ဇန်နဝါရီ ၁၉ – ၂ဝ၂၅
KKO(VOM)
ယာယီနေရပ်စွန့်ခွာနေကြရတဲ့ စစ်ဘေးရှောင် ပြည်သူတွေကိုထောက်ပံ့မှုတွေပြုလုပ်ပေးနိုင်ဖို့ စာရင်းကောက်ယူနေတယ်လို့ နစက အစိုးရအဖွဲ့ရဲ့သတင်းထုတ်ပြန်မှုတွေအရ သိရှိရပါတယ်။
ယာယီနေရပ်စွန့်ခွာနေကြရတဲ့ ပြည်သူတွေအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ရန်ပုံငွေ ကနေ လိုအပ်တဲ့ထောက်ပံ့မှုတွေကိုဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့ နစက ဥက္ကဌ က ယခုဇန်နဝါရီ ၁၇ ရက်နေ့က နေပြည် တော်မှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးရန်ပုံငွေကနေ လိုအပ်တဲ့ထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးနိုင်ဖို့ တိုင်းဒေသကြီးနဲပြည်နယ်တွေအလိုက် စာရင်းတွေကိုကောက်ယူ ဆောင်ရွက်နေတယ်လို့လည်းနစက ဥက္ကဌ က ပြောပါတယ်။
ဒါအပြင် နိုင်ငံ့စီးပွားတိုးတက်ရေး၊အခြေခံပြည်သူလူထုတွေရဲ့သက်သာချောင်ချိရေးတို့အတွက် မိမိတို့အစိုးရအဖွဲ့ အနေနဲ့ မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြဖို့ လိုတယ်လို့ နစက ဥက္ကဌ က သူ့အစိုးရ အဖွဲ့ကို တိုက်တွန်းပြောကြားမှုတွေလည်းရှိခဲ့တာဖြစ်ပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ (ISP Myanmar) ကတော့ ‘စစ်ဆင်ရေး ၁၀၂၇’နောက် ပိုင်း စစ်ပြေးဒုက္ခသည်အရေ အတွက်ဟာ ၂ ဒသမ ၇ သန်းကျော် တိုးလာခဲ့တယ်လို့ သူတို့ရဲ့လေ့လာမှုမှတ်တမ်းတခုမှာ ဖော်ပြထားခဲ့ပါတယ်။
အဲဒီ ISP Myanmar ရဲ့မှတ်တမ်းတွေအရ ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ ရခိုင်ပြည်နယ်မှာ ၉၈ ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်မှာ ၈၃ ရာခိုင်နှုန်း၊ ကချင်ပြည်နယ်မှာ ၈၂ ရာခိုင် နှုန်း၊မန္တလေးတိုင်းမှာ ၇ဝ ရာခိုင်နှိုင်းနီးပါးနဲ့ တနင်္သာရီ တိုင်းမှာ ၇၉ ရာခိုင်နှုန်းကျော် တိုးလာခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် နိုင်ငံ့တဝှမ်းမှာ ဖြစ်ပွားနေတဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် နေရပ်ဒေသအသီးသီးကိုစွန့်ခွာ စစ်ဘေးရှောင်လာကြသူတွေဟာလည်း ဒုနဲ့ဒေးဆိုသလို အများအပြားရှိနေပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် အဓိက လိုအပ်ချက်က စားနိရိက္ခာနဲ့ ဆေးဝါးဖြစ်တယ်လို့ စစ်ဘေးရှောင်အရေး ကိစ္စရပ်တွေကိုကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။
“စစ်ရှောင်တွေကယခင်ကထက်ပိုများလာတယ်။လက်ရှိအခြေအနေတွေကမရှောင်လို့လည်းမရတော့ဘူးလေ။ ယခင်ထက်ပိုပြီးစစ်ရှောင် တွေကအများကြီးဖြစ်လာတယ်။အများကြီးလည်းဒုက္ခရှိပါတယ်။စားနိပ်ရိက္ခာအတွက် အခက်အခဲတွေရှိတယ်။အတော်လေးဒုက္ခ ရောက်ကြတာကိုတွေ့ရတယ်။စစ်ရှောင်လာရပြီဆိုထဲက မိမိတို့ရဲ့နေရပ်ကိုစွန့်လာရတာလေ၊အိုးမပါ၊ခွက်မပါ၊စောင်မပါနဲ့ ဒီလောက်ဆောင်းရာသီမှာ နေစရာကမရှိနဲ့ စစ်ရှောင်လို့ ပြောကတည်းက ကိုယ့်အိမ်မှာနေလို့မရတော့ဘူးပေါ့။စားရမဲ့၊သောက်ရမဲ့ စစ်ရှောင်မိသားစုတွေလည်းအများကြီးရှိတာကိုတွေ့ရတယ်”လို့ ရခိုင်စစ်ဘေးရှောင်အရေးကူညီ ဆောင်ရွက်ပေးနေသူတယောက်က VOM ကို ပြောပါတယ်။
အဲဒါအပြင် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင် ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ မန္တလေး တိုင်းတို့မှာ စစ်ဘေးဒုက္ခသည်အရေ အတွက်ဟာ စံချိန်တင်တိုးလာခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ဘေးရှောင်အရေးကူညီ ဆောင်ရွက်ပေးနေသူတွေရဲ့ ပြောကြားမှုတွေအရ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးဖို့ ငွေကြေးမလုံလောက်တာတွေ တချို့အကူအညီပေးရေးဆိုင်ရာတွေမှာ ကန့်သတ်အချို့ရှိနေတာတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေကို ထိထိရောက်ရောက်မကူညီနိုင်တာမျိုးတွေလည်းရှိနေတယ်လို့ သိရပါတယ်။
“ဒီမှာဆို တနေ့ကို ဆန်သုံးအိတ်လောက်ကုန်တယ်။ဒါက ရေရှည်မှာမလွယ်ဘူးပေါ့။ဟင်းစားကလည်း အလှူရှင်ရှိရင် ရှိသလို၊မရှိရင်လည်း ဖြစ်သလိုလေးစားရတာပေါ့။တချို့ စစ်ရှောင်တွေကျပြန်သွားကြတာရှိ သလို၊တချို့လည်း စစ်ရှောင်စခန်းကို ပြန်ပြန်ရောက်လာကြတာရှိတယ်။စားနပ်ရိက္ခာကရေရှည်မှာတော့ လိုအပ်ချက်အများကြီးရှိပါတယ်”လို့ စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်တွေကိုကူညီစောင့် ရှောက်ပေးနေသူ တယောက်က ထပ်လောင်း ပြောပြပါတယ်။
ဒါ့အပြင် ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ စစ်ဘေးရှောင်လာကြတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့နေရပ်ဒေသကို ဘေးကင်းလုံခြုံစွာ ပြန်နိုင်ဖို့ဆိုတာ ဒီနေ့အချိန်ကာလအထိတော့ ဖြစ်နိုင်ခြေမရှိသေးဘူးလို့ မှတ်ချက်ပြုထားပါတယ်။
ဒါအပြင် နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့ ပြည်တွင်းစစ်ရေးကိုလေ့လာအကဲဖြတ်သူတွေရဲ့သုံးသပ်မှုတွေအရ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းဖို့အတွက်က အချိန်ကာလတခုအထိ စောင့်ရအုံးမှာဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်အချို့မှာ နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာမှုတွေဟာ ယနေ့အချိန်အထိရှိနေတယ်လို့ ခန့်မှန်းသုံးသပ်ထားကြပါတယ်။
Photo – CJ
ပုံစာ – စစ်ဘေးရှောင် ပြည်သူအချို့ကို တွေ့ရစဉ်။