တစ်ခါလာလဲ မန္တလေးပဲလား

 

 

ဆူးငှက်

 

ကုန်လွန်ခဲ့သော ဆယ်စုနှစ် ၂စုကျော် ၂၀၀၀ခုနှစ် နိုဝင်ဘာလဆန်းရက်က မန္တလေး-လားရှိုးလမ်းမကြီးဘေး အောင်ချမ်းသာရွာစွန်ရှိ ဘုန်းကြီးကျောင်းတွင် ကထိန်ခင်းရန် ၂ညအိပ် ရောက်ရှိကြသည်။ ကျွန်တော်တို့ တည်းခိုကြသည့် ဘုန်းကြီးကျောင်းကလေးက ၂ပင် ၄ခန်းလောက်ပဲ ရှိမည်။ ခေါင်းရင်းတစ်ခန်းမှာ ဘုရားစင်အုတ်ပလ္လင်က နေရာ ယူထား၏။ “ပန်းစိုက်မြေ”မို့ ငွေ ပန်းစိုက်အိုးကြီးတွေမှာ ပန်းရောင်စုံနှင့် ကြည်နူးစရာကောင်းလှသည်။ ဆီမီးကိုးတိုင်ကား မနေ့က တစ်နေ့ခင်းလုံး၊ မနေ့ကတစ်ညလုံး၊ အခု မနက်ခင်းအထိ မီးမပြတ်ဘဲ ယိမ်းနွဲ့လင်းလက်။ ကြွေအိုးလေးများမှ အမွှေးတိုင် ရနံ့တို့လည်း ကြိုင်လှောက်နေသည်။ အုန်းပွဲ၊ ငှက်ပျောပွဲများကား ဆင်းတုတော်တိုင်းရှေ့တွင် စိမ်းစို ဝင်းဝါလျက်။

 

 

သင်္ကန်းကပ်ဖို့အချိန်က စောသေးသည်။ တချို့လည်း လမ်းလျောက်ထွက်ကြ၊ လက်ဖက်ရည်သောက် ထွက်ကြ၊ ကျွန်တော်တို့သာ ဝီရိယကြီးစွာ မနက်မလင်းခင်ကတည်းက မှောင်ကြီးမည်းမည်း ပိုးမကြောက်၊ မွှားမကြောက် လက်ဖက်ရည် တစ်ခွက်အတွက် ရသတဏှာနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့ကြ။

 

 

ကျွန်တော်တို့ အပြင်သွားတုန်း ကလေးတွေက ကထိန် လှူဖွယ်ပစ္စည်းတွေ ခင်းကျင်းပြီးကြလေပြီ။ ကျွန်တော်တို့ က စကားပြောဖို့၊ သူတို့က လက်တွေ့သမား ။

 

 

မိတ်ဆွေစာကြည့်တိုက်မှူးက ကျွန်တော်နှင့် ဆရာ အယ်ဒီတာ နဘေးဝင်ထိုင်သည်။ ကျွန်တော်က ငှဲ့လက်စ ရေနွေးကြမ်း ပန်းကန်ပူပူကို တဖူးဖူးမှုတ်သောက်နေသည်။ လမ်းလျှောက် ပြန်လာလို့ အနည်းငယ် နွေးသယောင်ရှိခဲ့ သော်လည်း ရာသီဥတုက စိမ့်နေသေးသည်။ လေကလေးက ဝှေ့လေသေးသည်သမို့ မြောက်ဘက် ညောင်ပင်ကြီးဆီက ညောင်ရွက် မိုးလည်း ဖြိုးဖြိုးဖြောက်ဖြောက်ရွာ၏ ။

 

“စကားဆက်ဦးမယ်ဗျာ ”

 

စာကြည့်တိုက်မှူးက ရေနွေးကြမ်းပန်းကန်ကို ဥပက္ခာပြု ပြီး စကားစကို ပြန်ဆက်သည်။ ဟုတ်တော့လည်း ဟုတ်သည်။ ကျွန်တော့်ကို အမိဖမ်းဖို့က မလွယ်။ ကျွန်တော်က အလွန်အလုပ်များချင်ယောင်ဆောင်သည်။ အတော် အပျင်းထူသည်။ ပျက်ကွက် လိုက်သည့် လူမှုရေးကလည်း ရစရာပင်မရှိတော့။ အခုကြုံတုန်း အခိုက်ပြောစရာဆိုစရာရှိတာ ပြောပါဆိုပါမှ။ သည်လို လူစားမျိုး။ ဒါကို မကြုံမဆုံဖူးသော်လည်း ကြားဖူးနားဝနှင့် နောကြေနေပုံရသည့် စာကြည့်တိုက်မှူးက အမိအရဖမ်းသည့် သဘော။

 

