ခုတော့ဆေးရုံပို့ထားကြတယ်။”လို့ ဒေသခံကပြောပါတယ်။
အဆိုပါမီးလောင်မှုကိုတော့ မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး သန္ဓေတပ်ဖွဲ့ဝင် အယောက် ၄၀ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အယောက် ၉၀ ၊ တပ်မတော်သား ၁၄ ယောက်၊
ကြက်ခြေနီ တပ်ဖွဲ့ဝင် ၁၂ ယောက် ၊ ရဲတပ်ဖွဲ့ဝင် ၁၃ယောက် တို့နဲ့အတူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ပူးပေါင်းမီးငြှိမ်းသတ်ခဲ့တာဖြစ်တယ်လို့မီးသတ်ဌာနမှသိရပါတယ်။
မီးလောင်မှုအတွင်း ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ် ယာဉ်(၄)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၂)စီး၊ အရန်မီးသတ်စခန်းမှမီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၆)စီး၊ ပုဂ္ဂလိကရေသယ် ယာဉ်(၅)စီး၊ လူမှုရေးအသင်းများမှလူနာတင်ယာဉ်(၁၂)စီးအသုံးပြုခဲ့တယ်လို့လည်းသိရပါတယ်။
ဇန်နဝါရီ ၁၁ ရက်ကလည်း မြိတ်မြို့ရဲ့ တဖက်ကမ်းမှာရှိတဲ့ ပထော်ကျေးရွာမှာ လူ နေအိမ်သုံးလုံး မီးလောင်ခဲ့တယ်လို့သိရပါတယ်။
Photo – မြိတ်ခရိုင်မီးသတ်ဌာန

Related posts

Leave a Comment

VOM News

FREE
VIEW