“ခင်ဗျားကို မေးမယ်၊ ဒုတိယမေးခွန်းက ခင်ဗျားဟာက သူများပြောလည်း ပြောစရာပဲ။ တစ်ခါလာလည်း မန္တလေး၊ တစ်ခါ လာလည်း မန္တလေး နဲ့ မန္တလေးကကိုမထွက်တော့ဘူး။ ဒီမှာ ကိုယ့်လူ၊ ခင်ဗျား “မန္တလေး”တွေကို မန္တလေး သားတွေ ကိုယ်တိုင်က ငြီးငွေ့နေပြီဗျ။ အဲဒါခင်ဗျားသိရဲ့လား ။”

 

သည်တစ်ခါတော့ စာကြည့်တိုက်မှူးက ရင်းနှီးသွားလို့ ပိုမိုပွင့်လင်းလာသည့် သဘောဖြစ်သည်။ ဒါမှမဟုတ် တွေတုန်း ပြောစရာရှိတာပြောမှ ဟူသောအကြံနှင့်လည်း ဖြစ်မည်။ ကျွန်တော်က သောက်လက်စ ရေနွေးကြမ်းပန်းကန်ကို ချလိုက်ရ တော့၏။ မိုးကြိုးပစ်ရာ ထန်းလက်နှင့်တော့ ကာရတော့မည်။ အနားမှာ ထန်းလက်မပြောနှင့် စက္ကူယပ်တောင်မျှပင် မမြင် ။

 

“ကျွန်တော်ဝန်ခံပါတယ်ဆရာ၊ တတိယလှိုင်းတွေ ရောက်လိုက်၊ ဂလိုဘယ်တွေရွတ်လိုက်၊ ဟော . . အခု ကမ္ဘာကြီး ပြားလိုက် ဖြစ်နေချိန်မှာ မန်းတောင်လက်ျာနဲ့ စံရာတောင်ကျွန်း လောက် အလွမ်းသယ်နေတာ ဝန်ခံပါတယ်။ ဒါပေမယ့် ကျွန်တော် ကလည်း ကျွန်တော့ခံစားချက်နဲ့ ကျွန်တော်ပါ ဆရာ။ မန္တလေးမှာ အထင်ကရတွေရှိမယ်။ မြင်သာထင်သာ ရုပ်ဝတ္တုတွေပဲဆိုပါစို့။ လူပုဂ္ဂိုလ်တွေ ရှိခဲ့မယ်။ အဆောက်အဦးတွေ ရှိခဲ့မယ်။ လမ်းတွေ ရှိခဲ့မယ်။  လူပုဂ္ဂိုလ်ဆိုပါတော့ မန္တလေးသူ မန္တလေးသား ဦးဘယ်သူ ဒေါ်ဘယ်ဝါက ပွဲစားကြီး ပွဲကတော်ကြီး ကျောင်းဒကာကြီး၊ ကျောင်းအမကြီး မျှသာဆိုရင် ဘာမှမထူးခြားပါဘူး။ ဒါပေမယ့် သူတို့က တောနေ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ မြို့ရောက်လာပြီး သမ္မာအာဇီဝနဲ့ ကြီးပွားသွားပြီ။ ဆေးလိပ်သမ သောင်းဂဏန်းနဲ့ အပ်ချုပ်စက်အလုံးပေါင်း ထောင်ချီပြီးချုပ်ရတဲ့ သင်္ကန်းတိုက်ကြီးဖြစ်သွားပြီဆိုရင် ထူးပြီ။ ဒီနောက် တစ်ဧကပတ်လည်မှာ ၃ပေထု ၂ထပ်တိုက်ကြီး တွေနဲ့၊ သရက်ကင်း လှေကားကြီး ၆စင်းနဲ့ ဘုန်းကြီးကျောင်းတိုက်ကြီးတွေ လှူဒါန်းပြီ။ ချွေးနှဲစာနဲ့ တစ်မြို့လုံး သစ်ပင်လေးပျိုး ကိုယ်တိုင် တူရွင်းထမ်း၊ ရေပုံးထမ်းပြီး တစ်မြို့လုံး သစ်ပင်တွေထောင်ဂဏန်း နီးပါးစိုက်ရင် ပိုပြီးထူးခြားလာပြီ။ ကိုင်း ဒီအထဲကပဲ မြန်မာဂီတ၊ ကမ္ဘာဂီတ၊ ကမ္ဘာ့ဂီတကို ခြောက်ခြောက်ခြားခြား တက်မြောက်ပြီး၊ မြန်မာ ဆင်ဖိုနီသြဂတ်စတြာဆိုတာကို အငတ်ခံ အသက်စွန့်ခံပြီး ဆောင်ရွက်နိုင်ခဲ့ရင် သိပ်ထူးခြားလာပြီ။ ဒါမှမဟုတ် မြန်မာ့နိုင်ငံရေး သမိုင်းမှာတစ်ခန်းတစ်ကဏ္ဍ ပါဝင်ခဲ့သူ၊ အသက်စွန့်ခဲ့သူ၊  ဒါမှမဟုတ် သေနတ်ကြားမှာ နယ်ချဲ့ကို အာခံရဲတဲ့ ရဟန်းနှင့် ပြည်သူတွေကို အပျိုမတန်မဲ့ သောက်ရေအိုးရွက်ပြီး ကူညီခဲ့တာမျိုးဆိုလည်း မဖော်ထုတ်သင့် ဘူးလား။ ဒါတွေ မန္တလေးမှာ အများကြီး။ တစ်နေ့ မနေ့ကအထိ ရှိဆဲပါ။ ကျွန်တော်တို့ မျိုးဆက်အောက် နောက်မျိုးဆက်မှာ ကြောက်စရာ ကောင်းလောက်အောင် မသိကြတော့ဘူးဆရာ။ သူတို့စိတ်ဝင်စား တာ သူတို့သိတာ“ပြင်ပလေ”မဟုတ်တော့ဘူး၊ အဲယားကွန်းခန်း က ဖန်သားပြင် ။

 

ကဲ အဆောက်အဦးပဲကြည့်။ ဒါဟာ ကိုလိုနီခေတ်က ကုန်တိုက်၊ ကုမ္ပဏီ၊ ဘယဆေးဆိုင်၊ ဒါဆိုဘာမှ မထူးဘူး။ သတင်းစာတိုက်၊ ဖ.ဆ.ပ.လ ရုံးချုပ်၊ မတ်လ(၈)ရက်မှာ ဂျပန်ကို ကနဦးစစ်ကြေငြာခဲ့တဲ့ ဗိုလ်ဗထူးရုံးဆိုရင် သိပ်ကိုထူးခြား သွားပြီ။ ကဲ မပြောသင့်ဘူးလားဆရာ။ အာဇာနည်လမ်းဆိုတာ ဘာကြောင့်တွင်တယ်ဆိုတာမပြောပါနဲ့ ဒီကနေ့ အာဇာနည်လမ်း ဆိုရင်တောင် မသိသူများနေပြီလေ ။ ဒါတွေမပြောသင့်၊ မရေးသင့်ဘူးလား ။

 

အပြောင်းအလဲသိပ်မြန်နေတဲ့ အချိန်မှာ မနေ့ကကိစ္စ ကပဲ မှတ်တမ်းတင်ရမယ့် အဖြစ်အပျက်ဆိုတာ ဆရာတို့က ပိုပြီး လက်ခံမှာပါ။ ကျွန်တော် မန္တလေး မန္တလေး မန္တလေး ဆိုတာ အဲဒီမှတ်တမ်းတွေပါ။ မန္တလေး မည်ကာမတ္တမျှပဲ စာဖတ်သူက သိမှတ်သွားတယ်ဆိုရင် ကျွန်တော့ အားထုတ်မှု ညံ့ဖျင်းတာနဲ့ အနုပညာအားနည်းမှုကြောင့်ပါ။ ဒါပေမယ်ဆက်ပြီး “မန္တလေး”ကို ရေးနေဦးမှာပါ။ ရုပ်ဝတ္ထုအပြောင်းအလဲတောင် ရေးရမှာတွေ ကျန်သေးတာ မဟုတ်လား။ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေဆို အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်။

 

မိတ်ဆွေ စာကြည့်တိုက်မှူးက ကျွန်တော့်ကို ပြုံးကြည့် နေသည်။ ဆရာအယ်ဒီတာက မန္တလေးသားမို့ တစ်စုံတစ်ရာခံစား သဘောပေါက်နေပုံရ၏ ။ တုံ့ဆိုင်းရီဝေ။

“ဘာပဲပြောပြောဗျာ၊ ခင်ဗျားတို့ ရေးသင့်တယ်ထင်လို့ ရေးတာပဲ။ ဒါပေမယ့် သိပ်ပြီး မကျဉ်းမြောင်းစေချင်ဘူးဗျာ။ ဒေသစွဲ မဆန်စေချင်ဘူးဗျာ။ အဲဒီဘက် ရောက်သွားမှာ စိုးတာပါ။”

 

စာကြည့်တိုက်မှူးက ချိန်ချိန်ဆဆ ဝေဖန်လိုက်ခြင်း ဖြစ်၏ ။

 

ဟုတ်သည်။ ကျွန်တော်တို့မှာ မောင်ရှင်လောင်း တုန်းက ရွှေထီးပဲ တသသလုပ်မိကြတာ များကောင်း များနေမည်။ အခု နေပူမှာ ဖိနပ်မပါ။ ရေဗူးမျှပင်မပါ။ ဒီအပူကို မျှဝေနိုင်မှု အားနည်းနေတာ သေချာသည်။ ကျွန်တော်လည်း တော်တော်လေး နှုတ်ဆိတ်ငြိမ်သက်သွား၏ ။ ကျွန်တော်သာမက သုံးဦးသား၊

 

ဆူးငှက်

#voiceofmyanmar #VOM # ဆူးငှက် #တစ်ခါလာလဲမန္တလေးပဲလား

Related posts

Leave a Comment

VOM News

FREE
VIEW